ဆောက်လက်စ တာဝါတိုက်တာ ၁၅ လုံး ယူနန်ပြည်နယ် ကွန်မင်းမြို့တွင် ဖြိုချ


16 September, 2021

ယူနန်ပြည်နယ်၏ မြို့တော် ကွန်မင်းတွင် အကောင်အထည်ဖော်လျက် ရှိသော  Liyang Star City Phase II စီမံကိန်းး၏ လုပ်ကွက် A1, A3 နှင့် A4 တွင် တည်ရှိသည့် တာဝါတိုက်တာ ၁၅ လုံးကို တည်ဆောက်ခဲ့ရာ မပြီးစီးဘဲ ရပ်တန့်နေခဲ့သည်မှာ ၈ နှစ်ကြာမြင့်ပြီးချိန်တွင် ဖောက်ခွဲကာ ဖြိုချပစ်လိုက်ကြသည်။ 

 

 

Developer အပြောင်းအလဲ

Liyang Star City စီမံကိန်း ဒုတိယအဆင့်ကို ၂၀၁၁ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့သည်။ 
မူလ developer မှာ Kunming Xishan Land and Housing Development and Operation (Group) Co., Ltd. ဖြစ်ပြီး Kunming Xifang ဟု ဆောက်လုပ်ရေးလောကတွင် သိထားကြသည်။ 
စီမံကိန်းသည် မြေဧရိယာ ၃၄၀ ဧက အကျယ်အဝန်း ရှိသည်။ လူနေတိုက်ခန်းများ၊ စီးပွားရေးလုပ်ငန်းများအတွက် ရုံးခန်းများ၊ ဆိုင်ခန်းများ ပါဝင်သည်။ ဖွံ့ဖြိုးရေးနှင့် ဆောက်လုပ်ရေးအတွက် လုပ်ကွက် လေးကွက် ပိုင်းခြားသတ်မှတ်ပေးထားပြီး A1, A2, A3 ဟု  A4 အမှတ်စဉ် ထိုးပေးထားသည်။ 
အဆိုပါ လုပ်ကွက်များထဲတွင် A1 နှင့် A3 တို့သည် စီးပွားရေး လုပ်ငန်းများအတွက် ဖြစ်ပြီး A2 နှင့်  A4  တို့သည် လူနေတိုက်ခန်းများအတွက် ဖြစ်သည်။ 
စုစုပေါင်း ဆောက်လုပ်ရေး ဧရိယာမှာ အကြမ်းအားဖြင့် ၆၃၀,၀၀၀ စတုရန်းမီတာ ရှိသည်။ 
စီမံကိန်းကို အကောင်အထည်ဖော်ခဲ့ရာတွင်  A2 လုပ်ကွက်တွင် ဆောက်လုပ်သော မိုးထိတိုက်တာ လေးလုံး ပြီးစီးခဲ့သည်။  ဆောက်လုပ်ရေး ဧရိယာမှာ အကြမ်းအားဖြင့် ၁၃၆,၀၀၀ စတုရန်းမီတာ ရှိသည်။

 

 

၂၀၁၂ ခုနှစ်တွင် Kunming Xifang အရင်အနှီး စီးဝင်ခြင်း မရှိသဖြင့် ဆက်လက်လုပ်ကိုင်နိုင်တော့ခြင်း မရှိသည့်အဖြစ်သို့ ဆိုက်ရောက်ခဲ့သည်။ ထိုအခါ ဆောက်လုပ်ရေးလောကတွင် Yunxi Real Estate ဟု သိထားကြသော Yunnan Tin Industry Real Estate Development and Management Co., Ltd. က လက်လွှဲပြောင်း ရယူခဲ့သည်။ ထို့နောက် စီမံကိန်းအမည်ကို Yunxi·Gemdale ဟု အမည်ပြောင်းလဲလိုက်သည်။ 
၂၀၁၃ ခုနှစ် ဇူလိုင်လတွင် အကြောင်းကြောင်းကြောင့် ဆောက်လုပ်ရေး ရပ်ဆိုင်းသွားခဲ့သည်။ A2 လုပ်ကွက်တွင် ဆောက်လက်စ မိုးထိတိုက်တာတို့ကို ၂၀၁၄ ခုနှစ်ထဲတွင် အခန်းအပ်ရမည် ဖြစ်သော်လည်း ၂၀၁၅ ခုနှစ် မတ်လအထိ လုပ်ငန်းပြန်မစနိုင်ခဲ့ချေ။ ထိုနောက်ပိုင်းမှ လုပ်ငန်းပြန်လည်ပတ်ပြီး မိုးထိတိုက်တာ လေးလုံး ပြီးစီးခဲ့သည်။ ကျန်သည့် လုပ်ကွက်များ ဖြစ်သော A1, A3 နှင့် A4 တို့တွင် မိုးထိတိုက်တာ ၁၅ လုံး ဆောက်လုပ်လျက် ရှိသည်မှာလည်း ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက ရပ်ဆိုင်းထားသည်။ 
မပြီးမစီးဖြစ်နေသော စီမံကိန်း၏ ပြဿနာများကို ဖြေရှင်းရန် အလို့ငှာ အစိုးရက စီမံကိန်းကို ပြန်စဖို့ ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ အစုရှယ်ယာများ ရောင်းချခြင်းဖြင့် အရင်းအနှီးရှာရန်  Yunnan Provincial Property Rights Exchange တွင် စာရင်းတင်သွင်းခဲ့သည်။ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်တွင် Yunnan Honghe Real Estate Co., Ltd. က စီမံကိန်းကို ဆက်လက်လုပ်ဆောင်ခွင့် ရရှိခဲ့သည်။ 
 Yunnan Honghe Real Estate Co., Ltd. သည် Kunming Xifang ၏ ပိုင်ဆိုင်မှု အားလုံး ရာနှုန်းပြည့်ကို ရရှိခဲ့ပြီး တင်ရှိနေသည့် ကြွေးမြီ ယွမ် သိန်း ၂၃၀ ကိုလည်း တာဝန်ယူရသည်။ လွှဲပြောင်းတန်ဖိုးမှာ ရာဖြတ်သည်မှာ ယွမ် ၉၇၉ သန်း ဖြစ်သည်။ 

စီမံကိန်းအတွင်းမှ  West Real Estate ကို Honghe  က စီမံကိန်း ဆက်လက်အကောင်အထည်ဖော်မည် ဖြစ်ပြီး  Liyang Star City Phase II အတွက် အဓိကအားပြုရာ အဆောက်အဦအဖြစ် သတ်မှတ်ထားသည်။ 

 

 

အဘယ်ကြောင့် ဖြိုချ ပြန်ဆောက်ရသနည်း

အကြောင်းတရား (၁) 
Liyang Star City တွင် လက်ရှိတည်ရှိနေသော  A1A3A4 မှ အခန်းများသည် လက်ရှိဈေးကွက် လိုလားချက်နှင့် မကိုက်ညီတော့ချေ။ သို့ဖြစ်ရာ ရောင်းထွက်ဖို့ ခဲယဉ်းနေသည်။ 

အကြောင်းတရား (၂)
စီမံကိန်းကို မပြီးစီးသေးဘဲ ရပ်ထားသည့်ကာလ ကြာရှည်ခဲ့သဖြင့် မိုးရေများသည် မပြီးစီးသော အဆောက်အဉီများ၏ မြေအောက်ထပ်များထဲသို့ ဝင်ထားသည်။ မိုးတွင်းရောက်တိုင်း ရေဝင်ခဲ့သည်။ အုတ်မြစ်သည် ကြာမြင့်စွာ ရေမြှုပ်ခံထားရသည်ဖြစ်ရာ အရည်အသွေးကျဆင်းနေပြီး မသိနိုင်သည့် အန္တရာယ်များ ရှိနေမည် ဖြစ်သည်။ 

သို့ဖြစ်ရာ ဖြိုချပြီး အသစ်တစ်ဖန် ပြန်လည်ဆောက်လုပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြင့် ဘေးကင်းလုံခြုံပြီး အရည်အသွေး မြင့်မားသည့် တိုက်တာများကို ရရှိစေမည် ဖြစ်သည်။ 

အဘယ်ကြောင့် ဖောက်ခွဲသည့်နည်းလမ်းဖြင့် ဖြိုချရသနည်း

ဖျက်ပစ်ရမည့် အဆောက်အဉီ ၁ ၅ ခုတို့သည် မြေပေါ်တွင် ဆောက်လုပ်ရေးဧရိယာ ၃၀၀,၀၀၀ စတုရန်းမီတာ ရှိပြီး အားလုံးသည် မိုးထိတိုက်တာများ ဖြစ်ကြသည်။ 

အထပ်မြင့်တိုက်တာဖြိုချရာတွင် နိုင်ငံတကာနှင့် ပြည်တွင်း  သုံးစွဲသည့် အသုံးများသော နည်လမ်း နှစ်သွယ် ရှိသည်။ 
နည်းလမ်းတစ်ခုမှာ စက်ယန္တရား သုံးစွဲပြီး ဖြိုချခြင်း ဖြစ်သည်။ ဖြတ်တောက်ဖျက်ချမည့် စက်ယန္တရားများကို ကရိန်းဖြင့် တိုက်တာအမိုးပေါ်သို့ တင်ပေးပြီး တစ်ထပ်ချင် အထက်မှ အောက်သို့ ဖြိုချသွားသည်။ ဤသည်မှာ သမားရိုးကျ နည်းလမ်း ဖြစ်သည်။ အချိန်ရှည်ကြာသည်။ တစ်ထပ်ကို ဖြိုပြီးရင် အနည်းဆုံး ၃ ရက် ကြာမြင့်သည်။ စက်မပျက် အကုန်လုံး ချောချောမွေ့မွေ့ ဆိုပါက အဆောက်အဉီတစ်ခုလုံး ဖြိုပြီးရန် အနည်းဆုံး ၈၁ ရက်နီးပါး ကြာမြင့်လိမ့်မည်။ ဖြိုဖျက်နေသည့်ကာလတစ်လျှောက်လုံး နေ့စဉ်ရက်ဆက် ဆူညံများ နားမခံသာအောင် ထွက်ပေါ်နေမည် ဖြစ်သည့်အပြင် ဖုန်မှုန်များလည်း လေထုထဲ လွင့်ပါနေမည် ဖြစ်သည်။ ဘေးကင်းလုံခြုံရေးအတွက်လည်း အန္တရာယ်ကြီးမားသည်။ ပတ်ဝန်းကျင်ကို ကာလရှည်ကြာ ထိခိုက်နေမည် ဖြစ်သည်။ 

ဒုတိယနည်းလမ်းမှာ ဖောက်ခွဲဖြိုချပစ်ခြင်း ဖြစ်သည်။ အချိန်တိုတိုဖြင့် ပြီးပြတ်သည်။ နည်းပညာပိုင်းမှာလည်း ရင့်ကျက်ပြီးသား ဖြစ်သည်။ ဘေးကင်းသည်။ အပြည့်အဝ ထိန်းချုပ်ပေးထားသည့်အောက်တွင် လုပ်ကိုင်သွားသည်။ 
သို့ဖြစ်ရာ ထပ်မြင့်အဆော်အဦများ ဖြိုချခြင်းအတွက် ဖောက်ခွဲဖြိုချခြင်းသည် အကောင်းဆုံး နည်းလမ်းဖြစ်သည်။ 

 သို့ဖြစ်ရာ ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၇ ရက် မွန်းလွဲ ၁ နာရီတွင် စတင်ခဲ့ပြီး ညနေ ၅ နာရီ မတိုင်ခင်မှာ မိုးထိတိုက်တာ ၁၅ လုံးစလုံး အပြီးအစီး ဖြိုချပေးခဲ့ကြသည်။ 

 


 

Region Read 10136 times