အမေရိကန် ဒေါ်လာ ၁ သိန်း ၉ သောင်းဖြင့် Public Shelter ဘက်စုံသုံး အဆောက်အဦကို ဒလမြို့နယ်၌ တည်ဆောက်မည်


09 January, 2021

အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ ပံ့ပိုးထောက်ပံ့မှုဖြင့်   Asian Disaster Preparedness Center (ADPC) မှ စီမံခန့် ခွဲမှု ဖြင့် ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် အံ့ကြီးအနောက်ရပ်ကွက် ဗိုလ်ချုပ်လမ်းမကြီးဘေးရှိ အစိုးရ ပိုင်မြေပေါ်တွင် သဘာဝဘေးအန္တရာယ်ဒဏ်ခံနိုင်‌သော Public Shelter ဘက်စုံသုံး အဆောက်အဦကို ၂၀၂၁ ခုနှစ်အတွင်း ၈ လ ဖြင့် အပြီး တည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။

ဒလမြို့နယ်၌ သဘာဝဘေးအန္တရာယ်ဒဏ်ခံနိုင်သည့်  Public Shelter ဘက်စုံသုံး အဆောက်အဦတည်ဆောက်မည့် စီမံကိန်းနှင့်ပတ်သက်၍  မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်မြင့်မြင့်ကြည်က “ ကျွန်မတို့ မြို့နယ်အတွက် သဘာဝဘေးဒဏ်ခံနိုင်တဲ့ အဆောက်အဦကို ADB ရဲ့ ပံ့ပိုးမှု အမေရိကန် ဒေါ်လာ ၁ သိန်း ၉ သောင်း ကုန်ကျခံပြီးတော့ ADPC က စီမံခန့်ခွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမှာပါ၊ မြေအတွက် တန်ဖိုးမပါဘူး၊ အဆောက်အဦ အတွက်ပဲဖြစ်ပါတယ်၊ ဒီစီမံကိန်းအကောင်အထည်ဖော်ဖို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ADB နဲ့ ADPC တို့ ပူးပေါင်းပြီး စည်ပင်သာယာနယ်နိမိတ် ၃၃ မြို့နယ်ထဲကနေ  ရွေးချယ်လိုက်တယ်၊ မီးဘေး၊ လေဘေး၊ ရေဘေးစတဲ့ သဘာဝဘေးအန္တရာယ်ဖြစ်ပွားနိုင်ခြေရှိတဲ့ ပင်လယ်ရဲ့ ထွက်ပေါက်၊ ရန်ကုန်မြစ်နဲ့နီးကပ်ပြီး ချောင်းများရှိသော ဒလမြို့နယ်ကို သက်ဆိုင်ရာ တာဝန်ရှိသူများက  အမှတ်ပေး ပြီးတော့ ပထမအဖြစ် ရွေးချယ်ခဲ့တာဖြစ်ပါတယ်၊ ဒုတိယအဖြစ် မြောက်ဥက္ကလာပမြို့နယ်ကို ရွေးချယ်ခဲ့တယ်၊ ဒလမြို့နယ်မှာက အခြေခံလူတန်းစားနဲ့ ကျူးကျော်နေထိုင်သူတွေလည်းများတယ်၊ သဘာဝဘေးကြံ့ကြံ့ခံနိုင်တဲ့ အခြေခံ အဆောက်အဦမရှိသလောက်နည်းတယ်၊ ကိုယ့်မြို့နယ်မှာ သဘာဝဘေးဒဏ်ခံနိုင်တဲ့ အဆောက်အဦရှိတဲ့ အခါကျတော့ ပြည်သူတွေအတွက် ဘေးကင်းလုံခြုံရေးနဲ့  ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလည်း ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်၊ ဒါ့အပြင် ဒီအဆောက်အဦကို ပြည်သူတွေ ဘက်စုံသုံးနိုင်အောင်လည်း ရည်ရွယ်ပြီးတော့ တည်ဆောက်သွားမှာဖြစ်ပါတယ်” ဟု  ပြောသည်။

ဒလမြို့နယ်၌ Public Shelter အဆောက်အဦ တည်ဆောက်နိုင်ရေးအတွက် မြို့နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့မိမြို့ဖများ၊  အံ့ကြီးအနောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်  ရပ်ကွက်နေပြည်သူတို့ ပါဝင်ဆွေးနွေးခဲ့ပြီး အဆောက်အဦ တည်ဆောက်မည့် မြေနေရာအား ရွေးချယ်သတ်မှတ်ခဲ့ကြောင်း၊ ဒလမြို့နယ်၌ မြေနေရာအတွက် စီမံမပေးနိုင်ပါက ဒုတိယရွေးချယ်ခံ ထားရသော  မြောက်ဥက္ကလာပမြို့နယ်တွင် ရွေးချယ်တည်ဆောက်သွားနိုင်ကြောင်း၊ အဆိုပါ အဆောက်အဦ ကို   ၂၀၂၁ ခုနှစ်  ဖေဖော်ဝါရီလတွင် စတင်နိုင်ရန် စီစဉ်သွားမည်ဖြစ်ပြီး တည်ဆောက်ချိန် ၈ လ ဖြင့် အပြီးတည်ဆောက် သွားမည်ဖြစ်ကြောင်း၊ သြဂုတ်လအပြီး သတ်မှတ်ထားသော်လည်း၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့် ဆွေးနွေး အတည်ပြုချက်ကြန့်ကြာမှုကြောင့်  အောက်တိုဘာလတွင် ပြီးစီးနိုင်ရန် ခန့်မှန်းထားကြောင်း၊  ၎င်းက ဆက်လက် ပြောပြသည်။

အာရှဖွံ့ဖြိုးရေးဘဏ်(ADB) အနေဖြင့် လူထုလူမှုအဖွဲ့အစည်းများ၏ အခြေခံအဆောက်အဦများ ဖွံ့ဖြိုးရေး စီမံကိန်း (JFPR- ADB Grant) အထောက်အပံ့ဖြင့် ဒလမြို့နယ်အတွင်း ရပ်ကွက် သုံးရပ်ကွက်ရှိ ပြည်သူများ သန့်ရှင်းသော ရေရရှိသုံးစွဲနိုင်ရန်၊ လူမှုဘဝနေထိုင်မှုအဆင့်အတန်းတိုးတက်မြင့်မားလာစေရန်၊ ရပ်ကွက်အဆင့် အခြေခံအဆောက် အအုံနှင့် ဝန်ဆောင်မှုများ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍   အံ့ကြီးအနောက်ရပ်ကွက်၌ သောက်သုံးရေသန့်စက် ၃ ခု ၊ (၆)နံပါတ် ရပ်ကွက်၌ ရေသန့်စက် ၂ ခု၊  ၁၁/၁၄ ရပ်ကွက်၌ ရေသန့်စက် ၁ ခု၊ စုစုပေါင်း ရေသန့်စက် ၆ ခုတို့ကို တည်ဆောက်ပေးထားပြီး၊ သောက်သုံးရေကန်များအား ခြံစည်းရိုးကာရံခြင်း၊  အမှိုက်သိမ်းကား၊ လက်တွန်းလှည်း၊ အမှိုက်အိတ် စသည့် အမှိုက်သိမ်းစနစ်တို့ကို စီစဉ်ဆောင်ရွက်ပေးထားကြောင်းသိရသည်။

နိုင်လင်းကျော်၊ အံ့ကြီးမောင် (ဒလ)

Mixed Use and Urban Read 392 times