စက်ရုံ ၁,ဝဝဝ အလုပ်အကိုင် ၂ သန်း


06 December, 2020

 ရန်ကုန်မြို့သစ်စီမံကိန်းမှ အလုပ်အကိုင်အခွင့်အလမ်းပေါင်း နှစ်သန်းဖော်ဆောင်နိုင်ရန် စက်ရုံ (၁ဝဝဝ)လိုအပ်ကြောင်း New Yangon Development Company လီမိတက် (NYDC) ၏ ဒုဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးသိမ်းဝေက ပြောသည်။

            ရန်ကုန်မြို့သစ်စီမံကိန်း၏ အဓိကရည်ရွယ်ချက်မှာ အလုပ်အကိုင်အခွင့်အလမ်းပေါင်း နှစ်သန်းဖော်ဆောင်ပေးရန် ဖြစ်ကြောင်း၊ အဆိုပါ စက်ရုံ (၁၀၀၀) အတွက် မြေနေရာလိုအပ်ပြီး ယင်းစက်ရုံကို အောင်မြင်အောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လက်ရှိ စီမံကိန်းအကောင်အထည်ဖော်မည့် မြေနေရာမှာလယ်ကွင်းသာရှိနေပြီး မြို့သစ်အင်္ဂါရပ်နှင့် ရှိသင့်ရှိထိုက်သည့် အရည်အသွေးမှာ သုညသာရှိနေကြောင်းလည်း သိရသည်။

“ မြို့သစ်ရဲ့အဓိကရည်ရွယ်ချက်က အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးဖို့ပဲ။ တကယ်တော့ နှစ်သန်းက များလားဆိုတော့ မများဘူး။ အဲဒီ နှစ်သန်းအတွက် စက်ရုံ (၁၀၀၀) လိုအပ်တယ်။ စက်ရုံတစ်ရုံမှာ အလုပ်သမား (၂၀၀၀) စီခန့်ထားပေးရင် ရပြီ။ အလုပ်အကိုင်အခွင့်အလမ်း နှစ်သန်းဖော်ဆောငေ်ပးလိုက်ရင် မြို့သစ်မှာလူဦးရေ ၄ ၊ ၅ သန်းလောက်နေထိုင်မှာဖြစ်ပါတယ် ” ဟု NYDC ၏ ဒုဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် ဦးသိမ်းဝေက ပြောသည်။

အလုပ်အကိုင်နှစ်သန်း

*****************

             အလုပ်အကိုင်နှစ်သန်းဖော်ဆောင်နိုင်မည်ဆိုပါက ယင်းလုပ်သားနှစ်သန်းအတွက် လစဉ်လစာငွေသီးသန့်ကို အနိမ့်ဆုံးလုပ်ခကျပ် တစ်သိန်းခွဲဖြင့်သာ တွက်လျှင်ပင် လစဉ် ကျပ်သန်းပေါင်း သုံးသိန်းအထိ ရှိနေမည်ဖြစ်ကာ ယင်းငွေကို ပြန်ရှာနိုင်သော အလုပ်အကိုင်စက်ရုံ၊ ကုန်ထုတ်လုပ်ငန်းများ ဖြစ်ရေးသည် အထူးစိန်ခေါ်မှုတစ်ရပ်ဖြစ်လာမည်လည်း ဖြစ်သည်။ ဦးသိမ်းဝေ၏အဆိုအရ ရန်ကုန်မြို့သစ်စီမံကိန်း Phase 1 အတွက် ကန်ဒေါ်လာ ၅ ဘီလီယံကုန်ကျမည်ဖြစ်ပြီး စီမံကိန်းကို ပိုက်ဆံချေးငှား၍ ဆောင်ရွက်မည်မဟုတ်ဘဲ ရင်းနှီးမြှုပ်နှံသူကိုသာ ဖိတ်ခေါ်မည်ဖြစ်ကြောင်းလည်း သိရသည်။

ပထမအဆင့်ကိုမြေဧက ၂ဝဝဝဝ အကျယ်အဝန်းဖြင့် စတင်အကောင်အထည်ဖော်ဆောင်ရွက်နေပြီး ယင်းအဆင့်တွင် မြို့နယ်ငါးခု၊ တံတားနှစ်စင်း၊ ပင်မလမ်းမများ၊ စက်မှုဇုန်၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် ရေဆိုး၊ ရေသန့်စက်ရုံများပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ပထမအဆင့် အခြေခံအဆောက်အအုံများဆောင်ရွက်ရာတွင် ကန်ဒေါ်လာ ၁ ဒဿမ ၅ ဘီလီယံ ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်းလည်း သိရသည်။

Factory and Industrial Plant Read 36 times