ရွှေတြိဂံ ကာစီနိုဘုရင်က မဲခေါင်မြစ် ဆိပ်ကမ်းသစ်မှာ ရင်းနှီးမြှုပ်နှံ


21 December, 2020

မဲခေါင်မြစ်ကမ်းမှာ တည်ဆောက်မည့် အပြည်ပြည်ဆိုင်ရာကုန်တင်ဆိပ်ကမ်းသည် မြန်မာနိုင်ငံအရှေ့ပိုင်းရှိ

သူပုန်များထိန်းချုပ်ထားသည့်ဇုန်များနှင့် Zhao Wei ၏လောင်းကစားရုံအင်ပါယာကို ချိတ်ဆက်ပေးသော မှောင်ခိုလမ်းကြောင်းများကို အားသွင်းပေးလိမ့်မည်။

တားမြစ်ပိတ်ဆို့ဒဏ်ခတ်ခံထားရသော တရုတ်လောင်းကစားရုံ လုပ်ငန်းရှင်သည် လာအိုနိုင်ငံရှိ မဲခေါင်မြစ်ကမ်းတွင် တည်ရှိနေသော ရွှေတြိဂံလောင်းကစားနှင့်ခရီးသွားလုပ်ငန်းနှင့်ကပ်လျက်ရှိသည့် နိုင်ငံတကာဆိပ်ကမ်းအသစ်ကို တည်ဆောက်ရာ၌ ရင်းနှီးမြှုပ်နှံမှုများ ပြုထားသည်။

ဒေါ်လာသန်း ၅၀ တန် ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်မှုအတွက် ပန္နက်တင်သည့် အခမ်းအနားကို အောက်တိုဘာ ၃ ရက်က ကျင်းပခဲ့ရာတွင် Kings Romans Group ၏ဥက္ကဋ္ဌဖြစ်သူ Zhao Wei သည် လာအိုဒုတိယ၀န်ကြီးချုပ် Bounthong Chitmany နှင့် အတူ တက်ရောက်ခဲ့ကြောင်း ဒေသခံသတင်းမီဒီယာများကဖော်ပြခဲ့သည်။

Zhao နှင့် Kings Romans သည် ရွှေတြိဂံအထူးစီးပွားရေးဇုန် (Golden Triangle Special Economic Zone - GTSEZ) ကို ထိန်းချုပ်ထားပြီး မြန်မာ၊ လာအိုနှင့်ထိုင်းနိုင်ငံနယ်နိမိတ်ချင်းထိစပ်နေသော မဲခေါင်မြစ်တလျှောက် စွန်ပလွံပင်များ ဝန်းရံစိုက်ပျိုးထားသည့် ကြီးမားသော ရွှေသရဖူ အမိုးအောက်မှ Kings Romans Casino လောင်းကစားရုံနှင့် ခရီးသွားလုပ်ငန်းကို လုပ်ကိုင်လျက် ရှိည်။
GTSEZ သည် မာကာအိုမှတစ်ပါး အခြားနေရာတိုင်းတွင် လောင်းကစားခြင်းကိုပိတ်ပင်ထားသော တရုတ်နိုင်ငံမှ လောင်းကစားလိုသူများနှင့် အလည်အပတ် ခရီးထွက်ကြသူများကို ဆွဲဆောင်ရန်အတွက် ထူထောင်ထားခြင်းဖြစ်သည်။

အကောင်အထည်ဖော်မည့် စီမံကိန်းမှာ လာအိုနိုင်ငံပိုင်နက် ဖြစ်သော လာအိုနှင့်မြန်မာအကြား မဲခေါင်မြစ်ကမ်းတွင် တည်ရှိသည့် Ban Mom တွင် အပြည်ပြည်ဆိုင်ရာမြစ်ကြောင်း ဆိပ်ကမ်းအသစ်ကို တည်ဆောက်လိမ့်မည်။

GTSEZ တည်ရှိသော Bokeo ပြည်နယ်မှ အရာရှိတစ်ဉီးက ထုတ်ဖော်ပြောကြားခဲ့သည်မှာ Zhao သည်ဆိပ်ကမ်းသစ်၏ အဓိကရင်းနှီးမြှုပ်နှံသူ Osiano Trading Sole Co. , ၏ပိုင်ရှင်ဖြစ်ကြောင်းကို အတည်ပြုခဲ့သည်။
ဗီယက်နမ်၊ လာအိုနှင့်ထိုင်းနိုင်ငံတို့မှ ကုမ္ပဏီများက စီမံကန်းတွင် အကျိုးတူပူးပေါင်းလုပ်ကိုင်ခြင်းမှ နုတ်ထွက်ကြပြီးသောအခါ ရင်းနှီးမြှုပ်နှံမည့်သူ လိုအပ်နေချိန်တွင် Zhao က စီမံကိန်းကို တရားဝင် လွှဲပြောင်းယူခဲ့သည်။ ဆိပ်ကမ်းသစ် စီမံကိန်းသည် ကိုးနှစ်ကြာမြင့်မည်ဖြစ်ပြီး တရုတ်မှ စီးဆင်းလာသည့် မြစ်ကြောင်းကုန်များကို အများအားဖြင့်ကိုင်တွယ်လိမ့်မည်။

Zhao သည် အာရှကာစီနိုစီးပွားရေးကိုသာ ဇောက်ချလုပ်ကိုင်သူ ဖြစ်သည်။ စစချင်းတွင် လောင်းကစား တရားဝင် ခွင့်ပြုထားသည့် မာကာအိုတွင် လုပ်ကိုင်ခဲ့သည်။ ထို့နောက် ရွှေတြိဂံနယ်မြေထဲမှ မြန်မာပိုင်နက်တွင် တည်ရှိသော မုံလမြို့တွင် လုပ်ကိုင်သည်။

၂၀၀၇ ခုနှစ်တွင် လာအိုအစိုးရက Zhao ကို မဲခေါင်မြစ်ကမ်းတစ်လျှောက်ရှိ မြေဧရိယာ ၁,၀၀၀ ဟက်တာအား ၉၉ နှစ် အငှားစာချုပ်ဖြင့် ငှားရမ်းခဲ့သည်။ သူ့ကို ဒေသခံတို့က 'အင်ပါယာရှင်'ဟု ခေါ်ဝေါ်ကြသည်အထိ ဩဇာကြီးမားသူ ဖြစ်သည်။ GTSEZ ကို မုံလ မူပွား အဖြစ် ထူထောင်လုပ်ကိုင်သည်။

Kings Romans သည် ထိုင်းနိုင်ငံရှိ Sop Ruak မြို့မှ မြစ်ကူးလာလျှင် ဆိုက်ရောက်သည့်နေရာဖြစ်သော ဆိပ်ကမ်းငယ်နှင့် ခရီးသည်အဆောင်တို့ကို ထိန်းချုပ်ထားသည်။ မြစ်အထက်ဘက်တွင် တည်ဆောက်မည့် ဆိပ်ကမ်းသစ်သည် ပိုကြီးမားသာ ကုန်စည်ကူးသန်းမှုများကို ကိုင်တွယ်ပေးနိုင်မည် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် တရားမဝင် ကုန်သွယ်ရေးကိုလည်း အထောက်အကူ ဖြစ်နေမည် ဖြစ်သည်။ မဟာမဲခေါင် ဖွံ့ဖြိုးရေး အစီအစဉ်တွင် Ban Mom မြစ်ဆိပ်ကမ်းသည် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား မြစ်ကြောင်းဖြင့် ကုန်စည်ကူးသန်းမှုများအတွက် စစ်ဆေးရေးဂိတ်တစ်ခုအဖြစ် လုပ်ကိုင်မည် ဖြစ်သည်။ အထူးသဖြင့် ထိုင်းနိုင်ငံရှိ Chiang Saen Port မှ တင်ပို့သော ရေကြောင်းကုန်စည်များ စစ်ဆေးပေးသည့် နေရာ ဖြစ်လာမည်။ လဝက၊ အကောက်ခွန်တို့ ထားရှိမည်ဖြစ်ပြီး သိုလှောင်ရုံများလည်း ရှိမည်။ ကုန်တင်ကုန်ချရန်အတွက် ယန္တယားများလည်း ရှိမည် ဖြစ်သည်။

 

Institution Read 346 times