အောင်မြင်မှု ရနေတဲ့ Takeuchi မီနီမြေတူးစက်


24 November, 2021

အရှေ့ဂျာမနီ၊ အနောက်ဂျာမနီ ဟူ၍ ဂျာမနီ ကွဲနေခဲ့စဉ်တုန်းက ဘာလင်မြို့ရှိ အရှေ့နှင့် အနောက်အကြား စည်းတားထားသည့် ဘာလင်တံတိုင်းကို ဖြိုဖျက်ပြီး အရှေ့နှင့် အနောက် ပေါင်းစည်းက ဂျာမနီသည် တစ်နိုင်ငံတည်း အဖြစ်သို့ ရောက်ရှိခဲ့သည်။ 

 


၁၉၈၉ ခုနှစ်တွင် ဘာလင်တံတိုင်းကို အပြီးတိုင် ဖြိုချသည်အခါ သုံးစွဲခဲ့သည့် ဆောက်လုပ်ရေးလုပ်ငန်သုံး ယန္တရားသည် ဂျပန်နိုင်ငံမှ ထုတ်လုပ်သော  Takeuchi မြေတူးစက်များ ဖြစ်သည်။ မှတ်တမ်းဓာတ်ပုံများတွင် Takeuchi မြေတူးက်များကို မြင်ကြတွေ့ကြသဖြင့် Takeuchi ကို လူသိများသွားသည်။ 

လွန်ခဲ့သော နှစ်ပေါင်း ၅၀ ဝန်းကျင် ၁၉၆၃ ခုနှစ်တွင် စတင်ထူထောင်ခဲ့သော Takeuchi Manufacturing သည် မြေတူးစက်အမျိုးမျိုးတို့ကို ထုတ်လုပ်ပြီး အသေးစားမြေတူးစက်များတွင် နာမည်ရသည်။ ယာဉ်အလေးချိန် ၆ တန်အောက် ဖြစ်သည့် မြေတူးစက်ကို ကမ္ယာပေါ်တွင် ပထမဆုံး ထုတ်လုပ်ခဲ့သည်။ ဆောက်လုပ်ရေးလုပ်ငန်သုံး ယန္တရားအဖြစ် ကမ္ဘာ့ဈေးကွက်ထဲသို့ တင်ပို့ရောင်းချခဲ့သည်။
မြေတူးစက်များ ပြည်ပသို့ တင်ပို့သည့်အဆင့်သို့ မရောက်သေးခင်က  Takeuchi Manufacturing သည် ဂျပန်ကုမ္ပဏီများအတွက် စက်ယန္တရားများ တည်ဆောက်ပေးခြင်းဖြင့် ဝင်ငွေဖန်တီးသည်။ 
အငယ်စားမြေတူးစက်များကို ၁၉၇၈ ခုနှစ်တွင် ပြည်ပဈေးကွက်များသို့ စတင် တင်ပို့ခဲ့သည်။  "အငယ်စားမြေတူးစက်အတွက် သီးခြားဈေးကွက် မရှိသေးဘူး" ဟု Takeuchi Manufacturing ထူထောင်သူ နှင့် စီအီးအို Akio Takeuchi က ပြောပြသည်။ 

ပြည်တွင်းဈေးကွက်ကို အားမကိုးဘဲ ပင်လယ်ရပ်ခြားဈေးကွက်ကို အဓိက ထားသည်။ ရောင်းအား၏ ၉၈% သည် ပင်လယ်ရပ်ခြားတွင် ရောင်းချခြင်း ဖြစ်သည်။ 
အမေရိကန်နိုင်ငံနှင့် ဥရောပနိုင်ငံများသည် ရောင်းအား ကြီးထွားနေသည့် ဈေးကွက်များ ဖြစ်သည်။
၁၉၇၁ ခုနှစ်တွင်  မီနီမြေတူးစက်ကို  ပထမဆုံး ရောင်းချခဲ့သည်။ မြို့ပြအိုးအိမ် ခြံဝင်း ထဲ ကျဉ်းမြောင်းသောနေရာတွင် လူအားဖြင့် လုပ်ကိုင်ခြင်းအစား ယန္တရားဖြင့် ထိရောက်မြန်ဆန်စွာ လုပ်ကိုင်ပေးနိုင်သော အရွယ်အစားရှိသည့် မြေတူးစက်သည် တစ်မူထူးခြားနေပြီး လူကြိုက်များသည်။ 

Komatsu နှင့် Hitachi Construction တို့မှ ထုတ်လုပ်သော တန် ၂၀ အလေးချိန်ရှိ မြေတူးစက်များသည် စီမံကိန်းကြီးများကို ကြီးစိုးထားဆဲဖြစ်သော်လည်း မြို့ပြအိမ်ရာ အသေးစား ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် မီနီမြေတူးစက်တို့က နေရာယူထားကြသည်။ 

Takeuchi Manufacturing အရောင်းကွန်ယက်သည် ဆောက်လုပ်ရေးလုပ်ငန်းသုံး ယန္တရားများ ထုတ်လုပ်ဖြန့်ချိ ရောင်းချသည့် လုပ်ငန်းကြီးများကို မယှဉ်သာပေ။ ထုတ်လုပ်နိုင်စွမ်းမှာလည်း မယှဉ်သာပေ။ သို့သော် မီနီမြေတူးစက် ဈေးကွက်ထဲတွင် ထိပ်ပိုင်းမှာ Takeuchi Manufacturing ရောက်ရှိနေသည်။ ဥရောပဈေးကွက်ထဲတွင် ဒုတိယနေရာကို ရရှိထဦးသည်။ မြောက်အမေရိကတွင် ပဉ္စမနေရာကို ရရှိထားသည်။ Caterpillar, John Deere နှင့် Hyundai Heavy Industries တို့ကို ယှဉ်ပြိုင်နေရသည်။  Kubota နှင့်လည်း ပြိုင်ဘက် ဖြစ်သည်။ 

Takeuchi သည် ဝယ်ယူသူအား ရွေးချယ်စရာများ စီစဉ်ပေးထားသည့်အတွက် လူပိုကြိုက်သည်။ အချို့မော်ဒယ်များတွင် ရွေးချယ်စရာ အချက် ၆၀ ခန့် ရှိသည်။ ထိုင်ခုံအမျိုးမျိုး နှစ်သက်ရာကို ရွေးနိုင်သည်။ နောက်ကြည့်ကင်မရာ အမျိုးမျိုး နှစ်သက်ရာကို ရွေးနိုင်သည်။ 
ပြိုင်ဘက်လုပ်ငန်းများသည် ရွေးချယ်စရာ အချက် ၂၀ ထက် မပိုချေ။


Takeuchi Manufacturing သည် စက်ရုံသစ်တစ်ရုံကို ၂၀၂၃ တွင် ဖွင့်လှစ်ည် ဖြစ်သည်။ တစ်နှစ်တာ ရောင်းအားပမာဏကို ယန်း ၁၃၄ ဘီလျံ (အမေရိကန်ဒေါ်လာ ၁.၁၇ ဘီလျံ) ရရှိမည်ဟု ခန့်မှန်းထားသည်။ 

မီနီမြေတူးစက်များ ရောင်းချရာ၌ အမြတ်မာဂျင် နည်းပါးသည်။ ရောင်းရငွေပမာဏ၏ ၇၈% သည် ကုန်ကျစရိတ် ဖြစ်နေသည်။ Komatsu (၇၁%) နှင့် Hitachi Construction(၇၄%) တို့ထက် Takeuchi Manufacturing က ကုန်ကျစရိတ် ရာခိုင်နှုန်း ပိုများနေသည်။ 
ကွန်တိန်နာခနှင့် ကွန်တိန်နာ သယ်ပို့ခများ အလွန်မြင့်မားနေခြင်း၊ စတီးဈေးနှုန်း မြင့်မားနေခြင်းတို့ကြောင့် အမြတ်မာဂျင် ထပ်လျော့ကျဦးမည်ဟု ခန့်မှန်းထားသည်။ 

 

 

Tips Read 488 times