အဖြူဆုံး ကမ္ဘာ့စံချိန်တင် သုတ်ဆေးက ကမ္ဘာပူနွေးမှု ဖြေရှင်းပေးနိုင်


23 September, 2021


Guinness World Records book တွင် ကမ္ဘာ့အဖြူဆုံး သုတ်ဆေး စံချိန်တင်သော သုတ်ဆေးတစ်မျိုးကို အမေရိကန်နိုင်ငံမှ Purdue University တွင် သိပ္ပံပညာရှင်များက ဖန်တီးနိုင်ခဲ့ပြီး အဆိုပါ သုတ်ဆေးအဖြူရောင်သည် ကမ္ဘာ့ပူနွေးမှုကို ဖြေရှင်းပေးနိုင်လိမ့်မည်။ 
Purdue University မှ စက်မှုအင်ဂျင်နီယာ ပါမောက္ခ Xiulin Ruan က ဖန်တီးထုတ်လုပ်ခဲ့သည်။

၎င်းသုတ်ဆေး၏ အဖြူရောင်သည် ၉၈.၁% အထိ နေအလင်းရောင်ကို ရောင်ပြန်လွှတ်ပေးပြီး အနီအောက် ရောင်ခြည်အပူကိုပါ ပြန်ထုတ်လွှတ်ပေးနိုင်သည်။ သို့ဖြစ်ရာ အဆောက်အဦများ အနီးရှိ လေထုကို အေးမြအောင် ပြုပေးနေမည် ဖြစ်သည်။ နေမှ ရောက်လာသော အပူများကို စုပ်ယူမှု နည်းပါးသည်။ သို့ဖြစ်ရာ အဆောက်အဦအတွင်း အေးနေစေရန် လေအေးပေးစက် သုံးစွဲမှုကို လျှော့ချပေးနိုင်မည် ဖြစ်သည်။ ယခုအခါ စီးပွားဖြစ် ထုတ်လုပ်လျက်ရှိသော သုတ်ဆေးအဖြူရောင်သည် နေရောင်ကို ၈၀ မှ ၉၀ ရာခိုင်နှုန်းအထိသာ ရောင်ပြန်လွှတ်သည်။ 
“သုံးနေကျ စီးပွားဖြစ်ထုတ်လုပ်သည့် သုတ်ဆေးအဖြူသည် ပိုအေးသွားစေရမည့်အစား ပိုပူနွေးလာစေသည်။ ဈေးကွက်ထဲတွင် ရောင်းချနေသော သုတ်ဆေးများသည် အပူကို ၈၀-၉၀ရာခိုင်နှုန်းအထိသာ ပြန်လည်စွန့်ထုတ်ရန် ဒီဇိုင်းထုတ်ထားသည်။ ပတ်ဝန်းကျင်ထက် မျက်နှာပြင် ပိုအေးသွားအောင် မပြုလုပ်နိုင်ပေ” ဟု Purdue University ၏ ထုတ်ပြန်ကြေညာချက်တွင် ပြောပြထားသည်။ 


အမိုးဧရိယာ ၁,၀၀၀ စတုရန်းပေခန့်ကို ၎င်းသုတ်ဆေးဖြူ သုတ်ပေးထားပါက အအေးဓာတ်ပေးသည့် စွမ်းအား ၁၀ ကီလိုဝပ်အထိ ထုတ်ပေးနိုင်သည်ဟု Purdue University မှ သုတေသီက ပြောသည်။ Ruan ၏ အဆိုရ အိမ်သုံး လေအေးပေးစက်များထက် သုတ်ဆေးဖြူက ပိုအစွမ်းထက်သည်။ 
“ဒီစီမံကိန်းကို ကျွန်တော်တို့ လွန်ခဲ့တဲ့ ခုနစ်နှစ်လောက်က စတင်ခဲ့တဲ့အခါမှာ စွမ်းအင် ချွေတာရေးနဲ့ ရာသီဥတု ပြောင်းလဲခြင်းတို့ကို စိတ်ထဲမှာ ထားရှိခဲ့ပါတယ်” ဟု Ruan က "This Is Purdue" အမည်ရှိ podcast အသံဖိုင်ထုတ်လွှင့်မှုတွင် ပြောပြထားသည်။ 


Source : .dnaindia.com

Tips Read 428 times