ဒေါ်လာ ဘီလျံ ၄၀၀ ကန္တရမြို့တော် အစီအစဉ်


11 September, 2021

တိုကျိုမြို့လို သန့်ရှင်းသပ်ယပ်၊ နယူးယောက်လို လုပ်ငန်းအမျိုးစုံလင်၊ စတော့ဟုမ်းလို လူမှုဝန်ဆောင်မှုတွေ ပါဝင်တဲ့ မြို့သစ်တစ်ခုကို ဘီလျံနာ Marc Lore က မြော်မြင်ကြည့်ပြီး ကောက်ကြောင်းချကာ လူဉီးရေ ၅ သန်း နေထိုင်ဖို့ အမေရိကမှာ မြို့သစ်တည်ဖို့ စီစဉ်ပါတယ်။ ဗိသုကာလုပ်ငန်းကိုတော့ ကမ္ဘာ့နာမည်ကျော် ဗိသုကာထံ အလုပ်အပ်နှံမှာ ဖြစ်ပါတယ်။ 

 

မြို့သစ်တည်ဆောက်ဖို့ ရန်ပုံငွေ ကန်ဒေါ်လာ ၄၀၀ ဘီလျံကို ရရှိထားပြီးပြီဖြစ်လို့ မြို့သစ်တည်ဖို့ မြေနေရာပဲ လိုအပ်ပါတော့တယ်။ 
Telosa လို့ အမည်ပေးထားတဲ့မြို့သစ်ကို သူက အမေရိကန်နိုင်ငံမှ ကန္တရာတစ်ခုထဲမှာ တည်ဆောက်ဖို့ စိတ်ကူးထားတယ်။ ဂေဟစနစ် မိတ်ဘက်ကျတဲ့ ဗိသုကာဖြင့် တည်ဆောက်မယ့် မြို့သစ်အတွက် မြေနေရာ အကျယ်အဝန်း ၁၅၀,၀၀၀ ဧက လိုအပ်ကြောင်း အဆိုပြုထားတယ်။ တစ်မြို့လုံး ပြန်ပြည့်မြဲစွမ်းအင် သုံးစွဲမှာ ဖြစ်ပြီး မိုးခေါင်ရင် ရေရှားတာ မဖြစ်စေမဲ့ ရေသန့်စနစ်လည်း ပါဝင်တယ်။ 
မြို့သစ်ရဲ့ ဒီဇိုင်းအခြေခံက “၁၅ မိနစ်” ဖြစ်ပြီး အလုပ်၊ ကျောင်း၊ ဈေး စတဲ့နေရာတွေကို အိမ်ကနေသွားရင် ၁၅ မိနစ်အတွင်း ရောက်ရှိမှာ ဖြစ်ပါတယ်။ 

Lore ရဲ့ စိတ်ကူးယဉ်ဆန်သော မြို့သစ်ကို လက်တွေ့ဖြစ်လာအောင် ပုံဖော်ပေးမှာက Bjarke Ingels Group (BIG) ဗိသုကာ လုပ်ငန်း ဖြစ်ပါတယ်။ 


လူနေအိမ်ခြေ တိုက်တာတွေမှာ လဟာပြင် ဟင်းလင်းပွင့် နေရာ ပိုပိုလျှံလျှံ ထည့်ပေးထားတယ်။ 

 


ရုပ်ကြွင်းလောင်စာ သုံးတဲ့ မော်တော်ယာဉ်တွေ မြို့မှာ သုံးခွင့် မရှိဘူး။ လျှပ်စစ်ကားတွေကိုသာ သုံးခွင့် ပေးမှာ ဖြစ်ပါတယ်။ မြင့်မြင့်မားမား တိုက်တာအဖြစ် Equitism Tower အမည်ရှိ မိုးထိတိုက်တာ တစ်ခု ပါဝင်တယ်။ အမြင့်မှာ ရေသိုလှောင်ထားပေးဖို့အတွက် သုံးစွဲမှာ ဖြစ်ပါတယ်။ လေပန်ကာဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊ နေရောင်ခြည်ဖြင့် ဓာတ်အားထုတ်လုပ်ခြင်းတို့ကိုလည်း တာဝါမှာ ထည့်သွင်းပေးထားတယ်။ 

ဆောက်လုပ်ရေး စီမံကိန်း ပထမအဆင့်မှာ လူဦးရေ ၅၀,၀၀၀ ကို ၁,၅၀၀ ဧက အကျယ်အဝန်းမှာ နေစရာ ဆောက်လုပ်ပေးမှာ ဖြစ်ပါတယ်။ ခန့်မှန်းကုန်ကျစရိတ်က ကန်ဒေါ်လာ ၂၅ ဘီလျံ ဖြစ်ပါတယ်။ စီမံကိန်း တစ်ခုလုံးအနေဖြင့် ဘီလျံ ၄၀၀ ကျော် ကုန်ကျမှာ ဖြစ်ပါတယ်။ မြို့လူဉီးရေက နှစ်ပေါင်း ၄၀ ကြာ်ပြီးချိန်မှာ ၅ သန်းအထိ ဖြစ်လာမယ်။ 

 

ရင်းနှီးမြှုပ်နှံမှုအတွက် ရန်ပုံငွေကို နေရာအမျိုးမျိုးမှ ရရှိထားပါတယ်။ ကိုယ်ပိုင်ရင်းနှီးမြှုပ်နှံသူများ၊ ပရဟိတကောင်းကျိုး ဆောင်ရွက်နေသူများ၊ ပြည်ထောင်စု အစိုးရ ချေးငွေ၊ ပြည်နယ်အစိုးရချေးငွေ၊ စီးပွားဖွံ့ဖြိုးရေး ထောက်ပံ့ငွေ စသဖြင့် နေရာစုံမှ ထည့်ဝင်ထားကြတယ်လို့ စီမံကိန်း စီစဉ်သူတို့က ပြောကြားပါတယ်။ 

"Telos" ဆိုတာ ဂရိစကားလုံး ဖြစ်ပြီး ဒဿနသမား အရစ္စတိုတဲက သုံးစွဲခဲ့တဲ့ အသုံးအနှုန်းတစ်ခု ဖြစ်ပြီး မြင့်မြတ်သော ရည်စူးခြင်းလို့ အဓိပ္ပာယ် ရပါတယ်။ အဲဒီ "Telos"  ဆိုတဲ့ စကားလုံးဖြင့် မြို့အမည်ကို Telosa လို့ အမည်ပေးထားတာ ဖြစ်ပါတယ်။ 

.cnn.com
 

Global Read 844 times