ခေတ်မီအဆင့်မြင့် the Hangar စျေးရုံသစ် ဇန်နဝါရီ ၂၃ ရက်တွင် ဖွင့်လှစ်မည်

14 January, 2021

မြန်မာနိုင်ငံ၌ ပထမဦးဆုံး Wet Market (သား၊ ငါး၊ ကုန်စိမ်း၊ ကုန်ခြောက် ဈေးရုံကြီး)နှင့် စားသောက်ဆိုင်တန်းများ ယှဉ်တွဲဆောက်လုပ်ထားသော ခေတ်မီအဆင့်မြင့် the Hangar စျေးရုံသစ်တည်ဆောက်ရေးစီမံကိန်းကို ရန်ကုန်မြို့ သန်လျင်မြို့နယ်ရှိ Star City အိမ်ရာဝင်းအတွင်း တည်ဆောက် ပြီးစီးနေပြီဖြစ်ပြီး ဇန်နဝါရီ ၂၃ ရက်တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စျေးရုံသစ် စီမံခန့်ခွဲသူ ဦးမြင့်လွင်ထံမှ သိရသည်။

MITT၊ Star City အတွင်းရှိ the Hangar စျေးရုံသစ် တည်ဆောက်ရေးစီမံကိန်း မှာ သီလဝါအထူးစီးပွားရေးဇုန်နှင့် ရန်ကုန်မြို့တို့ကို လွယ်ကူစွာသွားလာနိုင်သောလမ်းကြောင်းပေါ်၌တည်ရှိပြီး သန့်ရှင်းလတ်ဆတ်သော ပြည်တွင်းထွက် ကုန်ပစ္စည်းပေါင်းများစွာကို တစ်နေရာတည်း၌ စုံလင်စွာရရှိနိုင်စေရန် စီစဉ် ဆောင်ရွက်ထားကြောင်း သိရသည်။

ခေတ်မီအဆင့်မြင့်မှ ဈေးရုံသစ်၏ အကျယ်အဝန်းမှာ စတုရန်းပေ ၉၀၀၀ ကျော်ရှိပြီး ဈေးရုံသစ် အတွင်းရှိ Wet Market ဘက်အခြမ်း၌ ဆိုင်ခန်းမျက်နှာစာနှင့် အရှည် ၆ ပေ ပတ်လည်ရှိသော စျေးဆိုင်ခန်းပေါင်း ၃၂ ခန်းကိုထည့်သွင်းဆောက်လုပ်ထားသည်။ စားသောက်ရုံဘက်အခြမ်း၌ ဆိုင်ခန်းမျက်နှာစာနှင့်အရှည် ၁၀ ပေ ပတ်လည်ရှိသော စားသောက်ဆိုင်ခန်းပေါင်း ၁၂ ခန်းအား ထည့်သွင်းဆောက် လုပ်ထားကြောင်း သိရသည်။

အရေးပေါ်မီးငြှိမ်းသတ်ရေးစနစ်များအား ဆောင်ရွက်ထားရှိပြီး စျေးဝယ်သူပြည်သူများ အဆင်ပြေကြစေရန် အတွက် ယာဉ်ရပ်နားရာ ကားပါကင်အပါအဝင် သန့်ရှင်းရေးနှင့် လုံခြုံရေး ဝန်ဆောင်မှုများအား ထည့်သွင်းဆောက်ရွက်ထားရှိကြောင်းလည်း သိရ

သည်။

စျေးရုံဘက်အခြမ်းရှိစျေးဆိုင်ခန်းများ၌ အဝတ်အထည်များ၊ လူသုံးကုန် ပစ္စည်းများနှင့် ကုန်ခြောက်ပစ္စည်းများအပါအဝင် သန့်ရှင်းလတ်ဆတ်သော သား/ငါးနှင့် ဟင်းသီးဟင်းရွက်များအား ခင်းကျင်းပြသထားမည်ဖြစ်ပြီး စားသုံးသူပြည်သူများနေရာတစ်နေရာတည်းတွင် လွယ်ကူစွာရရှိသုံးဆောင်နိုင်ကြ စေရန်အတွက် မြန်မာ့ရိုးရာအစားအစာများအပါအဝင် မြန်မာထမင်းဟင်း၊ ဘိတ်အစားအစာ၊ မာလာရှမ်းကော၊ ထိုင်း၊ အိန္ဒိယ၊ တရုတ်၊ ကိုရီးယားနှင့် ဂျပန်အစားအစာများအား စားသောက်ရုံဘက်အခြမ်းရှိ စားသောက်ဆိုင်ခန်း အသီးသီး၌ ခင်းကျင်းပြသရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နေ့စဉ်ဖွင့်လှစ် ကိုဗစ်ကာလဖြစ်သောကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောသတ်မှတ်စည်းကမ်းချက်နှင့်အညီ အစားအစာများအား ပါဆယ်စနစ်ဖြင့်ရောင်းချပေးသွားမည်ဖြစ်ရာ Wet Market (သား၊ ငါး၊ ကုန်စိမ်း၊ ကုန်ခြောက်ဈေးရုံကြီး)ကို နံနက် ၅ နာရီမှ မွန်းလွဲ ၂ နာရီအထိ လည်းကောင်း၊ စားသောက်ဆိုင်များကို နံနက် ၆ နာရီမှ ည ၉ နာရီ အထိလည်းကောင်း နေ့စဉ် ဖွင့်လှစ်ထားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင်ဈေးရုံသစ်အနီး၌ Bus Terminal ဆောက်လုပ်ထားရာ ခေတ်မီ အဆင့်မြင့် ''the Hangar'' စျေးရုံသစ်သို့ လာရောက်ကြသော ပြည်သူများ အဆင်ပြေလွယ်ကူကြစေရေးအတွက် အများသုံး ဘတ်စ်ကားများကို ရန်ကုန်မြို့ တွင်းနှင့်ချိတ်ဆက်၍ ပြေးဆွဲပေးသွားရန်စီစဉ်လျက်ရှိကြောင်း စျေးရုံသစ် တည်ဆောက်ရေးစီမံကိန်းရုံးမှ သိရသည်။

ပွင့်သစ္စာ

Local Mixed Use and Urban Read 635 times