ရန်ကုန်မြို့ အမှိုက်သိမ်းယာဉ်များ Quantum computing ဖြင့် လမ်းကြောင်းချမှတ်မည်

25 December, 2020

Nippon Koei နှင့် မဟာဒေတာ လုပ်ငန်းသစ်တို့က အမှိုက်သိမ်းယာဉ်အတွက် အတိုဆုံးလမ်းကြောင်းများအတွက် ဒေတာပေါင်းစပ်မှုများဖြင့် ဖော်ထုတ်သတ်မှတ်ပေးမည် ဖြစ်သည်။ 

ရန်ကုန်မြို့မှ ယာဉ်ကြောပိတ်ဆို့မှု များပြားနေသော လမ်းများတစ်လျှောက် အမှိုက်လိုက်သိမ်းရသော အမှိုက်သိမ်းယာဉ်များအတွက် အကောင်းဆုံး လမ်းကြောင်းများ ဖော်ထုတ်သတ်မှတ်ရန် မည်သည့်နည်းက အမြန်ဆုံး ဖြစ်မည်နည်း။
အတူလုပ်ကိုင်လျက်ရှိသော ဂျပန်ကုမ္ပဏီနှစ်ခုတို့က ကွမ်တန်တွက်ချက်ခြင်းသည် အကောင်းဆုံးဟု ဆိုကြပြီး သူတို့က လက်တွေ့မှတ်ကျောက်တင်ကြည့်ဖို့ အစီအစဉ် ရှိနေသည်။ 
ကွမ်တန် တွက်ချက်ခြင်း Quantum computing ဖြင့် ရန်ကုန်မြို့ရှိ  အမှိုက်သိမ်းယာဉ်များအတွက်အကောင်းဆုံးလမ်းကြောင်းများကို မြေပုံထုတ်ပေးမည်ဟု ဖက်စပ်လုပ်ကိုင်နေကြသော  Nippon Koei နှင့် Groovenauts တို့က ထုတ်ပြန်ကြေညာခဲ့ကြသည်။
 Nippon Koei သည် ဂျပန်နိုင်ငံတွင် အကြီးမားဆုံး ဆောက်လုပ်ရေးအတိုင်ပင်ခံလုပ်ငန်းဖြစ်သည်။
Groovenauts သည် မဟာဒေတာ လုပ်ငန်းသစ်တစ်ခု ဖြစ်သည်။ 

Groovenauts က  Magellan Blocks ဟု အမည်တွင်သည့် ကွမ်တန် တိမ်စိုင် တွက်ချက်ခြင်း quantum cloud computing ကို အသုံးပြုသည်။ ထိုနည်းဖြင့် တွက်ချက်ပြီး အမှိုက်သိမ်းယာဉ်များ အမှိုက်သိမ်းရသည့် နေရာများကို လိုက်လံသိမ်းဆည်းသည့် ခရီးစဉ်ကို အတိုဆုံးဖြစ်အောင် အဖြေထုတ်ပေးမည် ဖြစ်သည်။

Groovenauts နှင့် Mitsubishi Estate တို့သည် ၂၀၁၉ ခုနှစ်တွင် တိုကျိုမြို့ရှိ ရုံးအဆောက်အဦ ၂၆ ခုတွင် အမှိုက်များ လိုက်လံသိမ်းဆည်းပေးရသော အမှိုက်သိမ်းယာဉ်များအတွက် အကောင်းဆုံးလမ်းကြောင်းများ ဖော်ထုတ်သတ်မှတ်ပေးခဲ့ကြသည်။ မောင်းနှင်ရသော ခရီးတာ ထက်ဝက်လျော့ကျသည်။ သုံးစွဲရသော အမှိုက်သိမ်းကား အရေအတွက်လည်း ထက်ဝက်သာ လိုအပ်တော့သည့် ကောင်းကျိုးရလဒ်များ ရရှိခဲ့ကြသည်။

သွားရသည့် ခရီးလမ်းကောင်းများ၊ အမှိုက်သိမ်းယာဉ် အရေအတွက်တို့ အပါအဝင်
ထည့်သွင်းတွက်ချက်ရသော အချက်အလက် အသေးစိတ် အမြောက်အမြားတို့၏ အရေအတွက်သည် ၇၄ နောက်တွင် သုည ၁၁ လုံး ပါရှိသည့် ခုရေပမာဏ ဖြစ်သည်။ ထိုမျှများပြားသော အချက်အလက်များကို ကွမ်တန်တွက်ချက်ခြင်းဖြင့် လိုချင်သည့် အဖြေကို ရှာဖွေရယူသည်။

မြန်မာနိုင်ငံတွင် စီးပွားရေး တိုးတက်ကြီးထွားလာခြင်းနှင့်အတူ မြို့ပြနေထိုင်သည့် လူဉီးရေလည်းပိုမိုများပြား လာနေသည်။ Nippon Koei ၏ အဆိုအရ ရန်ကုန်မြို့မှ အမှိုက်များ သိမ်းဆည်းပေးရသည့် ပမာဏသည် ၂၀၁၁ ခုနှစ် နောက်ပိုင်း  ၅ နှစ်တာအတွင်း ၇၀ % ပိုများလာသည်၊ သို့ဖြစ်ရာ အမှိုက်များကို နိုင်နိုင်နင်းနင်းဖြင့် နေ့စဉ် သိမ်းဆည်းပေးနိုင်ဖို့အတွက် ထိထိရောက်ရောက်ဖြင့် လုပ်ကိုင်နိုင်မှ ဖြစ်မည်။

Nippon Koei သည် ဂျပန်အစိုးရ၏ ဖွံ့ဖြိုးရေး အထောက်အကူ စီမံကိန်းများအတွက် အတိုင်ပင်ခံ ဝန်ဆောင်မှုများ ပေးအပ်သည်။ ကွမ်တန်တွက်ချက်ခြင်းအပါအဝင် နောက်ဆုံးပေါ်နည်းပညာများကို ဂျပန်ကုမ္ပဏီများက သုံးစွဲပြီး ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များကို ဖြေရှင်းပေးသည်။ ထိုနည်းလမ်းကို စီးပွားရေး ထွန်းပေါက်လာသည့် အာရှနိုင်ငံများရှိ မြို့ကြီးပြကြီးများတွင် အသုံးပြုကြမည် ဖြစ်သည်။

ရန်ကုန်မြို့တွင် Nippon Koei  က ဒေတာများကို ကိုင်တွယ်လုပ်ကိုင်ပေးသည့် Groovenauts နှင့် အတူလက်တွဲပြီး လုပ်ကိုင်သည်မှာ ယခုမှ စလုံးရေစ အဆင့်တွင် ရှိသေးသည်။ မြို့ပြအတွင်း သယ်ယူပို့ဆောင်ရေးများ အထိရောက်ဆုံး ဖြစ်ရန် အခြားလုပ်ငန်းများနှင့်လည်း Nippon Koei က လက်တွဲလုပ်ကိုင်သွားမည် ဖြစ်သည်။ 

Groovenauts သည် ဂျပန်နိုင်ငံ ဖူကိုရာမြို့တွင် ရုံးချုပ်တည်ရှိသည်။ မြန်မာနိုင်ငံရှိ ပွင့်သစ်စလုပ်ငန်းတစ်ခုတွင်လည်း ပါဝင်လုပ်ကိုင်ပေးနေသည်။ မြို့အချင်းချင်း လက်ချင်းတွဲ၍ ကာဗွန်ခြေရာ လျှော့ချရေးကို ဆောင်ရွက်နေသည့် အစီအစဉ်တွင် ပါဝင်လုပ်ကိုင်ပေးခြင်း ဖြစ်သည်။ ရန်ကုန်မြို့၏ ညီအစ်မ မြို့ဖြစ်သော ဖူကိုရာမြို့သည် ရန်ကုန်မြို့တွင် စွန့်ပစ်အမှိုက်များ စီမံမှုဆိုင်ရာ ကျွမ်းကျင်မှုကို အကူအညီပေးလျက် ရှိသည်။

asia.nikkei.com
buildersguide.com.mm

Local Read 384 times