အောက်တိုဘာ(၁)ရက်တွင် စတင်အဆင့်မြှင့်တင်မည့် ရန်ကုန်-တောင်ငူရထားလမ်းပိုင်း


16 September, 2019

ရန်ကုန်-မန္တလေးရထားလမ်းပိုင်း  အဆင့်မြှင့်တင် ရေးစီမံကိန်း အဆင့်(၁)ဖြစ်သော ရန်ကုန်-တောင်ငူရထားလမ်းပိုင်းကို အောက်တိုဘာတွင် ရန်ကုန်- ပဲခူး၊ ပဲခူး-ညောင်လေးပင် နှင့် ညောင်လေးပင်-တောင်ငူဟူ၍ အပိုင်းသုံးပိုင်းခွဲ၍ စတင်ဆောင်ရွက်မှာ ဖြစ်ပါတယ်။

မြန်မာ့မီးရထားအနေဖြင့်  ခရီးသွားပြည်သူများ အဆင်ပြေစွာသွားလာနိုင်ရန် ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ  ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ၎င်းလမ်းပိုင်းရှိ ဘူတာရုံသုံးရုံကိုလည်း  အသစ်ပြန်လည်တည်ဆောက်မည်ဖြစ်ကြောင်း ရန်ကုန်ဘူတာကြီး၌ပြုလုပ်သည့် အကြိုသတင်းစာရှင်းလင်းပွဲတွင် မြန်မာ့မီးရထားမြို့ပြ အင်ဂျင်နီယာ အထွေထွေမန်နေဂျာ ဦးမောင်မောင်သွင်၏  ပြောဆိုချက်အရ သိရပါတယ်။

 ''ရန်ကုန်-တောင်ငူရထားလမ်းပိုင်းမှာ ပဲခူး၊ ညောင်လေးပင်၊ ဖြူးဘူတာရုံသုံးရုံကို   အသစ်ပြန်လည်တည်ဆောက်မယ်။ တောင်ငူ - မန္တလေးရထားလမ်းပိုင်းမှာ တောင်ငူ၊ ရေတာရှည်၊ ပျဉ်းမနား၊ ရမည်း သင်း၊ သာစည်၊ ကျောက်ဆည်၊ မြို့ဟောင်း ဘူတာရုံခုနစ်ရုံကို အသစ်ပြန်လည်တည် ဆောက်ပါမယ်။  ကျန်ဘူတာ  ၈၉ ရုံကိုလည်း  မြန်မာ့မီးရထားအစီအစဉ်နဲ့ ပြုပြင်ခြင်း၊ အသစ်တည်ဆောက်ခြင်းတွေ ဆက်လက် ဆောင်ရွက်မှာဖြစ်ပါတယ်'' ဟု ဦးမောင်မောင်သွင်ကပြောပါတယ်။

ထို့ပြင် ဘူတာပတ်ဝန်းကျင်နယ်နိမိတ်များအတွင်း  အုတ်ခြံစည်းရိုးကာရံပြီး ဘူတာအဝင်လမ်း  ကောင်းမွန်စေရေးအတွက် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကာ Level Crossing များ ပိတ်သိမ်းခြင်း၊  ရှောင်လမ်းခုံးကျော် တည်ဆောက်ခြင်းတို့ကိုလည်း   ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရပါတယ်။

ရထားလမ်းပိုင်း  အဆင့်မြှင့်တင်ရေးစီမံကိန်းကို  မြန်မာနိုင်ငံဘက်မှ ဇလီဖားတုံးပံ့ပိုးခြင်း၊  လမ်းခင်းကျောက်ပံ့ပိုးခြင်းနှင့် ခြံစည်းရိုးကာရံခြင်း စသောလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးမည်ဖြစ်ပြီး ချေးငွေ ပမာဏအမေရိကန် ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ရန်ကုန်မှမန္တလေးသို့ ရှစ်နာရီဖြင့်ရောက်ရှိ နိုင်ရန် တစ်နာရီလျှင် ၁ဝဝ ကီလိုမီတာ နှုန်းဖြင့် ပြေးဆွဲမည်ဖြစ်ကြောင်း သိရပါတယ်။

ရန်ကုန်-မန္တလေး  ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်းကို  ဂျပန်နိုင်ငံ၏ တရားဝင်ဖွံ့ဖြိုးမှုအကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပြီး စီမံကိန်းအပိုင်း (၁)အဖြစ်  ရန်ကုန်-တောင်ငူရထားလမ်းပိုင်း ကိုလည်းကောင်း၊ အပိုင်း  (၂)အဖြစ်   တောင်ငူ-မန္တလေး ရထားလမ်းပိုင်းကိုလည်းကောင်း   အပိုင်း နှစ်ပိုင်းခွဲ၍ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရပါတယ်။   

Myanmar Builders Guide

Region Read 49 times