အိမ်ရာစီမံကိန်း ဖော်ဆောင်ဖို့ ရည်ရွယ်တဲ့ Tyersall Park


16 October, 2021

ဂျိုဟိုးတော်ဝင်မိသားစုရဲ့ စံအိမ်တော်ကို နှစ်ပေါင်းအတော်ကြာ မပြုမပြင် နေထိုင်သူမရှိ ပစ်ထားလို့ ရှေးအမွေအနှစ်အဖြစ် ပြုပြင်ထိန်းသိမ်းသင့်ကြောင်း အကြံပေးတိုက်တွန်းမှုများ ထွက်ပေါ်နေသလို အိမ်ရာစီမံကိန်း ဖော်ဆောင်ဖို့ ပြောဆိုအကြံပြုခြင်းများလည်း ရှိနေပါတယ်။ 
စံအိမ်တော် တည်ရှိရာ ပရဝုဏ်ကို Tyersall Park လို့ သိထားကြပြီး မလေးရှားနိုင်ငံ ဂျိုဟိုးမှ တော်ဝင်မိသားစုက ပိုင်ဆိုင်ပါတယ်။ နန်းတော်တစ်ခု ရှိခဲ့ဖူးပြီး  Istana Woodneuk လို့ အမည်တွင်ပါတယ်။ ၁၉၃၅ ခုနှစ်မှာ ဖြိုချခဲ့ပါတယ်။ အလားတူ စံအိမ်တော်တစ်ခုရှိပြီး ၁၉၂၅ ခုနှစ်မှာ မီးလောင်ပျက်စီးခဲ့ပါတယ်။ အဲဒီနေရာမှာ Istana Wooden York  အမည်ရှိ စံအိမ်တော်ကို အသစ်တည်ဆောက်ခဲ့ပြီး လူအများစုက Istana Woodneuk လို့ မှတ်ယူထားကြပါတယ်။ ၂၀၀၆ ခုနှစ်မှာ မီးလောင်ခဲ့ပြီး ပြုပြင်ထိန်းသိမ်းဖို့ မဖြစ်နိုင်တော့လို့ လူမနေတော့ဘဲ ပစ်ထားလိုက်ကြပါတယ်။ 

 

အမေ့ခံ ဖြစ်နေခဲ့ရာမှ အိမ်ရာစီမံကိန်း ဖော်ဆောင်ဖို့ ကြိုးပမ်းနေကြောင်း သတင်းများး ထွက်ပေါ်လာတဲ့အတွက် တိုးတက်ဖြစ်ပေါ်မှုများကို စိတ်ဝင်တစားဖြင့် စောင့်ကြည့်နေကြပါတယ်။ 
လက်ရှိပိုင်ရှင်က ဂျိုဟိုမှ အိမ်ရှေ့စံမင်းသား Tunku Ismail Sultan Ibrahim ဖြစ်ပါတယ်။ သူက မြေနေရာကို ဇိမ်ခံအိမ်ကြီးအိမ်ကောင်းတွေ ဆောက်လုပ်ဖို့အတွက် ခွင့်ပြုမိန့် ရရှိဖို့ စင်ကာပူအာဏာပိုင်တွေနဲ့ ဆွေးနွေးညှိနှိုင်းနေတယ်လို့  Bloomberg သတင်းမီဒီယာက သတင်းဖော်ပြခဲ့ပါတယ်။ 

စင်ကာပူစီးပွားရေးသမား ပါဝင်ကူညီ

စင်ကာပူအစိုးရရဲ့ မြေအမျိုးအစား သတ်မှတ်ချက်အရ စိမ်းလန်းနေရာအဖြစ် အထူးအသုံးပြုရန်  “special use of green space” အမျိုးအစားဇုန် ထဲမှာ မြေကွက်က အကျုံးဝင်နေပါတယ်။ လူနေအိမ် ဆောက်လုပ်ခွင့် တားမြစ်ထားပြီး စီးပွားရေးလုပ်ကိုင်ဖို့ကိုလည်း တားမြစ်ထားတဲ့ ဇုန်မြေ အမျိုးအစား ဖြစ်ပါတယ်။ 
အိမ်ရှေ့စံမင်းသားရဲ့ ဆန္ဒကို အကောင်အထည်ဖော်နိုင်ဖို့ စင်ကာပူမှ စီးပွားရေးလုပ်ငန်းရှင်  Peter Lim ကြားဝင် ဆောင်ရွက်ပေးနေပါတယ်။ Peter Lim က ဂျိုဟိုးတော်ဝင်မိသားစုနဲ့ အိမ်ရာအဆောက်အအုံကဏ္ဍ၊ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတို့မှာ ဖက်စပ်လုပ်ငန်းများ လုပ်ကိုင်လျက် ရှိပြီး Vantage Bay Healthcare City စီမံကိန်း၊ Thomson Iskandar ကျန်းမာရေးအချက်အချာ စီမံကိန်းတို့ကို ပါဝင်ပါတယ်။ စင်ကာပူ-မလေးရှား နယ်စပ် မလေးရှားနိုင်ငံဘက်ရှိ ဂျိုဟိုးဘာရူးမှာ လုပ်ကိုင်နေတဲ့ စီမံကိန်းတစ်ခု ဖြစ်ပါတယ်။ 

 

Tyersall Park ခန့်မှန်းဈေးနှုန်းများ

Tyersall Park  ပရဝုဏ်က အကျယ်အဝန်း ၂၁၀,၈၇၅ စတုရန်းမီတာ ( ၅၂ ဧကကျော်) ရှိပါတယ်။ နှိုင်းယှဉ်ကြည့်ရင် ရန်ကုန် မြို့လည်ခေါင်မှ မဟာဗန္ဓုလပန်းခြံ အကျယ်အဝန်းက ၇ ဧကခွဲ ရှိတာကြောင့် Tyersall Park  ပရဝုဏ်က မဟာဗန္ဓုလပန်းခြံထက် အကြမ်းအားဖြင့် ၇ ဆခွဲ ကျယ်ဝန်းပါတယ်။ 
၁၉၉၀ နဲ့ ၂၀၀၉ ခုနှစ်တို့မှာ စင်ကာပူအစိုးရက မြေဧရိယာအချို့ ဝယ်ယူခဲ့လို့ ဖဲ့ရောင်းခဲ့ပါတယ်။ အဲဒီမြေဧရိယာမှာ စင်ကာပူ အစိုးရက ရုက္ခဉယျာဉ်များ  Botanic Gardens ထားရှိခဲ့ပြီး Unesco World Heritage Site အဖြစ် အသိအမှတ်ပြုခံရပါတယ်။ 
ကျန်ရှိတဲ့ မြေဧရိယာရဲ့ တန်ဖိုးက စင်ကာပူဒေါ်လာ သန်း ၆၀၀ ဝန်းကျင် (အမေရိကန်ဒေါ်လာ ၄၄၂ သန်းဝန်းကျင်) ဖြစ်ပါတယ်။ မြေအသုံးချပုံ ပြောင်းလဲသတ်မှတ်ရန်ကိစ္စ အပါအဝင် အိမ်ရာစီမံကိန်း ဖော်ဆောင်ရန်အတွက် လိုအပ်တဲ့အချက်တွေ ခွင့်ပြုချက် ရရှိဖို့ အစိုးရနဲ့ ဆွေးနွေးညှိနှိုင်းနေတာ ဖြစ်ပါတယ်။ တကယ်လို့ အိမ်ရာစီမံကိန်း စတင်လို့ရတဲ့ အနေအထားကို ရောက်ရှိရင် မြေကွက်တန်ဖိုးက စင်ကာပူဒေါ်လာ ၂.၆၆ ဘီလျံ (အမေရိကန်ဒေါ်လာ ၄.၅ ဘီလျံ) ဖြစ်လာမယ်လို့ အိမ်ရာပွဲစားလုပ်ငန်း Savills မှ အတိုင်ပင်ခံ Alan Cheong က တွက်ချက်ခန့်မှန်းပါတယ်။ 
အိမ်ရာစီမံကိန်းကို အကောင်အထည်ဖော်မယ်ဆိုရင် ကုန်ကျစရိတ် စင်ကာပူဒေါ်လာ ၄.၅ ဘီလျံ (အမေရိကန်ဒေါ်လာ ၃.၃ ဘီလျံ) အထိ ကုန်ကျနိုင်ဖွယ်ရှိတယ်လို့ သူက ပြောကြားပါတယ်။ 

 

 


 

Region Read 427 times