ကမ္ဘာ့ပထမဆုံး ကမ်းလွန်‌ရေနံတွင်းစင် အပန်းဖြေစခန်း THE RIG တည်ဆောက်မည်


22 October, 2021

အပန်းဖြေ ခရီးထွက်ကြသူတွေအတွက် အပန်းဖြေစခန်းတစ်ခုကို ကမ်းလွန်ပင်လယ်ပြင်မှာ တည်ရှိတဲ့ ရေနံတွင်းစင်ပေါ်မှာ အကောင်အထည်ဖော်မှာ ဖြစ်ပြီး အပန်းဖြေစခန်း အမည်ကို ရေနံတွင်းစင် THE RIG လို့ ရိုးရိုးစင်းစင်း တဲ့တိုးအမည်ပေးထားတယ်။
ကမ္ဘာ့ပထမဆုံး ကမ်းလွန်ပလက်ဖောင်း အပန်းဖြေစခန်း ဖြစ်ပါတယ်။


ကမ်းလွန်ရေနံတွင်း ပလက်ဖောင်းပေါ်မှာ  အပန်းဖြေစခန်းကို ဆော်ဒီအာရေဗျမှ ကမ္ဘာ့အကြီးမားဆုံး ဘုရင့်ရန်ပုံငွေဖြစ်တဲ့ Public Investment Fund က တာဝန်ယူ အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၆ ရက်မှာ Public Investment Fund က ကြေညာချက် ထုတ်ပြန်ခဲ့တာမှာ ခရီးသွား လုပ်ငန်း စီမံကိန်း  “THE RIG” အစီအစဉ်ကို အသိပေးထားပါတယ်။
အာရေဗျပင်လယ်ထဲမှာ တည်ရှိတဲ့ ရေနံတွင်း ပလက်ဖောင်းတစ်ခုပေါ်မှာ အပန်းဖြေစခန်းတစ်ခုနဲ့ ပျော်စရာဥယျာဉ်တစ်ခု တည်ဆောက်မယ်။
ဧရိယာ ၁၅၀,၀၀၀ စတုရန်းမီတာ ကျယ်ဝန်းတဲ့ အပန်းဖြေစခန်းမှာ ဟိုတယ် သုံးလုံး ပါဝင်မယ်။ တည်းခိုဖို့  စုစုပေါင်း အခန်း ၈၀၀ ပါမယ်။
ရေနံတွင်းစင်မှာ နဂိုကတည်းက ရှိပြီးသား ရဟတ်ယာဉ်ကွင်း တစ်ခု ရှိမယ်။ စားသောက်ဆိုင် ၁၁ ဆိုင် ဖွင့်လှစ်ပေးထားမယ်။
ရိုလာကိုစတာ တစ်ခု ဆောက်လုပ်ပေးထားမယ်။
ရေလျှောတစ်ခု ရှိမယ်။ ချား တစ်ခု၊ ချားရဟတ် တစ်ခု ရှိမယ်။
သည်းထိပ်ရင်ဖို အားကစားအဖြစ် ကြိုးတန်းလန်းဖြင့် ခုန်ချရတဲ့ bungee jumping အစီအစဉ် ရှိမယ်။ ပင်လယ်ထဲ ရေငုပ်ဖို့ စကူဘာဒိုင်ဗင် ရှိမယ်။
THE RIG စီမံကိန်း ကုန်ကျစရိတ် အသိပေးထုတ်ပြန်တဲ့လအထဲမှာ ဖော်ပြမထားဘူး။
ခန့်မှန်းကြတာ အမေရိကန်ဒေါ်လာ ၅၀၀ ဘီလျံ ဝန်းကျင် ကုန်ကျလိမ့်မယ်။

THE RIG ဆီကို လာဖို့ ပြန်ဖို့ ခရီးသည်တင် ဘုတ်တွေ ရှိမယ်။ ဇိမ်ခံ ရွက်လှေတွေ ရှိမယ်။ ဇိမ်ခံအပန်းဖြေ ခရီးသည်တင်သင်္ဘော ခရုစ်တွေ ရှိမယ်။ ရဟတ်ယာဉ်တွေ ရှိမယ်။

Public Investment Fund ရဲ့ ၂၀၂၁-၂၀၂၅ မဟာဗျူဟာမှာ ဆော်ဒီအာရေဗျ ခရီးသွားလုပ်ငန်း ခေတ်ဆန်စေရေးနှင့် ဖျော်ဖြေရေးလုပ်ငန်း ခေတ်မီစေရေးတို့ ပါဝင်တယ်။ ၎င်းအချက်တွေနဲ့အညီ THE RIG ကို အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံအနေဖြင့် ရေနံအပေါ် မှီခိုနေရတဲ့ အဖြစ်မှ ကင်းလွတ်စေရေး ရည်မှန်းချက်ကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းတာလည်း ဖြစ်ပါတယ်။

စီမံကိန်းကို ရှင်းလင်းတင်ပြထားတဲ့ ဗီဒီယိုကိုလည်း ထုတ်လုပ်ထားပါတယ်။

 

Tips Read 246 times