ထိုင်းအိမ်ရာကဏ္ဍ နိုင်ငံခြားဝယ်လက်များ အရေးပါ


04 August, 2023

ထိုင်းအိမ်ရာကဏ္ဍ နိုင်ငံခြားဝယ်လက်များ အရေးပါ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


ဖူးခက်မှ ပင်လယ်ကမ်းခြေ အပန်းဖြေ ကျွန်းပေါ်မှ အိမ်ရာဖွံ့ဖြိုးရေးကုမ္ပဏီ Origin Property က တိုက်ခန်း ၂၀၀ ပါ  အိမ်ရာတိုက်တာတစ်ခုလုံးကို ဟောင်ကောင်တွင် နေထိုင်သူအများအတွက်သာ သီးသန့်ထားပြီး ရောင်းချသည်။
၂၅ စတုရန်းမီတာ ကျယ်သော အိမ်ရာတိုက်ခန်းတစ်ခန်းလျှင် ဟောင်ကောင်ဒေါ်လာ ၄၉၀,၀၀၀ (အမေရိကန်ဒေါ်လာ ၆၂,၇၀၀) ဖြင့် ဈေးဖွင့်ထားသည်။  ဟောင်ကောင်တွင် အလားတူ အခန်းအကျယ် ပေါက်ဈေး၏ လေးပုံတစ်ပုံဖြင့် ဈေးဖွင့်ထားခြင်း ဖြစ်သည်။ 
Origin Property သည် အိမ်ရာ တိုက်တာ ၃ လုံး ဆောက်လုပ်ပြီး တစ်လုံးကို ဟောင်ကောင်မှ ဝယ်လက်များအတွက် သီးသန့် ရောင်းချခြင်း ဖြစ်သည်။ ဟောင်ကောင် ဝယ်လက်တို့အဖို့ တတ်နိုင်သောဈေးနှုန်း ဖြစ်သည့်အပြင် ပင်လယ်ကမ်းခြေ အပန်းဖြေနိုင်သည့် အားသာချက် ရှိသည်။
ထိုင်းနိုင်ငံ၏ ရေပန်းအစားဆုံး ပင်လယ်ကမ်းခြေ အပန်းဖြေနေရာ ဖြစ်သည့် ဖူးခက်တွင် Origin Kathu-Patong အိမ်ရာစီမံကိန်းကို အကောင်အထည်ဖော်ခဲ့သည်။ အိမ်ရာတိုက်တာ ၃ ခု ပါဝင်ပြီး တိုက်ခန်း စုစုပေါင်း ၆၁၇ ခန်း ပါသည်၊ လက်လီအရောင်းဆိုင် ၇ ဆိုင်၊ ကလပ်တစ်ခုတို့လည်း ပါသည်။ ဆောက်လုပ်ဆဲ ဖြစ်ပြီး ၂၀၂၅ ခုနှစ် စက်တင်ဘာလတွင် ပြီးစီးရန် လျာထားသည်။ 
Origin Kathu-Patong အိမ်ရာစီမံကိန်းကို ဘန်ကောက် စတော့အိပ်ချိန်း စာရင်းဝင် Origin Property က ဖူးခက်မှ စီးပွားဖက်နှင့်အတူ အကောင်အထည်ဖော်သည်။ ယခုအခါ ကြိုပွိုင့် အခန်း ၂၀၀ ဈေးဖွင့်ပြီး ဟောင်ကောင်ဝယ်လက်များကို ရောင်းချရာ၌ အခန်း ၇၀ ရောင်းချပြီးပြီ ဖြစ်သည်။ 
အိမ်ရာတိုက်တာ ၃ ခုတွင် ဟောင်ကောင်ဝယ်လက်များကိုသာ ရောင်းချသည့် တိုက်တာသည် ပရီမီယံ အဖြစ်ဆုံး တိုက်တာ ဖြစ်သည်။ တည်နေရာ အနေအထားမှာ လမ်းမကြီးကို မျက်နှာစာ ပြုထားသည်။ "တိုက်ခန်းတွေကို ဟောင်ကောင်ဝယ်လက်တွေက ရင်းနှီးမြှုပ်နှံမှု အနေဖြင့် ဝယ်ကြမယ်လို့ ကျွန်တော်တို့ ယူဆပါတယ်။ တိုက်ခန်း အရည်အသွေး ကောင်းတယ်။ မြင်ကွင်းကောင်းတယ်။ တိုက်တာအဆောက်အဦလည်း ကောင်းတယ်ဆိုရင် သူတို့ ဝယ်ကြလိမ့်မယ်" ဟု  Origin Property မှ ဒုဥက္ကဋ္ဌ Thanagorn Vutipong က ပြောကြားသည်။
ဟောင်ကောင်သားတို့သည် ဟောင်ကောင်မှ တိုက်ခန်းရင်းနှီးမြှုပ်နှံသည်ထက် ဈေးသက်သာသော ထိုင်းမှာ တိုက်ခန်းများ ဝယ်ယူပြီး ရင်းနှီးမြှုပ်နှံကြသည်။ 

ထိုင်းနိုင်ငံတွင် ဘန်ကောက်ပြီးလျှင် ဖူးခက်သည် ဧည့်ခရီးသွား အလာအများဆုံး နေရာ ဖြစ်သည်။ ၂၀၁၉ ခုနှစ်တွင် ဧည့်ခရီးသွား ၁၃ သန်း လာရောက်ခဲ့သည်။ ထိုအထဲတွင် လေးပုံသုံးပုံမှာ ပြည်ပဧည့်ခရီးသွားများ ဖြစ်သည်။ ယမန်နှစ်က လျော့ကျခဲ့ရာ ဧည့်ခရီးသွား ၉ သန်းသာ လာရောက်ခဲ့သဖြင့် ခရီးသွားလုပ်ငန်းကဏ္ဍ ဝင်ငွေသည် ၂၀၁၉ ခုနှစ် ကိုဗစ်အကြိုကာလ ဝင်ငွေ၏ ထက်ဝက်နီးပါးမျှသာရှိသည့် ဘတ် ၂၃၃.၄ ဘီလီယံ( ကန်ဒေါ်လာ ၆.၈ ဘီလီယံ)  ရရှိခဲ့သည်။ 

ဟောင်ကောင်သားများ အပါဝင် ပြည်ပရင်းနှီးမြှုပ်နှံသူများသည် ထိုင်းနိုင်ငံ အိမ်ရာကဏ္ဍ ရင်းနှီးမြှုပ်နှံမှုတွင် အမြဲတစေ အရေးပါခဲ့သည်။ 
အိမ်ရာဖွံ့ဖြိုးရေး လုပ်ငန်းတို့သည် ဆောက်လုပ်သည့် တိုက်ခန်းအရေအတွက်၏ ၄၉% အထိသာ ပြည်ပဝယ်လက်များကို ရောင်းချခွင့် ရှိသည်။ များသော်အားဖြင့် အိမ်ရာတိုက်တာများတွင် နိုင်ငံခြားသားပိုင် တိုက်ခန်းများနှင့် နိုင်ငံသားပိုင် တိုက်ခန်းများ ရောနှော်နေသည်။ အိမ်ရာတိုက်တာ တစ်ခုလုံးကို နိုင်ငံခြားသားများကိုသာ ရောင်းချထားသည့် အိမ်ရာတိုက်တာ ရှားပါးသည်။ 
"အခုလိုမျိုး နိုင်ငံခြားသား သီးသန့် တစ်တိုက်လုံးကို ရောင်းချနေတာ ရောင်းအား အခြေအနေကောင်းရင် ကျန်တဲ့ တိုက်နှစ်လုံးမှာ တစ်လုံးကိုလည်း နိုင်ငံခြားသား သီးသန့် ရောင်းဖို့ စီစဉ်မယ်" ဟု Origin Kathu-Patong အိမ်ရာစီမံကိန်းမှ တိုက်ခန်းများကို ဟောင်ကောင်တွင် ရောင်းချပေးနေသည့် ဟောင်ကောင်အခြေစိုက် Knightsbridge Partners မှ အကြီးအကဲ  Phoebe Kriel က ပြောကြားသည်။ 

၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ် ၂ နှစ်တာတွင် ပြည်ပဝယ်လက်များကို  အိမ်ရာများ ဘတ် ၁၅၈.၆ ဘီလီယံဖိုး ရောင်းချခဲ့သည်။ ၂၀၂၂ ခုနှစ်အထိ ကပ်ရောဂါကာလ ၃ နှစ်တာတွင် အိမ်ရာများ ဘတ် ၁၆၀.၃ ဘီလီယံဖိုး ရောင်းချခဲ့သည်။ 
ကပ်ရောဂါ မတိုင်ခင်က ထိုင်းနိုင်ငံ အိမ်ရာရောင်းအားတန်ဖိုးစုစုပေါင်းတွင် လေးပုံတစ်ပုံသည် နိုင်ငံခြားသားများ ဝယ်ယူခဲ့ကြခြင်း ဖြစ်သည်။ ကပ်ရောဂါကာလတွင် ၅% ဝန်းကျင်သို့ လျော့ကျသွားခဲ့သည်။ 

ထိုင်းအစိုးရက အိမ်ရာကဏ္ဍတွင် နိုင်ငံခြားသားများ အိမ်ရာဝယ်ယူခြင်းကို အားပေးသည့်အနေဖြင့် နိုင်ငံခြားသားများ ထိုင်းတွင် အိမ်ရာဝယ်ယူပြီး လာရောက်နေထိုင်ကြရန် နှစ်ရှည်ဗီဇာ အစီအစဉ်များ စီစဉ်ပေးထားသည်။ 

အိမ်ရာတိုက်တာ စီမံကိန်းများတွင် နိုင်ငံခြားသားများအား ၄၉% အထိသာ ရောင်းချခွင့် ပြုထားသည်ကို ၈၀% အထိ ရောင်းချခွင့် ပြုရန် အဆိုပြုခဲ့သော်လည်း ထိုင်းနိုင်ငံသားများကကန့်ကွက်ကြသည့်အတွက် အဆိုပြုချက်ကို ရုပ်သိမ်းခဲ့ရသည်။ 
နိုင်ငံခြားသားများကို မြေပိုင်ခွင့် မပေးသည့် စည်းမျဉ်းကို ဖြေလျှော့ရန်အတွက်လည်း အဆိုပြုခဲ့ဖူးသည်။ ၁ ရိုင်(၀.၁၆ ဧက)အထိ အိမ်ရာအတွက် ပိုင်ဆိုင်ခွင့် ပေးမည့် အစီအစဉ် ဖြစ်သည်။ နိုင်ငံခြားသားသည် ၃ နှစ်တာတွင် ဘတ် သန်း ၄၀ ရင်းနှီးမြှုပ်နှံပါက မြေဧရိယာ ၁ ရိုင်အထိ မြေပိုင်ခွင့် ပေးအပ်မည်ဟု အဆိုပြုခဲ့ရာ ထိုင်းနိုင်ငံသားများက ကန့်ကွက်ကြသဖြင့် အဆိုကို ရုပ်သိမ်းခဲ့ရသည်။ 

Source SCMP
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Residential Real Estate & Properties Read 251 times