ကပ်လျက်အခန်းရဲ့ ပုံရိပ်လာပေါ်တဲ့ Shangri-La The Shard


19 November, 2021

အနောက်ဥရောပရဲ့ အမြင့်ဆုံးဟိုတယ်ဆိုတဲ့ Shangri-La ဟိုတယ်လုပ်ငန်းစုရဲ့ Shard  အမည်ရှိ မိုးထိတိုက်တာဟာ မီတာ ၃၁၀ မြင့်မားတယ်။ တည်းခိုတဲ့အခန်းရှိ မှန်နံရံကနေ လန်ဒန်မြို့ကို ရှုစားနိုင်တယ်။ မျက်နှာကြက်ကနေ ကြမ်းပြင်အထိ မှန်သားအပြည့်တပ်ထားတဲ့ နံရံမှာ ညအခါမှာ ကပ်လျက်အခန်းရဲ့ ပုံရိပ်က လာပေါ်နေတယ်။ အဆောက်အဦရဲ့ ဒီဇိုင်းအမှားကြောင့် ကြည့်မှန်တစ်ချပ်မှာ ပုံရိပ်ပေါ်သလိုမျိုး လာပေါ်နေတာ ဖြစ်ပါတယ်။ ကပ်လျက်အခန်းက လာပေါ်နေသလို ကိုယ်တည်းနေတဲ့အခန်းကိုလည်း ကပ်လျက်အခန်းက မှန်နံရံမှာ ပေါ်နေပါတယ်။ 

အီတလီ ဗိသုကာ Renzo Piano က တာဝါကို မှန်အစအနများဖြင့် ဆက်စပ်တည်ဆောက်ထားတဲ့ စိတ်ကူးကို အခြေခံပြီး ဒီဇိုင်း ထုတ်ခဲ့ပါတယ်။  မှန်ချပ်တွေကို အစွန်းမှာ မထားဘဲ မီတာအနည်းငယ် အပြင်ဘက်မှာ ကာရံထားတယ်။

 

နေ့အခါမှာ ထွင်းဖောက်မြင်နေရလို့ မှန်သား ရှိတာ မသိသာဘူး။ ညအခါမှာပါတော့ ကပ်လျက်အခန်းက မီးထွန်းလိုက်တဲ့အခါ အခန်းရဲ့ ပုံရိပ်က ကြည့်မှန်တစ်ချပ်မှာ ပုံပေါ်နေတဲ့အတိုင်း အပြင်ထုတ်ထားတဲ့ မှန်ချပ်မှာ လာပေါ်နေတယ်။  တစ်ခန်းကို တစ်ခန်းက မြင်နေရတယ်။ 

 

 

Shard ဒီဇိုင်းကို ၂၀၀၀ ပြည့်နှစ်မှာ  Mr Piano က ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ရှိတဲ့ စားသောက်ဆိုင်တစ်ခုမှာ ပုံကြမ်း ရေးခြစ်ခဲ့တယ်။ ဆိုင်ရဲ့ ရနိုင်သော စားစရာများစာရင်း စာရွက် ကျောဘက်အလွတ်မှာ ပုံကြမ်းရေးခြစ်ခဲ့ပါတယ်။ 

ဟိုတယ်ကို ဆောာက်လုပ်စဉ် ငွေလုံးငွေရင်း ပြတ်လပ်သွားခဲ့တယ်။ နောက်ဆုံးမှာ ကာတာမှ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစုတစ်ခုက ၈၀% ရင်းနှီးမြှုပ်နှံပေးခဲ့လို့ အပြီးတိုင် ဆက်လက်ဆောက်လုပ်ခဲ့တယ်။ 
၂၀၀၉ မှာ ဖွင့်လှစ်ဖို့ လျာထားခဲ့ပေမဲ့ ၂၀၁၃ ဇန်နဝါရီလကျမှ ဖွင့်လှစ်နိုင်ခဲ့တယ်။ အဆောက်အဦမှာ ရုံးခန်းနေရာတွေအပြင် Shangri-La  ဟိုတယ်လည်း ပါဝင်တယ်။ ဟိုတယ်ကို တရားဝင်ဖွင့်လှစ်ချိန်မှာ အခန်း ၂၀၂ ခန်း ရှိတဲ့အနက် ၅၉ ခန်းကိုသာ အပြီးတိုင် ဆောက်လုပ်ပြီးစီးသေးတယ်။ 
ဟိုတယ်လုပ်ငန်း စတင်လည်ပတ်ချိန်ကျမှ တစ်ဖက်ခန်းကို မှန်ပုံရိပ်ကနေတစ်ဆင့် မြင်ရတယ်ဆိုတာကို သိခဲ့ကြတယ်။ မြို့ရဲ့ ညအလှကို ရှုစားချင်လို့ ခန်းဆီးဖွင့်ထားရင် ကိုယ့်အခန်းကို ကပ်လျက်အခန်းက မြင်နေရမယ်။  ကုတင်ကအစ တစ်ခန်းလုံး မြင်နေရတယ်။
မမြင်ရအောင် ခန်းဆီးတွေ ဆွဲပိတ်ထားလိုက်ရင် မြို့ရဲ့ ညအလှကို မမြင်ရတော့ဘူး။ 

 

 

Architecture Read 569 times