လမ်း၊တံတားဖောက်လုပ်ခြင်း အပါအဝင် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းပေါင်း ၅၄၇ ခု ဆောင်ရွက်ရန်ရှိ


22 December, 2020

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တွင် နယ်စပ်ရေးရာဝန်ကြီးဌာန အနေဖြင့် နယ်စပ်ဒေသ ဖွံံ့ဖြိုးရေးလုပ်ငန်းပေါင်း ၅၄၇ ခု ဆောင်ရွက်သွားရန်ရှိကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းထွန်းညိုက ဆင်ဟွာသို့ ယနေ့ဒီဇင်ဘာ ၁၆ ရက်တွင်ပြောသည်။

“ကျွန်တော်တို့ဝန်ကြီးဌာန အနေနဲ့ ပြည်နယ် ၇ ခု ၊တိုင်းဒေသကြီး ၂ခု နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ၆ ခု မှာ ဒေသဖွံ့ဖြိုးရေးတွေဆောင်ရွက်တယ်။ တိုင်းဒေသကြီး ၂ခုကတော့ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ တနင်္သာရီတိုင်းဒေသကြီးတို့ဖြစ်ပါတယ်။’’ ဟု ၎င်းက ဆိုသည်။ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မည့် ဖွံ့ဖြိုးရေးလုပ်ငန်း ၅၄၇ ခုတွင် လမ်း၊တံတားဖောက်လုပ်ခြင်း၊

စိမ့်စမ်းရေရရှိရေး၊ သောက်သုံးရေရရှိရေး၊ မီးလင်းရေး၊ ကျေးလက်စာသင်ကျောင်းဆောက်လုပ်ခြင်း၊ ဆေးပေး ခန်းတည်ဆောက်ခြင်း အပါအဝင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ “ကျွန်တော်တို့ဝန်ကြီးဌာနက ဆောင်ရွက်ပေးတဲ့လမ်း၊တံတား တွေက ဝေးလံခေါင်ဖျားဒေသတွေမှာ လုပ်ပေးတာပါ။

ချင်းပြည်နယ် တီးတိန်မြို့နယ် အန်းလန်း-မဏိပူရ် မြစ်ကူးကြိုးတံတား တည်ဆောက်ခြင်း လုပ်ငန်း ဆို အခုရာနှုန်းပြည့်ပြီးစီးပါပြီ။ အဲဒီနေရာက တကယ့်ဝေးလံတဲ့နေရာပါ’’ ဟု ၎င်းကဆက်ပြောသည်။ ဒေသခံပြည်သူများတင်ပြသည့်လုပ်ငန်းများ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ မေးခွန်းပေါ်တွင် အခြေခံသည့် ကတိကဝတ်များ၊ နယ်စပ်ရေးရာဝန်ကြီးဌာနရုံးခွဲများ မှ နယ်မြေကွင်းဆင်းခြင်းတို့ မှ တင်ပြချက်တို့ပေါ်မူတည်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအားဆောင်ရွက်ခြင်းဖြစ်ကြောင်း၄င်းက ဆိုသည်။

(Xinhua)

Local Infrastructure and Zones Read 348 times