ရန်ကုန်-ကြည့်မြင်တိုင်နှင့် ရေကူး-တာမွေလမ်းပိုင်း မြို့ပတ်ရထားလမ်း အစုန်/အဆန်လမ်း ပြုပြင်ပြီးစီး

12 January, 2021

ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို အနောက်ခြမ်းနှင့် အရှေ့ခြမ်းဟူ၍ (၂)ပိုင်းခွဲပြီး မြန်မာ့မီးရထားမှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့ပတ်အနောက်ခြမ်းအား (A-1) ကုမ္ပဏီ မှ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ(၂၁)ရက်နေ့တွင် အပိုင်း(၃)ပိုင်းခွဲ၍ စတင် ဆောင်ရွက်ခဲ့ပြီး တညင်းကုန်း-အင်းစိန် (၃.၇၅)မိုင်၊ အင်းစိန်-ကြည့်မြင်တိုင် (၅.၅)မိုင်၊ ကြည့်မြင်တိုင်-ဘုရားလမ်း (၃)မိုင် တို့ပါဝင်ကာ စုစုပေါင်း (၁၂.၂၅)မိုင် ဖြစ်သည်။

ယနေ့၊ နံနက် (၆) နာရီတွင် နောက်ဆုံးကျန်ရှိနေသည့် ကြည့်မြင်တိုင်-ဘုရားလမ်း၊ အတွင်းလမ်း (Inner Line) အား ဖွင့်လှစ်ခဲ့သဖြင့် ( A-1)ကုမ္ပဏီ နှင့် ဆောင်ရွက်ခဲ့သော ရန်ကုန်မြို့ပတ် အနောက်ခြမ်းသည် ရထားလမ်း အဆင့်မြှင့်ခြင်း ပြီးစီးသွားသဖြင့် အစုန်အဆန် ရထားများ ပုံမှန်အတိုင်း သွားလာနိုင်တော့မည်ဖြစ်သည်။

ရန်ကုန်မြို့ပတ် အရှေ့ခြမ်းအား ရွှေတောင်ကုမ္ပဏီမှ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၂၁) ရက်နေ့မှ စတင်ကာ အပိုင်း (၂) ပိုင်းခွဲ၍ ဆောင်ရွက်ခဲ့ပြီး တညင်းကုန်း- ပုရွက်ဆိတ်ကုန်း (၇.၂၅) မိုင်၊ ပုရွက်ဆိတ်ကုန်း- ပုဇွန်တောင် (၈.၅)မိုင် တို့ ပါဝင်ကာ စုစုပေါင်း (၁၅.၇၅)မိုင် ဖြစ်သည်။

ယနေ့၊ နံနက် (၇)နာရီ တွင် ရေကူး-တာမွေ အပြင်လမ်း (Outer Line) ကို ဖွင့်လှစ်ခဲ့သဖြင့် တညင်းကုန်းဘူတာမှ တာမွေဘူတာအထိ အစုန်/အဆန် (အတွင်းလမ်း/အပြင်လမ်း) (၂)ခုလုံး ပြီးစီးသွားပြီ ဖြစ်သည်။

တာမွေ- ပုဇွန်တောင်လမ်းပိုင်းမှာ အပြင်လမ်း ( Outer Line) ပြုပြင်ထားပြီးဖြစ်ကာ အတွင်းလမ်း (Inner Line) သာ ကျန်ရှိသည်။ ပြုပြင်ရန် ကျန်ရှိနေသည့် တာမွေ- ပုဇွန်တောင် အတွင်းလမ်းပိုင်း (Inner Line)အား ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလကုန်တွင် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

COVID-19 ရောဂါဖြစ်ပွားနေသည့်ကာလ ဖြစ်သဖြင့် မြို့ပတ်ရထား ပြေးဆွဲမှုကို ရထားတွဲဆိုင်း (၃)ဆိုင်း ဖြင့်သာ နံနက်ပိုင်းနှင့် ညနေပိုင်း ရုံးချိန်ရထားများကို ပြေးဆွဲပေးလျက်ရှိပြီး တစ်ရက်ပျမ်းမျှခရီးသည် ရုံးဖွင့်ရက်များတွင် (၃၇၀၀) ဦးခန့်နှင့် ရုံးပိတ်ရက်များတွင် (၃၁၀၀)ဦး ခန့် စီးနင်းလျက်ရှိသည်။

Zaw Lwin

Mixed Use and Urban Read 213 times