ဝင်ငွေနည်း ပြည်သူတွေအတွက် လက်လှမ်းမှီမယ့် အိမ်ရာတွေပေါ်ထွက်လာမယ့် ၂၀၂၁


20 January, 2021

လစဉ် ငါးသောင်းနဲ့ ငွေကျပ်တစ်သိန်းဝင်ငွေရှိသူတစ်ဦးအတွက် လစဉ်အရစ်ကျပေးဆပ်ပြီးဝယ်ယူဖို့လက်လှမ်းမှီတဲ့ အိမ်ရာတွေ ၂၀၂၁ထဲမှာ ပေါ်ထွက်လာမယ်လို့မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးမှုဦးစီးဌာနကထုတ်ပြန်လိုက်ပါပြီ။ "ခုဆို သိန်း ၃၀ စုဆောင်းငွေရှိမယ်၊ လစဉ် ကျပ် ငါးသောင်း သွင်းနိုင်ပြီဆိုတာနဲ့ ကိုယ်ပိုင် တိုက်ခန်း တစ်ခန်း ပိုင်ဖို့ အခွင့်အရေးရှိနေပါပြီ။

တန်ဖိုးသင့်ဆိုရင်တော့ စုဆောင်းငွေနဲ့ လစဉ်သွင်းရတဲ့ငွေ ပိုများမှာပေါ့။ တိုက်ခန်းတန်ဖိုးတွေက သိန်း ၈၀ ကနေစပြီး၊ သိန်း ၆၀၀ လောက်အတွင်း အစားစားပေါ့။ နေရာ၊ ကွာလတီ၊ အကျယ်အဝန်း၊ အလွှာတွေပေါ် မူတည်ပြီး ဈေးတွေတော့ ကွာခြားသွားတာတွေရှိမှာပေါ့ "လို့ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်ရဲ့ဒါရိုက်တာကဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉နဲ့ ၂၀၂၀အတွင်း တည်ဆောက်ထားတဲ့အိမ်ရာတွေဟာ ၂၀၂၁မှာအပြီးသတ်နိုင်တာ၊ ရောင်းချနိုင်တာ ဝယ်ယူထားသူတွေထံအပ်နှံနိုင်မယ့် အခန်းအရေအတွက်အများအပြားရှိတယ်လို့ဆိုပါတယ်။ ဘဏ်တိုးရရှိခြင်းနဲ့ အတူ အိမ်ရာတိုက်ခန်းဝယ်ယူဖို့ ဘဏ်မှာငွေလာရောက်စုဆောင်းသူကလည်းလစဉ်အရေအတွက်မြင့်မားနေပေမယ့် ကိုဗစ်ကြောင့်စုဆောင်းငွေ ထပ်စုဖို့ အခက်အခဲတစ်ချို့တော့ရှိတယ်လို့သိရပါတယ်။

ကိုဗစ်ကြောင့် ဝင်ငွေလည်ပတ်မှုနည်းပါးလာတာကြောင့် ကနဦးအိမ်ရာဝယ်ယူထားသူတွေအနေနဲ့ ငွေသွင်းရက်ကို နောက်ကျခွင့်ပြုတာ ၊ဒဏ်ကြေးငွေတွေ မဆောင်ခိုင်းတာတွေအထိ ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်က ဖြေလျှော့ပေးခဲ့တယ်လို့သိရပါတယ်။

အိမ်ရာလိုအပ်ချက်ကြီးမားတဲ့ရန်ကုန်အပါအဝင်မြို့ကြီးတွေမှာ အစိုးရနဲ့ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေပူးပေါင်းပြီးအဌားအိမ်ရာများကိုသာ အဓိကဦးစားပေးတည်ဆောက်သွားမယ့်စီမံကိန်းဖြစ်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးကျော်လင်းက မကြာသေးခင်ကပြောကြားထားပါသေးတယ်။

တည်ဆောက်မယ့်မြေနေရာ ၊အခန်းအကျယ်အဝန်းဈေးနှုန်းသတ်မှတ်ချက်တွေကိုအဓိကဆွေးနွေးခဲ့ပြီး အခုနှစ်ကုန်မှာစတင်ဖို့ သဘောတူညီမှုတချို့လည်းရရှိခဲ့တာပါ။

လက်ရှိရန်ကုန်မှာတော့ တောင်ဒဂုံမြို့နယ်နဲ့ရွှေပြည်သာမြို့နယ်တွေမှာကျူးကျော်တွေအတွက် ရည်ရွယ်ပြီး အဌားအိမ်ရာနှစ်ခုတည်ဆောက်ထားပြီဖြစ်ပါတယ်။

ရန်ကုန်မြို့မှာအိမ်ဌားနေထိုင်သူဦးရေက သုံးသန်းကျော်လေးသန်းဝန်းကျင်လောက်ရှိတယ်လို့ ၂၀၂၀နှစ်ဆန်းပိုင်းက ထုတ်ပြန်တဲ့ကမ္ဘာ့ဘဏ်ရဲ့အစီရင်ခံစာမှာဖော်ပြထားတာပါ။

နှစ်စဉ်ရွှေ့ပြောင်းလုပ်သားတွေတိုးပွားနေတဲ့ရန်ကုန်မှာအိမ်ဌားနေထိုင်သူက ဆက်လက်တိုးပွားနေဦးမှာဖြစ်တယ်လို့ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။

 iMyanmarHouse.com

Local Public Housing Read 2689 times