အိမ်ခြံမြေဆိုင်ရာ SERVICE COUNTER ပါဝင်သည့် မန်းလေးစည်ပင်သာယာ အဆောက်အအုံသစ် မကြာမီ ဖွင့်လှစ်မည်


27 January, 2021

မန္တလေးမြို့ ၇၂ လမ်း နှင့် ၂၇ လမ်းထောင့်တွင် ဆောက်လုပ်ထားသော စည်ပင်သာယာ ရှစ်ထပ်အဆောက်အအုံသစ်ဆောက်လုပ်မှုအခြေအနေမှာ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါအဆောက်အအုံကို စွမ်းအင်ချွေတာမှုဆိုင်ရာ နည်းစနစ်များ အသုံးပြု တည်ဆောက်ထားကြောင်းနှင့် ရုံးပိုင်းဆိုင်ရာ ဝန်ဆောင်မှုများကို မကြာမီတွင် ဆောင်ရွက်ပေးသွားမည်ဟု မန္တလေးမြို့တော်  စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောကြားသွားသည်။

ဌာနဆိုင်ရာရုံးခန်းများကိုလည်း ထည့်သွင်းထားရှိမည်ဖြစ်ပြီး မြေအောက်ထပ်မှာတော့ မြို့မြေပုံ မြေယာမှတ်တမ်းတွေထားဖို့ရာ အခန်းနှစ်ခန်းပါဝင်မည်။ မြေညီထပ်ဧရိယာတွင် ရတနာပုံဘဏ်နဲ့ customer များကို ဝန်ဆောင်မှုပေးနိုင်မည့် Service Counter အပြင် Mandalay Smart Pay ( MSP) ကောင်တာပါ ထားရှိမည်ဟု သိရပါသည်။

ပထမထပ်တွင်တော့ မြို့တော်ဝန်ရုံးခန်း၊ ဒုတိယမြို့တော်ဝန် နဲ့ အတွင်းရေးမှူး၊  တွဲဖက်အတွင်းရေးမှူးရုံးခန်း ပါရှိမည်ဖြစ်ပါသည်။ ဒုတိယထပ်တွင် ကော်မတီဝင်ရုံးခန်းနဲ့ ကော်မတီ ရုံးအဖွဲ့များ၏ ရုံးခန်း၊ အစည်းအဝေးခန်းမလည်း ပါရှိမည်။ ထို့ပြင်  တတိယထပ်၊ စတုတ္ထထပ်နှင့် ပဉ္စမထပ်များမှာတော့ ဌာနဆိုင်ရာ ရုံးခန်းတွေလည်း ပါရှိမည်ဟုဆိုသည်။

ဒါ့အပြင် စီမံရေး၊ ဘဏ္ဍာရေးဌာန စသည့် စည်ပင်မှာရှိသင့်တဲ့ ဌာနများ၊ ရုံးခန်းများလည်း ပါရှိမည်။ တစ်မြို့နယ်လုံး၏ အချက်အလက်များကို စောင့်ကြည့် ထိန်းချုပ်နိုင်မယ့် စင်တာ (control center) ကိုတော့ ဆဌမထပ်တွင် ထားရှိမည်ဟုသိရသည်။ ၇ ထပ်မြောက်တွင်တော့ ခန်းမနဲ့ စည်ပင်သို့လာရောက်စုံစမ်းတဲ့ ဧည့်သည်တော်များ နားနိုင်မည့်နေရာ ပါရှိမည်ဟု ဦးကျော်ဆန်းမြင့်က ပြောကြားသွားသည်။

အဆိုပါ အဆောက်အအုံကို စည်ပင်အဆောက်အအုံ ကုန်ရုံဌာနက အင်ဂျင်နီယာများမှ ဆောက်လုပ်ထားသည်ဟု သိရှိရသည်။ အသုံးပြုသူများ အဆင်ပြေစေရန် ကျန်းမာရေးနှင့် ညီညွတ်စေရန်၊ ဘေးအန္တရာယ် ကင်းဝေးစေရန်ရည်ရွယ်ကာ အဆင့်မြင့် တည်ဆောက်ထားသည်ဟု ဆိုပါသည်။ Central Aircon System ပါဝင်ကာ ရုံးတွင်းသို့ လာမည့်ပြည်သူများ၊  ဝန်ဆောင်မှုပေးမည့် ဝန်ထမ်းများအတွက် လုံလောက်သော အောက်ဆီဂျင်ပမာဏနဲ့ သန့်ရှင်းသည့်လေကို စဉ်ဆက် မပြတ်ရစေရန် Fresh Air System ထည့်သွင်းထားသည်ဟု သိရသည်။ ဆောက်လုပ်ရာတွင်လည်း ရေရှည်အတွက် လျှပ်စစ်သုံးစွဲမှုနှုန်းလျှော့ချနိုင်ရန် စွမ်းအင်ချွေတာစနစ်ကိုသုံးထားပြီး အခန်းတွင်းမှ လေကို အပြင်သို့ကူးခြင်းကို ထိန်းချုပ်နိုင်ရန် ရည်ရွယ်ကာ မှန်နံရံများကို ၆ မီလီမီတာအထူရှိသော Temperature Glass အမျိုးအစားကို အသုံးပြုဆောက်လုပ်ထားသည်ဟု ဆိုပါသည်။ 

အဆောက်အအုံဆောက်လုပ်မှုအခြေအနေမှာ ပြီးစီးသလောက်ဖြစ်နေပြီး ရုံးပိုင်းဆိုင်ရာ ဝန်ထမ်းများ နေရာ ရွှေ့ပြောင်းပြီးတာနဲ့ လာမည့် ဖေဖော်ဝါရီလအတွင်း ကောင်တာများကို စတင်ဖွင့်လှစ်တော့မည် ဟုဆိုသည်။ အိမ်ဂရန်လုပ်ချင်တာဖြစ်ဖြစ်၊ မြေပုံထုတ်ခြင်းဆိုင်ရာ စသော စည်ပင်ကိစ္စအဝဝကို ဆောင်ရွက်သူများ စုံစမ်းမေးမြန်းနိုင်မည့် အချက်အလက်ကောင်တာဖွင့်ပြီး  ချက်ချင်းဆောင်ရွက်ပေးနိုင်‌အောင် ဖော်ဆောင်သွားမည်ဟု ဦးကျော်ဆန်းမြင့်က ပြောကြားသွားပါသည်။

နောက်ဆုံးရ သတင်းများ

ShweProperty.com

Local Office and Retail Read 486 times