ငွေကျပ် သန်း ၂၀၀ အကုန်ကျခံကာ ရေထိန်းရေကာတာ တည်ဆောက်မည်


16 December, 2020

မကွေးတိုင်းဒေသကြီး ဂါတ်ကုန်း ကျေးရွာနေပြည်သူများ မုန်းချောင်းကမ်းပြိုမှုအန္တရာယ်ကင်းဝေးစေရေးအတွက် မကွေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက မုန်းချောင်းကမ်းပြိုကာကွယ်ရေး ရေထိန်းရေကာတာလုပ်ငန်းများ အကောင်အထည်ဖော် တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် သန်း ၂၀၀ အကုန်ကျခံကာ တည်ဆောက်ခြင်းလုပ်ငန်းများကို ဖေဖော်ဝါရီလ ၂၅ ရက်မှစတင်ကာ လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။

'' ကမ်းပြိုကာကွယ်ရေး ရေထိန်းရေကာတာ တည်ဆောက်ခြင်းလုပ်ငန်းကို သတ်မှတ်ကာလအတွင်း အချန်မီ ပြီးစီးဖို့နဲ့ လုပ်ငန်းအရည်အသွေးပြည့်မီဖို့ တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကြီးကြပ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ် '' ဟု တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ခံအင်ဂျင်နီယာ ဦးသူရိန်ထွန်းက ပြောသည်။

ကမ်းပြိုကာကွယ်ရေး ရေထိန်းရေကာတာ တည်ဆောက်ခြင်းလုပ်ငန်းကို တင်ဒါအောင်မြင်သည့် N.H.B.C ဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။

"ဆောင်ရွက်ပေးမယ့် ရေထိန်း ရေကာတာ လုပ်ငန်းပမာဏကတော့ Groyne Root တည်ဆောက်ခြင်း အလျားပေ ၁၀၀၀၊ အနံပေ ၇၀၊ သုံးတန်းသွား ကျောက်ကြီးဖြည့်အခြေ ထိန်း ပေ ၁၀၀၀ နှင့် သုံးတန်းသွား မျောကျောက်ကြီးဖြည့်ရေကာတာ ပေ ၁၀၀ လေးခု တည်ဆောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

 ကမ်းပြိုကာကွယ်ရေး ရေထိန်း ရေကာတာတည်ဆောက်ခြင်းလုပ်ငန်းကို တင်ဒါစနစ်နဲ့ N.H.B.C ဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူဆောင်ရွက်သွားမှာပါ။ သတ်မှတ် ကာလအတွင်း အချိန်မီပြီးစီးဖို့နဲ့ လုပ်ငန်းအရည်အသွေးပြည့်မီရေးအတွက် ကျွန်တော်တို့ ဦးစီးဌာနက ကြီးကြပ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အခုဆောင်ရွက်မယ့် ကမ်းပြို ကာကွယ်ရေးလုပ်ငန်းပြီးစီးသွားရင်တော့ ပွင့်ဖြူမြို့နယ် ဂါတ်ကုန်း ကျေးရွာရှိ အိမ်ထောင်စု ၂၂၅ စု၊ လူဦးရေ ၁၄၀၀ ခန့် နှစ်စဉ် ကြုံတွေ့နေရတဲ့ မုန်းချောင်းကမ်းပြိုကျမှု အန္တရာယ်ကင်းဝေးသွားစေမှာ ဖြစ်ပါတယ်" ဟု ဦးသူရိန်ထွန်းက ပြောသည်။

Factory and Industrial Plant Read 46 times