ပြည်ပကုမ္ပဏီများပါ ပါဝင်လာသည့် Smart Car Parking လုပ်ငန်းတင်ဒါ


09 December, 2019

    ရန်ကုန်တိုင်းဒေသကြီးအတွင်း  Smart Car Parking လုပ်ငန်းတင်ဒါအတွက် စိတ်ဝင်စားမှု အဆိုပြုလွှာတင်သည့် ကုမ္ပဏီ ၁၈ ခုရှိပြီး ပြည်ပကုမ္ပဏီများလည်း ပါဝင်ကြောင်း ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁)တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက မတ် ၆ ရက်တွင် ပြောကြားသည်။

         Smart Car Parking လုပ်ငန်းတင်ဒါ ကို ဝယ်ယူခဲ့သူ ၆၀ ရှိပြီး မတ် ၅ ရက်က ပြုလုပ်သည့် တင်ဒါအမှတ် EDRB/03/2018-2019 အတွက် စိတ်ဝင်စားမှု ဖော်ပြခြင်း အဆိုပါပြုလွှာ (REOI ) ဖွင့်ဖောက်ခြင်း အခမ်းအနားတွင် ကုမ္ပဏီ ၁၈ ခု ရှိခဲ့ကြောင်း သိရသည်။
        “ဒီတင်ဒါကို စိတ်ဝင်စားလို့ ဝယ်ထားတဲ့သူက ၆၀ ကျော်လောက်ရှိတယ်။ တင်ဒါ ဖောက်ဖွင့်ပြီး EOI တင်ဒါကို ဖောက်ဖွင့် စစ်ဆေးတဲ့အခါမှာ ၁၈ ဦးပါတယ်။ ၁၈ ဦး ကို တင်ဒါရွေးချယ်ရေးကော်မတီကနေပြီးတော့ ပြန်ပြီး အစည်းအဝေးထိုင်ရဦးမယ်။ စာရွက်စာတမ်းမပြည့်စုံတဲ့ ဘဏ္ဍာငွေကြေး ဘယ်လိုလုပ်မယ်ဆိုတဲ့ မပြည့်စုံတဲ့ဟာမျိုးတွေ တချို့ပါတယ်။ ရန်ကုန်တိုင်းအစိုးရမှာ ကုမ္ပဏီ မှတ်ပုံမတင်ထားတဲ့သူတွေပါတာ ရှိတယ်။ နောက်တစ်ခု ထူးခြားတာတစ်ခုရှိ တယ်။ ဂျပန်ကဆူမီတိုမိုကုမ္ပဏီက Joint venture လုပ်မှာမဟုတ်ဘူး။ နိုင်ငံခြားကုမ္ပဏီ ဒါပေမဲ့ ဒီမှာတိုက်ရိုက်လုပ်မှာပေါ့။ အဲဒါတစ်ခုတော့ထူးခြားတယ်။ ဘယ်လို သတ်မှတ်ချက်နဲ့ဖြတ်မလဲတော့ မသိဘူး” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောကြားသည်။

 

        ထို့ပြင် တရုတ်နိုင်ငံ၊ အစ္စရေးနိုင်ငံ၊ စင်ကာပူနိုင်ငံစသည့် ပြည်ပကုမ္ပဏီလေးခု ခန့်က ပြည်တွင်းကုမ္ပဏီများနှင့် Joint venture  အဖြစ် ဆောင်ရွက်ရန်လျှောက်ထားခဲ့ကြောင်းနှင့် အဆိုပါ  Smart Car Parking တင်ဒါ ရွေးချယ်ရေးကော်မတီတွင် အင်ဂျင်နီယာပညာရှင်များ၊ အိုင်တီပညာရှင်များ အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များလည်း ပါဝင်ကြောင်း သိရသည်။

 

        တင်ဒါအောင်မြင်မှုရရှိသည့် ကုမ္ပဏီ က  Smart Car Parking ပထမအပိုင်းအဖြစ် ရန်ကုန်မြို့တွင်းခြောက်မြို့နယ်များတွင် ဆောင်ရွက်မည်ဖြစ်ပြီး နောက်ပိုင်းတွင် ယာဉ်ကြောကျပ်တည်းမှုများသော မြို့နယ်များတွင် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။  Smart Car Parking တင်ဒါစိတ် ဝင်စားမှု အဆိုပြုလွှာတင်ထားသည့် ကုမ္ပဏီပေါင်း ၁၈ ခုနှင့် ပတ်သက်၍ တင်ဒါအတွက် စာရွက်စာတမ်းများပြည့်စုံမှု၊ ကုမ္ပဏီမှတ်ပုံတင်နှင့် ဖွဲ့စည်းပုံ၊ ရင်းနှီးမြှုပ်နှံငွေနှင့်ဝင် ငွေရပေါက်ရလမ်း၊ ဆက်သွယ်ရေးလိုင်စင် သုံးနှစ်၊ လုပ်ငန်းအတွေ့အကြုံငါးနှစ်နှင့်ပြစ်မှု ကင်းရှင်းမှု စသည့်စံသတ်မှတ်ချက် များဖြင့် အမှတ်ပေး စိစစ်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 

Housing Read 179 times