ထိုင်းနိုင်ငံရဲ့ ကွန်ဒိုအခန်းအသစ်တွေနဲ့ တွဲဖက်ပေးတဲ့ ၅ နှစ် ဗီဇာ စီးပွား


01 January, 2020

ထိုင်းနိုင်ငံမှာ ကိုဗစ်ဖြစ်ပွားမှု နည်းပါးနေပြီး ထိန်းချုပ်ထားနိုင်တာကြောင့် လာရောက်နေထိုင်လိုတဲ့ နိုင်ငံခြားသားတွေအတွက် ၅-နှစ် ဗီဇာ ဈေးနှုန်းကို မြှင့်တင်လိုက်ပြီး ဗီဇာဝင်ငွေ တိုးများအောင် လုပ်ဆောင်လိုက်ပါတယ်။

 

ထိုင်းနိုင်ငံတွင် ၅ နှစ်ဆက်တိုက် နေထိုင်ခွင့်ပြုသည့် ဗီဇာကို လာမယ့် ဇန်နဝါရီလမှ စတင်ပြီး ဗီဇာကြေးကို ၂၀% တိုးမြှင့်သတ်မှတ်မှာ ဖြစ်ပါတယ်။ ကိုဗစ်ကင်းဝေးနေထိုင်ရေးအတွက် ထိုင်းနိုင်ငံမှာ လာရောက်နေထိုင်မယ့် နိုင်ငံခြားသားတွေကို ရည်ရွယ်ပြီး ဗီဇာအစီအစဉ်ကို “ အထက်တန်းလွှာ” ဗီဇာ "elite" visas လို့ အမည်တွင်ပါတယ်။ ၅ နှစ်ဗီဇာကို လျှောက်ထားသူများ များပြားလာနေတာကြောင့် အခုလို ဗီဇာကြေး တိုးမြှင့် သတ်မှတ်ပြီး ဝင်ငွေတိုးအောင် လုပ်ဆောင်လိုက်တာ ဖြစ်ပါတယ်။

 

elite-visa package ကိုးမျိုး စီစဉ်ပေးထားပါတယ်။ ကိုးမျိုးထဲမှ တစ်ခု ဖြစ်တဲ့ Easy Access ဗီဇာကို ဗီဇာကြေး ဘတ် ၆ သိန်း (အမေရိကန်ဒေါ်လာ ၁၉,၈၅၀) သတ်မှတ်ထားပါတယ်။ လက်ရှိဗီဇာကြေးက ဘတ် ၅ သိန်း ဖြစ်ပြီး ဘတ်တစ်သိန်း ဈေးတင်လိုက်တာ ဖြစ်ပါတယ်။

 

Thailand Privilege Card ကုမ္ပဏီ အမြတ်မျှော်မှန်း

 

ထိုင်းခရီးသွားလုပ်ငန်းအာဏာပိုင် Tourism Authority of Thailand လက်အောက်မှ ကုမ္ပဏီဖြစ်တဲ့ Thailand Privilege Card မှာ ၂၀၂၀ ဘဏ္ဍာရေးနှစ် ကုန်ဆုံးတဲ့ စက်တင်ဘာလကုန်မှာ member စုစုပေါင်း ၂,၆၇၄ ဦး ရှိပြီး ယခင်နှစ်ထက် ၂၄.၈ % ပိုများပါတယ်။ အခုလို member လုပ်ထားသူတွေထံမှ member ကြေး ဘတ် ၁.၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅၃ သန်းနီးပါး) ရရှိခဲ့ပါတယ်။ member အသစ်တွေမှာ ၆၀% ကျော်ဟာ Easy Access ဗီဇာ လျှောက်ထားရယူထားကြသူတွေ ဖြစ်ပါတယ်။

 

ယခုနှစ်မှာ ကိုဗစ်ကြောင့် Easy Access လျှောက်ထားရယူသူတွေ ပိုများခဲ့ပါတယ်။ အဓိက အကြောင်းတစ်ခုက ထိုင်းနိုင်ငံမှာ ၅ နှစ်ဆက်တိုက် နေထိုင်ခွင့်ဗီဇာကို ဈေးသက်သက်သာသာဖြင့် ရရှိတယ်လို့ ယူဆကြလို့ ဖြစ်ပါတယ်။ သက်တမ်း ၅ နှစ်ပြည့်တဲ့အခါ ဗီဇာဝယ်ယူထားသူက သက်တမ်း ၅ နှစ် ထပ်တိုးလို့ရတယ်။ ၅နှစ်ထက် ပိုကြာတဲ့သက်တမ်း ရှိတဲ့ ဗီဇာ(ဥပမာ ဘတ် တစ်သန်း ပေးရတဲ့ နှစ် ၂၀ သက်တမ်း elite visa) ကို လျှောက်ထားခွင့်လည်း ရရှိမှာ ဖြစ်ပါတယ်။

 

အထက်တန်းလွှာဗီဇာတွေကို များသောအားဖြင့် တရုတ်နိုင်ငံသားတွေကို ရောင်းချကြပါတယ်။ elite visa ကိုင်ဆောင်သူတွေမှာ အများစုက တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ ဗြိတိန်နဲ့ အမေရိကန် နိုင်ငံသားတွေ ဖြစ်ပါတယ်။ Thailand Privilege Card ထံမှ ၂၀၁၉ ဘဏ္ဍာရေးနှစ်မှာ ဘတ် ၅၅၅ သန်း ရှိခဲ့တယ်။ လက်ရှိလည်း ရောင်းအားတက်နေတာကြောင့် Thailand Privilege Card အနေဖြင့် လာမယ့်နှစ်နှစ်အတွင်း အမြတ်အစွန်းတွေ ရရှိလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

 

Thailand Privilege Card ကုမ္ပဏီအနေဖြင့် ယခု ၂၀၂၁ ဘဏ္ဍာရေးနှစ်မှာ member အသစ် အနည်းဆုံး ၂,၇၀၀ ဦး ထပ်မံရရှိဖို့ ရည်မှန်းချက် ထားရှိပါတယ်။

 

ဘတ် ၁၀ သန်းတန် ကွန်ဒိုအခန်းအသစ်တွေနဲ့ တွဲဖက်

 

“ အထက်တန်းလွှာ” ဗီဇာ ကိုးမျိုးအပြင် နောက်ထပ် တစ်မျိုး ထပ်တိုးဖို့အတွက် အိမ်ရာဖွံ့ဖြိုးရေးလုပ်ငန်းရှင်တွေနဲ့ ညှိနှိုင်းနေပါတယ်။ "Flexible One" လို့ အမည်ပေးထားပြီး ၂၀၂၁ ခုနှစ် ပထမ သုံးလပတ်အတွင်းမှာ ကွန်ဒိုအခန်းအသစ် ဝယ်ယူသူတွေအတွက် elite visa package ဖြစ်ပါတယ်။ ဘတ် ၁၀ သန်းတန် ကွန်ဒိုအခန်းအသစ်တွေ သတ်မှတ်ထားတဲ့ အရေအတွက် ပြည့်မီအောင် ဝယ်ယူသူတွေကို ၅ နှစ်သက်တမ်း residency visa ကို အခမဲ့ ထုတ်ပေးမှာ ဖြစ်ပါတယ်။ အခမဲ့ မဟုတ်ရင်တော့ လျှော့ဈေးဖြင့် ထုတ်ပေးမှာ ဖြစ်ပါတယ်။ ထိုင်း အိမ်ရာဈေးကွက် လျှောကျနေတာကို ဆွဲတင်ပေးဖို့လည်း ရည်ရွယ်ပါတယ်။

 

ဘယ်နှခု ထုတ်ပေးပြီးပြီလဲ

နိုဝင်ဘာလ ပထမပတ် အကုန်အထိ ထိုင်းအာဏာပိုင်တွေက elite visa ၁,၀၀၀ ကျော်ကို ပြည်ပမှာ ထုတ်ပေးထားပြီး ပြည်ဝင်ခွင့်လည်း ခွင့်ပြုပေးထားပါတယ်။ ၂၀၀ ဦး ဝန်းကျင် ထိုင်းနိုင်ငံသို့ ရောက်ရှိပြီး နေထိုင်လျက် ရှိပါတယ်။ elite visa ရရှိသူတွေရဲ့ ၆၀ % ဟာ စက်တင်ဘာလအတွင်းမှာ ရောက်ရှိခဲ့တာ ဖြစ်ပြီး မတ်လထက် နှစ်ဆပိုများခဲ့ပါတယ်။ ထိုင်းနိုင်ငံရဲ့ COVID-19 တိုက်ဖျက် ထိန်းချုပ်ထားနိုင်ခြင်းအပေါ စိတ်ချတဲ့အပြင် ထိန်းချုပ်ထားပုံကိုလည်း နှစ်သက်လို့ ဖြစ်ပါတယ်။

 

Elite visas

၂၀၀၃ ခုနှစ်မှာ Elite visa တွေကို စတင်ထုတ်ပေးခဲ့ပြီး အသားတင်တန်ဖိုး မြင့်မားတဲ့ သူဌေးတွေ ထိုင်းနိုင်ငံမှာ တစ်သက်တာ နေထိုင်ခွင့် ပေးတဲ့သဘောဖြင့် နှစ် ၂၀ သက်တမ်းရှိ Elite visa ကို ဘတ်တစ်သန်းဖြင့် တစ်ကြိမ်တည်း ပေးချေဝယ်ယူစေပါတယ်။ ဝယ်ချင်အောင် ဆွဲဆောင်တဲ့အနေဖြင့် Thailand Privilege Card ကုမ္ပဏီမှ အခမဲ့ ဝန်ဆောင်မှုတွေ ပေးပါတယ်။ ဂေါက်ကွင်းတွေ ကြိမ်ရေ အကန့်အသတ်မရှိ သုံးစွဲခွင့်၊ တန်းမြင့် spa သုံးစွဲခွင့် စတာတွေ ပေးအပ်ပါတယ်။ အဲဒီအတွက် ကုမ္ပဏီအနေဖြင့် ကုန်ကျစရိတ် ကြီးမားတာမို့ member တိုးပေးမဲ့ ကုမ္ပဏီ အရှုံးပြနေပါတယ်။

 

၂၀၀၈ ခုနှစ်မှာ Elite visa အစီအစဉ်ကို ရပ်ဆိုင်းလိုက်တယ်။ ၂၀၁၄ ခုနှစ်မှာ ပြန်စခဲ့တာမှာ visa package အမျိုမျိုး သတ်မှတ်ပေးထားပြီး ဈေးနှုန်းအသီးသီးကိုလည်း သတ်မှတ်ပေးထားပါတယ်။ လက်ရှိ အစီအစဉ်မှာ package စုစုပေါင်း ၉ မျိုး ပါဝင်ပြီး နေထိုင်ခွင့် သက်တမ်း ၅ နှစ်၊ ၁၀ နှစ်၊ ၂၀ နှစ် အသီးသီး ပေးအပ်ထားပါတယ်။ ဈေးနှုန်းတွေက ဘတ် ၅ သိန်းကနေ ၂ သန်း အထိ ဖြစ်ပါတယ်။

Global Read 132 times