မြို့ပြဖော်ထုတ်ရေးကျွမ်းကျင်ပညာရှင်များနှင့် ချိတ်ဆက်ခြင်း


13 August, 2019

2019 Urban Land Institute Asia Pacific Summit ညီလာခံကို ဇွန်လ (၁၁)ရက်နေ့ကနေ (၁၃)ရက်နေ့အထိ တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့မှာ ကျင်းပခဲ့ပြီး ကျွန်တော်ဦးဆောင်တဲ့ NYDC အဖွဲ့လည်း တက်ရောက်ခဲ့ပါတယ်။
ULIလို့လူသိများတဲ့ Urban Land Institute ဟာ နယ်ပယ်စုံက အိမ်ရာဖွံ့ဖြိုးရေးနဲ့ မြေယာဖော်ထုတ်ရေး ကျွမ်းကျင်အတတ်ပညာရှင်တွေပါဝင်တဲ့ သက်တမ်းအကြာဆုံးနဲ့ အကြီးမားဆုံး အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ ULI ကို ၁၉၃၆ ခုနှစ်မှာ စဖွဲ့စည်းခဲ့ပြီး အမေရိကန်၊ ဥရောပနဲ့ အာရှပစိဖိတ်ဒေသတွေမှာ ရုံးခွဲတွေ ဖွင့်လှစ်ထားပါတယ်။

 2019 ULI Asia Pacific Summit ကို နယ်ပယ်ပေါင်းစုံမှ မြေယာဖော်ထုတ်ရေးနဲ့ မြို့ပြစီမံခန့်ခွဲရေး ကျွမ်းကျင်ပညာရှင် ရာနဲ့ချီတက်ရောက်ခဲ့ကြပြီး အားလုံးရဲ့တူညီတဲ့ပန်းတိုင်ကတော့ လူတိုင်းအတွက် ပိုမိုကောင်းမွန်တဲ့ နေထိုင်ရာဖန်တီးရေး ဖြစ်ပါတယ်။ ULI ရဲ့ နေရာလပ်စီမံခန့်ခွဲမှု (space planning)နဲ့ မြေယာဖော်ထုတ်မှုအပေါ် စဉ်ဆက်မပြတ် သုတေသနပြုမှုတွေနဲ့ လေ့လာစိစစ်အကဲဖြတ်မှုတွေဟာ  မြိုပြဖွံ့ဖြိုးရေးကဏ္ဍအတွက် တန်ဘိုးမဖြတ်နိုင်တဲ့ အထောက်အပံ့ကောင်းတွေဘဲ ဖြစ်ပါတယ်။

ULI ညီလာခံ ရဲ့ စီမံကိန်းလေ့လာမှုစကားဝိုင်းဆွေးနွေးပွဲမှာ ကျွန်တော်နဲ့ NYDC အဖွဲ့ဟာ ဆွေးနွေးပွဲမှာပါဝင်တဲ့ ပညာရပ်ပေါင်းစုံက ထိပ်တန်းပညာရှင်(၁၅)ယောက်ခန့်ကို ရန်ကုန်မြို့သစ်စီမံကိန်းအကြောင်း ရှင်းလင်းခဲ့ပါတယ်။ ဒီပညာရှင်တွေထဲမှာ ပါမောက္ခတွေ၊ မြိုပြစီမံခန့်ခွဲရေး ကဏ္ဍက ကျွမ်းကျင်ပညာရှင်တွေအပြင် အမေရိကန်နိုင်ငံ၊ Pittsburgh မြို့က မြို့တော်ဝန်ဟောင်းလည်း ပါဝင်ပါတယ်။

ဒီဆွေးနွေးပွဲကို ရန်ကုန်မြို့သစ်ရဲ့ မြို့ပြပုံ Master Plan ရှင်းလင်တင်ပြခြင်းနဲ့စတင်ခဲ့ပြီး NYDC အကြံပေးအဖွဲ့တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေဖြစ်တဲ့ ရေလွှမ်းမိုးမှုဆိုင်ရာစိစစ်ချက်၊ ယာဉ်အသွားအလာနှင့် သယ်ယူပို့ဆောင်ရေးအကဲဖြတ်ချက်၊ မြေပြင်တိုင်းတာခြင်း အစရှိတဲ့ လုပ်ငန်း စဉ်တွေအပြင် ရန်ကုန်မြို့သစ်စီမံကိန်းရဲ့ Stage 1 အကောင်အထည်ဖော်မှုအစီအစဉ်တွေကိုလည်း ရှင်းလင်းပြောကြား ခဲ့ပါတယ်။ စီမံကိန်းပွင့်လင်းမြင်သာမှုရှိဖို့နဲ့ အုပ်ချုပ်မှုကောင်းရရှိနိုင်ဖို့အတွက် NYDC ရဲ့ လုပ်ငန်းစဉ်နဲ့ နည်းလမ်းတွေကိုလည်း ရှင်းပြခဲ့ပြီး တက်ရောက်ဆွေးနွေး သူတွေကလည်း  စီမံကိန်းအောင်မြင် ဖို့အတွက် ဒီအချက်တွေဟာအရေးပါကြောင်း သဘောတူခဲ့ပါတယ်။

စကားဝိုင်းဆွေးနွေးပွဲတက်ရောက်ဆွေးနွေးသူတွေဘက်ကလည်း မြို့သစ်ဟန်ချက်ညီညီနဲ့ ရေရှည်ဖွံ့ဖြိုး တိုးတက်စေရေး၊ ကောင်းမွန်တဲ့အုပ်ချုပ်မှုစနစ်၊ သယ်ယူပို့ဆောင်ရေးနဲ့ မြို့ပြဖွံ့ဖြိုးရေးဘဏ္ဍာငွေကြေးတို့နဲ့ ပတ်သက်ပြီး  သူတို့ရဲ့အမြင်တွေ၊ သုံးသပ်ချက်နဲ့ အကြံပြုချက်တွေကို ပြန်လည်ဝေမျှခဲ့ပါတယ်။ တက်ရောက်လာတဲ့ ပညာရှင်တွေဟာ စီမံကိန်းဟန်ချက်ညီညီနဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်တဲ့နေရာမှာ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ချက်တစ်ခုတည်းကို အလေးမထားဘဲ စီမံကိန်းအနေနဲ့ လူမှုဝန်းကျင်အသိုင်းအဝိုင်းအပေါ် သက်ရောက်နိုင် တဲ့ကောင်းကျိုးတွေနဲ့ အထောက်အပံ့ပေးနိုင်မှု တွေအထိပါ ထည့်သွင်းစဉ်းစားတာကို တွေ့ရတဲ့အတွက်လည်း ကျွန်တော်တို့ အားတက်ရပါတယ်။

သယ်ယူပို့ဆောင်ရေးကဏ္ဍနဲ့ပတ်သက်ပြီး စီမံကိန်းရေးဆွဲတဲ့နေရာမှာ ပို့ဆောင်ရေးနည်းလမ်း (၄)ခုဖြစ်တဲ့  လမ်းလျှောက်စနစ်၊ စက်ဘီးစီးစနစ်၊ ဘတ်(စ)ကားစနစ် နှင့် MRT စနစ်/ရေလမ်းသယ်ယူပို့ဆောင်ရေးစနစ် လေးမျိုးလုံးကို ထည့်သွင်းစဉ်းစားဖို့လည်း အကြံပြုခဲ့ကြပါတယ်။ ဒါ့အပြင် အရိပ်ရတဲ့ ပတ်ဝန်းကျင်တစ်ခုဖန်တီးခြင်းဟာ မြို့ရဲ့သာယာနေပျော်မှုကို မြင့်တက်စေမယ်လို့လည်း ပြောကြားခဲ့ကြပါတယ်။

ULI Summit ညီလာခံရဲ့ အခြားစကားဝိုင်းတစ်ခုမှာတော့ ကျွန်တော်ပါဝင်ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံရဲ့ အခြေခံအဆောက်အဦကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှု လိုအပ်နေတဲ့အခြေအနေတွေကို ရှင်းလင်းခဲ့တဲ့အပြင် အလားအလာရှိတဲ့၊ စိတ်ဝင်စားတဲ့ ရင်းနှီးမြှုပ်နှံသူတွေကိုလည်း ကျွန်တော်တို့ နိုင်ငံကို ယုံယုံကြည်ကြည်နဲ့ လာရောက်ရင်းနှီးဖို့ တိုက်တွန်းခဲ့ပါတယ်။

ULI Asia Pacific Summit ကနေ ကျွန်တော်တို့ရရှိခဲ့တဲ့ အတွေ့အကြုံတွေဟာ အင်မတန်တန်ဖိုးရှိပြီး အကျိုးကျေးဇူးများပါတယ်။ ကျွန်တော်နဲ့ NYDC အဖွဲ့သားတွေဟာ ဒီညီလာခံကရရှိခဲ့တဲ့ သုံးသပ်ချက်ကောင်းတွေကို ရန်ကုန်မြို့သစ်စီမံကိန်းရဲ့ အနာဂတ်ဖွံ့ဖြိုးမှုဒီဇိုင်း၊ ဟန်ချက်ညီ ညီ ရေရှည်အကျိုးဖြစ်ထွန်းစေရေးနဲ့ မြို့သစ်ဖော်ထုတ်ရေးလမ်းညွှန်ချက်တွေမှာ ထည့်သွင်းအကောင်အထည် ဖော်သွားပါမယ်။

 

Events Read 462 times