မြေငှားခ တိုးမြှင့်ရန် အဆင်မပြေသေးသော မန္တလေး နာမည်ကြီး ဟိုတယ် ၃ ခု


11 December, 2019

မန္တလေး စည်ပင်သာယာရေး ကော်မတီပိုင် မြေပေါ်တွင် ဖွင့်လှစ်ထားသော နာမည်ကြီး ဟိုတယ် ၃ လုံး၏မြေငှားခတိုးမြှင့် ကောက်ယူရန် ညှိနှိုင်းမှု အဆင်မပြေသေးကြောင်း သိရသည်။

မန္တလေး မြို့တော်ဝန် ဒေါက်တာ ရဲလွင်က “တဖက် စာချုပ်ဝင် ကုမ္ပဏီ သဘောတူညီမှု မရရှိဘဲ တဖက်သတ် တိုးမြှင့် သတ်မှတ်ပါက ပဋိညာဉ် ဥပဒေ ချိုးဖောက်သည့် တာဝန် ရှိလာမှာ ဖြစ်ပါတယ်”ဟု ပြောသည်။

မန္တလေးမြို့တွင်းရှိ အချက်အချာကျပြီး နေရာ ကျယ်ဝန်းသည့် စည်ပင်ပိုင် မြေပေါ်တွင် နှစ်ရှည် ငှားရမ်း ဖွင့်လှစ်ထား သော ဟိုတယ် မန္တလေး၊ မန္တလေး စီးတီး ဟိုတယ်နှင့် မင်းသားကြီး စသည့် ဟိုတယ် ၃ ခု၏ မြေငှားရမ်းခများနှင့် ပတ် သက်၍ ကာလပေါက်ဈေး အတိုင်း တိုးမြှင့်ရန် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်ဟု ၎င်းက ပြောဆိုသည်။

မန္တလေးမြို့တွင်း၌ တည်ရှိပြီး မြေဧရိယာ ၆ ဧကကျော် ကျယ်သော မင်းသားကြီး ဟိုတယ်၏ မြေငှားခမှာ တလ ၆ သိန်း ကျော်၊ မြေဧရိယာ ၁ ဧကခွဲခန့် ကျယ်သော ဟိုတယ် မန္တလေး၏ တလစာ မြေငှားခ တသိန်းကျော်၊ ၁ ဧက ကျော် ကျယ်သော မန္တလေး စီးတီး ဟိုတယ်၏ တလစာ မြေငှားခသည် ၁၁ သိန်းကျော်သာ ကျသင့်နေသဖြင့် နွား ထိုးကြီး မြို့နယ် မဲဆန္ဒနယ် တိုင်းလွှတ် တော် ကိုယ်စားလှယ် ဒေါ်ငြိမ်းသက်နွယ်က လွှတ်တော်၌ မေးခွန်းထုတ်ခဲ့သည်။

၎င်းက ဆက်လက်၍ ယခင် အစိုးရ လက်ထက်က ချုပ်ဆိုခဲ့သော စာချုပ်များ ဖြစ်သော်လည်း လက်ရှိ အစိုးရက ကာ လ ပေါက်ဈေးနှင့်အညီ မြေငှားခများ တိုးမြှင့် ကောက်ခံမှု မရှိသေးသည့် အတွက် မေးမြန်းခြင်း ဖြစ်ကြောင်း ဆိုသည်။

ထိုသို့ မေးမြန်းမှု အပေါ် မန္တလေး မြို့တော်ဝန် ဒေါက်တာ ရဲလွင်က စာချုပ် ချုပ်ဆို ငှားရမ်းထားသော ကုမ္ပဏီ နှစ်ခု ဘက်မှ မြေငှားခ တိုးမြှင့် ပေးဆောင်ရပါက ၎င်းတို့ ပြန်လည် တင်ပြ တောင်းဆိုခြင်းများ ရှိသည့်အပြင် ပဋိညာဉ် ဥပဒေ အရ တဖက်သတ် ဆောင်ရွက်ခွင့် မရှိသဖြင့် နှစ်ဖက် ပြေလည်စေရန် ညှိနှိုင်းရခြင်း ဖြစ်သည်ဟု သိရသည်။

ချမ်းမြသာစည် မြို့နယ် မဲဆန္ဒနယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက“ဒီဟိုတယ် ၃ ခုကို အရင် အစိုးရ က စာချုပ်ခဲ့တာမို့ လုပ်ရကိုင်ရတာ အခက်အခဲ ရှိတယ် ဆိုတာ နားလည်ပါတယ်။ ဒါပေမယ့် အဲဒီလို စာချုပ်ခဲ့ စဉ်တုန်းကရော စည်းမျဉ်း စည်းကမ်းနဲ့အညီ လုပ်ခဲ့ရဲ့လား ထောက်ပြ ဆွေးနွေးတာပါ”ဟု ပြောသည်။

၎င်းသည် ၂၀၁၆ ခုနှစ်က ပြုလုပ်ခဲ့သော ဒုတိယ အကြိမ် မန္တလေးတိုင်း ဒေသကြီး လွှတ်တော် ပထမ ပုံမှန် အစည်းအဝေးတွင် ပုဂ္ဂလိကသို့ စည်ပင်ပိုင် မြေများ ငှားရမ်းထားသည့်အပေါ် ငှားရမ်းခများသည် ကာလပေါက်ဈေးနှင့် အဆမတန် နည်းပါးနေခြင်းနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည့် ကိုယ်စားလှယ်တစ်ဦးလည်း ဖြစ်သည်။

ဦးမြင့်အောင်မိုးက ဆက်လက်၍“အခု အစိုးရ လက်ထက်မှာ ပုဂ္ဂလိကကို ငှားထားတဲ့ စည်ပင်ပိုင် မြေငှားခ တော်တော်များများကို ၅ ဆလောက်အထိ ဈေးတက်လိုက်တာ တွေ့ပါတယ်။ ဒါပေမယ့် ဒီဟိုတယ် ၃ခုက ကျန်နေတယ်။ ဘာကြောင့်လဲ??? ဘာတွေ အခက်အခဲ ရှိလို့လဲ??? အစိုးရဘက်က မလုပ်နိုင်ရင် လွှတ်တော်က ဘယ်လို ပူးပေါင်းပြီး ဖြေရှင်းလို့ ရနိုင်မလဲဆိုတာ အဖြေရှာဖို့ မေးတာပါ”ဟု ပြောဆိုသည်။

ရွှေမန္တလေး အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းမှ ဦးနေလင်းအောင်က လက်ရှိ အိမ်ခြံမြေ ကာလ ပေါက်ဈေးအရ အကြမ်းဖျင်း တွက်ချက်ပါက ဟိုတယ် မန္တလေးကဲ့သို့ နေရာနှင့် မြေအကျယ်အဝန်းရှိ ဧရိယာအတွက် တနှစ် မြေငှားခမှာ ကျပ်သန်း ၄၀၀ အထက်၊ မန္တလေး စီးတီး ဟိုတယ် နေရာဆိုပါက တနှစ်ကျပ် သန်း ၁၈၀ ခန့်၊ မင်းသားကြီး ဟိုတယ် နေရာဆိုပါက တနှစ် ကျပ်သန်း၂၅၀ ခန့်ဖြင့် ပေါက်ဈေး ရှိကြောင်း၊ ပုဂ္ဂလိက အိမ်ခြံ မြေငှားရမ်းမှု အများစု သည် တနှစ်တကြိမ် ၁၀ ရာခိုင်နှုန်းထက် မပိုသော နှုန်းဖြင့် ဈေးတက်လေ့ရှိကြောင်း ပြောသည်။

မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများ အသင်း၏ အထွေထွေ အတွင်းရေးမှူး ဦးသိန်းသန်းဦးက“ပဋိညာဉ် ဥပဒေ ဆိုတာ ဥပဒေနဲ့ အညီ၊ အဖိုးစားနားနဲ့အညီ ချုပ်ဆိုတဲ့ စာချုပ်ကိုမှ ပဋိညာဉ် မြောက်တယ်လို့ ခေါ်နိုင်ပါတယ်။ ဒီစာချုပ်တွေ ချုပ်ဆိုစဉ်က ဒီနေရာတွေဟာ အဲဒီ ဈေးနှုန်းတော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါဟာ မမှန်မကန် ချုပ်ဆို ထားတာ မို့ ပဋိညာဉ် ပျက်ပြယ်ပါတယ်။ အဲဒါကြောင့် ဒါကို ပြင်ဆင်ဖို့ တဖက်က သဘောမတူလည်း ပြန်ပြင်ခွင့် ရှိသလို တရားစွဲ ဆို နိုင်တယ်”ဟု ပြောသည်။

ပဋိညာဉ် ဥပဒေသည် ၁၈၀၀ ပြည့်နှစ်ကျော်က ရေးဆွဲ ပြဋ္ဌာန်းခဲ့သည့် ဥပဒေ တရပ်ဖြစ်ပြီး အဆိုပါ ဥပဒေ ပုဒ်မ ၂၃ အရ စာချုပ် ချုပ်ဆိုရာတွင် ဥပဒေနှင့် မညီခြင်း၊ တန်ရာတန်ကြေးအား မမှန်မကန် ကွယ်ဝှက် ချုပ်ဆိုခြင်း ဖြစ်ပါက ပဋိညာဉ် ပျက်ပြယ်ပြီး မှားယွင်းသည့် စာချုပ် အဖြစ် သတ်မှတ်နိုင်သည်ဟု သိရသည်။

ယခု သီတင်းပတ် အတွင်း ပြုလုပ်ခဲ့သော ဒုတိယအကြိမ် မန္တလေးတိုင်း လွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန် အစည်း အဝေးတွင် တိုင်းစာရင်း စစ်ချုပ်က တင်သွင်းသော၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေ အရအသုံး စာရင်း စစ်ဆေး တွေ့ရှိချက် အစီရင်ခံစာ အပေါ် လွှတ်တော် ကိုယ်စားလှယ်များနှင့် တိုင်းအစိုးရ အဖွဲ့တို့က မေးမြန်း ဖြေကြားခြင်းများ ပြုလုပ်ခဲ့သည်။

တိုင်းစာရင်း စစ်ချုပ် အစီရင်ခံစာတွင် စည်ပင်သာယာရေး ကဏ္ဍနှင့် ပတ်သက်၍ စည်ပင်ပိုင် မြေငှားရမ်းခြင်းမှ ရရှိသော အခွန်အခများလည်း ပါဝင်ရာ ယင်းအပေါ် ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

Real Estate & Properties Read 54 times