ရန်ကုန်တွင် ဆောက်လုပ်ရေး လုပ်ငန်းခွင် ၁၀၀ ကျော် ပြန်လည်လုပ်ကိုင်ရန် ခွင့်ပြုထားပြီးဖြစ်


24 December, 2020

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် ပတ်သက်သည့် လမ်းညွှန်ချက် (Version4.0) နှင့် ရန်ကုန်တိုင်းဒေသကြီး ဆောက်လုပ်ရေးလုပ်ငန်းများဆိုင်ရာ ကြီးကြပ်မှုကော်မတီ၏ စစ်ဆေးချက်ပုံစံ (၁၈) ချက်တွင် မိမိလုပ်ငန်းခွင်နှင့် လိုက်လျော ညီထွေရှိသည့်အချက်များကို လိုက်နာဆောင်ရွက်ထားပါက ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်ခွင့်ပြုလျက်ရှိရာ လုပ်ငန်းခွင် ၁၀၀ ကျော်ကို ခွင့်ပြုချက် ပေးထားပြီးပြီ ဖြစ်သည်။

 ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနရုံးတွင် ရန်ကုန်တိုင်းဒေသကြီး ဆောက်လုပ် ရေး လုပ်ငန်းများဆိုင်ရာ ကြီးကြပ်မှုကော်မတီကပြုလုပ်သည့် ဆောက်လုပ်ရေး ဆိုင်ရာ လုပ်ငန်းများ ပြန်လည်စတင်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းခွင် များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးဆိုင်ရာ လိုက်နာဆောင်ရွက် ရမည့် အစီအမံများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် အသိပေးရှင်းလင်းပွဲတွင် ၎င်းက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြန်လည်ဆောင်ရွက်လိုသော ဆောက်လုပ် ရေး စီမံကိန်းများအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး ဆောက်လုပ် ရေး လုပ်ငန်းများဆိုင်ရာ ကြီးကြပ်မှုကော်မတီ၏ စစ်ဆေးချက်ပုံစံ ၁၈ ချက်တွင် လိုက်နာဆောင်ရွက်ထားရှိကြောင်း ဓာတ်ပုံမှတ်တမ်းများနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည့် (Version 4.0)ကို လိုက်နာ ဆောင်ရွက်ကြောင်း ဝန်ခံကတိပြုချက်တို့ကို တာဝန်ရှိသူကိုယ်တိုင် လက်မှတ်ရေးထိုးပြီး ရန်ကုန်တိုင်းဒေသကြီး ဆောက်လုပ်ရေးလုပ်ငန်းများဆိုင်ရာ ကြီးကြပ်မှုကော်မတီသို့ လိပ်မူ၍ ပေးပို့ လျှောက်ထားနိုင်ပြီး လျှောက်ထားပြီးပါက လုပ်ငန်းများ စတင်ဆောင်ရွက်နိုင်ကြောင်း သိရသည်။

“ဆောက်လုပ်ရေးလုပ်ငန်းတွေကို ခွင့်ပြုလိုက်တဲ့အခါမှာလည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှာ ကြောက်ရတယ်။ ဒါကြောင့် ကော်မတီက သတ်မှတ် ထားတဲ့အချက် ၁၈ ချက်ရှိတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ (Version 4.0)ရှိတယ်။ အဲဒီဟာနဲ့ပတ်သက်ပြီး ဆောင်ရွက် ထားတာကို ဓာတ်ပုံနဲ့တင်ပြပြီး ညွှန်ကြားချက်ကို လိုက်နာပါမယ်ဆိုတဲ့ ခံဝန် ကတိ တင်လိုက်တာနဲ့ ချက်ချင်းခွင့်ပြုပေးသွားမှာဖြစ်ပါတယ်။ သာမန်အားနည်း ချက်ရှိရင်တော့ ချက်ချင်းပြောပြီး ချက်ချင်း ပြင်ခိုင်းပါတယ်။ သတ်မှတ်ထားတဲ့ အချက်တွေထဲမှာ အရေးကြီးတဲ့အချက်တွေကိုတော့ လိုက်နာဖို့လိုပါတယ်။ ကြီးကြီးမားမား ညွှန်ကြားချက်တွေကို မလိုက်နာရင် တိုင်ကြားလို့ပဲဖြစ်ဖြစ် ရှောင်တခင်စစ်ဆေးလို့ပဲဖြစ်ဖြစ် တွေ့ရင်ယာယီပိတ်သိမ်းမှာ ဖြစ်ပါတယ်။ ပြုပြင်ပြီးတာနဲ့ ချက်ချင်းပြန်ခွင့်ပြုပေးသွားမှာ ဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ဆောက်လုပ်ရေး လုပ်ငန်းများဆိုင်ရာ ကြီးကြပ်မှု ကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးမျိုးမြင့်က ပြောသည်။

ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရန်၊ ဆောက်လုပ်ရေးလုပ်ငန်းများ၊ တည်ဆောက်ရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်လုပ်ကိုင်နိုင်ရန်နှင့် ဆောက်လုပ်ရေးကဏ္ဍရှိ လုပ်သားထုတစ်ရပ်လုံး ကပ်ရောဂါ မကူးစက်ရေးနှင့် ဖြစ်ပေါ်လာပါက အချိန်မီကုသနိုင်ရန်အတွက် စီမံထားရန် ရည်ရွယ်ချက် သုံးခုဖြင့် ရန်ကုန် တိုင်းဒေသကြီး ဆောက်လုပ်ရေးလုပ်ငန်းများဆိုင်ရာ ကြီးကြပ်မှုကော်မတီကို ယခုနှစ် မေ ၄ ရက်တွင် ဖွဲ့စည်းခဲ့သည်။

တိုင်းဒေသကြီးအတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းများ ပြန်လည်ဖွင့်လှစ် ခွင့်ပြုရန် ရန်ကုန်တိုင်းဒေသကြီး ဆောက်လုပ်ရေး လုပ်ငန်းများဆိုင်ရာ ကြီးကြပ်မှုကော်မတီသို့ တင်ပြထားသည့် ဆောက်လုပ်ရေးလုပ်ငန်းပေါင်း ၄၀၀ ကျော်ရှိပြီး လုပ်ငန်း ၁၀၀ ကျော်ကို ခွင့်ပြုခဲ့ပြီးဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး ဆောက်လုပ်ရေးလုပ်ငန်းများဆိုင်ရာ ကြီးကြပ်မှုကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးမျိုးမြင့် က “ ကိုဗစ်အလွန်မှာ ဆောက်လုပ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကြိုတင်စီမံပြီး ဖွဲ့စည်းခဲ့တာပါ။ ဆောက်လုပ်ရေး လုပ်ငန်းတွေ ကို တိုင်းဒေသကြီးအစိုးရကလည်း မြန်မြန်ဆန်ဆန်ဖွင့်လှစ်စေချင်တယ်။ ရန်ကုန်တိုင်းဒေသကြီးက တစ်နိုင်ငံလုံးရဲ့ စီးပွားရေးကဏ္ဍရဲ့ ၇၀ ရာခိုင်နှုန်းလောက် ဖြစ်နေတယ်။ ဆောက်လုပ်ရေးလုပ်ငန်းတွေ ရပ်ဆိုင်းထားရင် နိုင်ငံရဲ့စီးပွားရေးရော အခြေခံဆောက်လုပ်ရေး လုပ်သားတွေနဲ့ ဝန်ထမ်းတွေရဲ့ စားဝတ်နေရေး အခက်အခဲဖြစ်မှာစိုးလို့ ကြီးကြပ်မှုကော်မတီက ဆောက်လုပ်ရေးလုပ်ငန်းတွေ အမြန်ဖွင့်လှစ်ဖို့ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်” ဟု ပြောသည်။

ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် လိုက်နာရန် သတ်မှတ်ထားသည့် စစ်ဆေးချက် ပုံစံ ၁၈ ချက်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက် (Version 4.0) ကို Yangon City Gallery Facebook Page၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ website၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန website၊ ဆောက်လုပ်ရေးဝန်ကြီးဌာန website၊ မြို့ပြ နှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး Facebook Page နှင့် ဆောက်လုပ်ရေး လုပ်ငန်းဆိုင်ရာအသင်းများ၏ website တို့တွင် ဝင်ရောက် ကြည့်ရှုနိုင်ကြောင်း သိရသည်။

Local Read 364 times