ဈေးခေါက်ချိုးမက လျှော့ပေးသော်လည်း ရောင်းမထွက်သေးတဲ့ အိမ်ကြီးမဟာ The One Bel Air


03 October, 2021

 အမေရိကန် အိမ်အရောင်းဈေးကွက်ထဲမှာ ခေတ်ပေါ်အိမ်အသစ်တွေထဲ အကြီးမားဆုံး အိမ်ကြီး ဖြစ်ပြီး developer ဖြစ်သူ  Nile Niami က အမေရိကန်ဒေါ်လာ သန်း ၅၀၀ ဖြင့် ဈေးဖွင့်ခဲ့ပြီး ငွေကြေးမလုံလောက်တဲ့ ပြဿနာ ဖြစ်ပွားခဲ့ပါတယ်။ 
The One Bel Air ကို တရားရုံးတော်က Ted Lanes ထံ အပ်နှံထားပြီး ပိုင်ဆိုင်မှုကို ထိန်းချုပ်ထားကာ ဝယ်သူ ရှာဖွေနေပါတယ်။ တင်ရှိနေတဲ့ ကြွေးမြီတွေ ချေးငွေတွေကို အိမ်‌ရောင်းပြီး ဆပ်ရမှာ ဖြစ်ပါတယ်။ ယခုအခါ အိမ်ဈေးကို ထက်ဝက်လျှော့ချပေးထားသော်လည်း ရောင်းမထွက်သေးဘူး။ 

 

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျယ်လိစ်မြို့မှာ ခေတ်ဆန်ဆန် ဗိသုကာဒီဇိုင်းဖြင့် တည်ဆောက်ထားတဲ့ အိမ်ကြီးအကြောင်းကို Architectural Digest မှာ ဖော်ပြထားတာ The One Bel Air  မှာ ရေချိုးခန်းအိမ်သာ ၄၂ ခန်း ပါတယ်။ အိပ်ခန်း ၂၁ ခန်း ပါတယ်။ master suite  လို့ ခေါ်ကြတဲ့ ရေချိးခန်းအိမ်သာတွဲလျက်ပါ အိပ်ခန်းကျယ်ကြီး တစ်ခန်းပါပြီး အကျယ်အဝန်းက ၅,၅၀၀ စတုရန်းပေ ကျယ်တယ်။  ကား အစီး ၃၀ ထားဖို့ ကားဂိုဒေါင် ပါတယ်။ နိုက်ကလပ် ခန်းမပါတယ်။ အပြေးကာယလေ့ကျင့်ခန်း ယူဖို့ ပေ ၄၀၀ ရှည်တဲ့ ပြေးလမ်းပါတယ်။  ပုလင်း ၁၀,၀၀၀ ထားဖို့ နေရာရှိတဲ့ ဝိုင်သိုလှောင်ခန်း ပါတယ်။ 
နေထိုင်စရာ ကြမ်းခင်းဧရိယာ စုစုပေါင်း စတုရန်းပေ  ၁၀၅,၀၀၀ ကျယ်ဝန်းတဲ့ The One Bel Air အိမ်ကြီးမဟာတွင် နေပူစာ လှုံဖို့ ဟင်းလင်ပွင့်နေရာတွင် မြက်ခင်းပြင်ကျယ် ထည့်ပေးထားပြီး ညကလပ်၊ ရေကူးကန်များ၊ လူ ၅၀ ထိုင်ကြည့်နိုင်တဲ့ ရုပ်ရှင်ရုံခန်းမကျယ်၊ ၄ လိုင်းပါ ဘိုလင်းအားကစားခန်းမ စသည်များ ပါဝင်ပြီး Skyline Development မှ Nile Niami က တည်ဆောက်ပြီး McClean Design မှ Paul McClean က ဗိသုကာ ဒီဇိုင်းထုတ်ပေးထားပါတယ်။

အိမ်ကြီးမဟာ The One Bel Air ကို အမေရိကန်ဒေါ်လာ သန်း ၅၀၀ ဖြင့် ဈေးခေါ်ခဲ့ပြီး ဝယ်သူ မရလို့ ဈေးနှုန်းကို အမေရိကန်ဒေါ်လာ ၂၂၅ သန်း လို့ လျှော့ချသတ်မှတ်ပေးထားပါတယ်။ အိမ်ကြီးကို ဆောက်လုပ်တာ အပြီးအစီးအထိ မရောက်သေးဘူး။ ဆောက်ရင်းတန်းလန်း နှောင့်နှေးကြန့်ကြာတာတွေ ရှိခဲ့ပြီး ငွေမလည်ပတ်တော့လို့ ကြွေးရှင်တွေက တရားစွဲဆိုထားတယ်။ တရားရုံးတော်က သိမ်းယူလိုက်ပြီး အိမ်ရောင်းချလို့ ရလာတဲ့ငွေဖြင့် ကြွေးဆပ်ဖို့ အမိန့်ချထားပါတယ်။ 
 

Los Angeles Times မှာ ဖော်ပြထားတဲ့ သတင်းအရ Niami  ကို စီးပွားရေးသမား Don Hankey က အိမ်ကြီးကို အပြီးအစီး ဆောက်လုပ်နိုင်ဖို့ ချေးငွေ ဒေါ်လာသန်းချီပြီး ထုတ်ချေးခဲ့တယ်။ အိမ်ကြီးက အချိန်မီ မပြီးစီးတဲ့အပြင် ကြိုပွိုင့် ရောင်းမထွက်တာကြောင့် လုပ်ငန်း ငွေမလည်နိုင်တော့တဲ့ အခြေအနေကို ဆိုက်ရောက်ခဲ့တယ်။ Don Hankey က ရုံးတော်ကို ဦးတိုက်လျှောက်ထားပြီး တရာစွဲဆိုခဲ့တယ်။ Niami ရဲ့ အကန့်အသတ်ဖြင့်သာ ပေးလျော်ဖို့ လိုတဲ့ လီမိတက် အမျိုးအစား ကုမ္ပဏီဖြစ်တဲ့ Crestlloyd က အမည်ပေါက် ကုမ္ပဏီ ဖြစ်တာကြောင့် Crestlloyd ကို ကြွေးဆပ်ဖို့ ပျက်ကွက်တဲ့အမှုဖြင့် တရားစွဲဆိုထားတယ်။ 
Hankey က “ ကျွန်တော်တို့က ငွေထုတ်ချေးတယ်။ အိမ်ကို ဈေးကွကတင်ပြီး ရောင်းမယ်။ ချေးငွေကို ကျွန်တော်တို့ အဆုံးမခံနိုင်ဘူး။ တစ်နည်းနည်းနဲ့ ဖြေရှင်းမယ်” လို့ ပြောကြားခဲ့ပါတယ်။ 
တရားရုံးတော်က Ted Lanes  လက်ထဲ အပ်နှံထားပြီး အိမ်ကို ထိန်းချုပ်ခိုင်းထားတယ်။ ဝယ်မယ့်သူ ရှာဖို့လည်း တာဝန်ပေးထားတယ်။ ရောင်းပြီးရင် ကြွေးတွေ ရှင်းပေးဖို့လည်း ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ 
 


ဇွန်လ ၂၀ ရက်မှာ Niami  က Instagram မှာ ပို့စ်တစ်ခု တင်ပြီး  ပြောပြထာတယ်။ 
“လွန်ခဲ့တဲ့ ၇ နစ်တုန်းက ကျွန်တော် စိတ်ကူးတစ်ခု ရတယ်။ အကြီးမားဆုံး၊ ဈေးအကြီးဆုံး အိမ်တစ်လုံးကို မြို့ပြလောကထဲမှာ ဆောက်လုပ်မယ်ဆိုတဲ့ The One Bel Air စိတ်ကူးကို အခု ကျွန်တော် အကောင်အထည်ဖော်ပြီးပြီ”
သူတင်ခဲ့တဲ့  ပို့စ်တစ်ခုမှာတော့ အိမ်ရောင်လို့ ရတဲ့ငွေထဲမှ ပရဟိတအလှူ လုပ်မယ်လို့ ရေးထားတယ်။ အဲဒီတုန်းက အိမ်ကြီး ဒေါ်လာ သန်း ၅၀၀ ဖြင့် ဈေးခေါ်ထားတဲ့အချိန် ဖြစ်ပါတယ်။ 

 

အပိုင်းနှစ်ပိုင်းဖြင့် YouTube  မှာ အိမ်ကြီးအကြောင်း တင်ပြထားတဲ့ ဗီဒီယိုကို ဧပြီလမှ တင်ခဲ့တယ်။ ဗီဒီယိုမှာ အိမ်ကြီး ဆောက်လုပ်ဖို့ မြေကွက်ကို ၂၀၁၂ ခုနှစ်မှာ ဝယ်ယူခဲ့တယ်လို့ ဆိုပါတယ်။ ဗီဒီယိုမှာ အိမ်ကြီးရဲ့ ခမ်းနားကျယ်ဝန်းတဲ့ အခန်းတွေကို လိုက်ရိုက်ပြထားတယ်။ 

အုပ်ထိန်းသူအဖြစ် တာဝန်ယူထားသူ Ted Lanes  က ဆောက်လုပ်ရေးအပိုင်း မပြီးစီးတာတွေကို အမြန်ဆုံး ပြီးစီးဖို့ တက်သုတ်ရိုက် လုပ်ကိုင်နေတယ်။ အိမ်ဝယ်ယူသူ ရလာရင် အိမ်ကို သော့အပ်ဖို့ အသင့်အနေအထား ဖြစ်နေဖို့ လိုတယ်လို့ သူက ရှင်းပြတယ်။ သူခန့်မှန်းထားတာက အိမ်ကြီးမှာ အကြွေး အမေရိကန်ဒေါ်လာ ၁၆၅ သန်း ဝန်းကျင် ရှိနေတယ်။ လုပ်လက်စတန်းလန်းတွေကို အပြီးသတ်ဆောက်လုပ်တာက အမေရိကန်ဒေါ်လာ ၅ သန်းတော့ အနည်းဆုံး ကုန်ကျလိမ့်မယ်လို့ သူက ခန့်မှန်းထားပါတယ်။ 

usatoday.com
 

Global Read 1138 times