ထိုင်း PTTEPမှ ဓာတ်ငွေ့သိုက်နှင့် လျှပ်စစ်ဓာတ်အားစက်ရုံ ဒေါ်လာ ၂ ဘီလျံ ရင်းနှီးမြှုပ်နှံလုပ်ကိုင်မည်

05 January, 2021

ဓာတ်ငွေ့သိုက်နှင့် လျှပ်စစ်ဓာတ်အားစက်ရုံတို့တွင် ထိုင်းမှ PTTEP က အမေရိကန်ဒေါ်လာ ၂ ဘီလျံ ရင်းနှီးမြှုပ်နှံလုပ်ကိုင်မည်။

ထိုင်းမှ နိုင်ငံပိုင်လုပ်ငန်းဖြစ်သော PTTEP က အိမ်နီးနားချင်း မြန်မာတွင် စွမ်းအင် မလောက်ငှခြင်းများကို ကိုင်တွယ်ဖြေရှင်းမည် ဖြစ်သည်။

PTT Exploration and Production (PTTEP) သည် ထိုင်းနိုင်ငံမှ နိုင်ငံပိုင်ကုမ္ပဏီစုကြီး PTT ၏ လုပ်ငန်းခွဲတစ်ခု ဖြစ်ပြီး မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့များ ဖွံဖြိုးရေးနှင့် လျှပ်စစ်ဓာတ်အားစက်ရုံ တည်ဆောက်ရေးတို့တွင် အမေရိကန်ဒေါ်လာ ၂ ဘီလျံ ရင်းနှီးမြှုပ်နှံလုပ်ကိုင် ရန် အစီအစဉ် ရှိသည်။ ထိုအရွေ့သည် ဓာတ်အားမလုံလောက်ခြင်းများကို ကာလရှည်ကြာ တွေ့ကြုံခံစားနေရသော အိမ်နီးနားချင်း မြန်မာနိုင်ငံတွင် ကုမ္ပဏီ၏ လုပ်ကိုင်ဆောင်ရွက်မှုများကို တိုးချဲ့ခြင်း ဖြစ်လိမ့်မည်။

PTTEP သည် မြန်မာအစိုးရထံမှ ဖွံံဖြိုးရေး လုပ်ကိုင်ခွင့်ကို ဒီဇင်ဘာ လကုန်တွင် ရရှိခဲ့သည်။ အစိုးရနှင့် သဘောတူညီချက်များအရ ကုမ္ပဏီသည် မြန်မာကမ်းရိုးတန်း ကမ်းလွန်ပင်လယ်ပြင်တွင် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုများကို လုပ်ကိုင်မည်ဖြစ်ပြီး ရရှိလာသည့် သဘာဝဓာတ်ငွေ့တို့ကို မြန်မာနိုင်ငံသို့ ပေးပို့ပြီး သုံးစွဲမည် ဖြစ်သည်။

၎င်းစီမံကိန်းကြီးသည် မြန်မာပြည်တွင်းထွက် ဓာတ်ငွေ့ကို အသုံးချမှု မြှင့်တင်ပေးမည် ဖြစ်ပြီး တိုင်းပြည်အတွက် တန်ဖိုးသင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကိုလည်း လုပ်ကိုင်နိုင်မည်ဖြစ်သည်။

စီမံကိန်းသည် မြန်မာနိုင်ငံ ဓာတ်ငွေ့ တန်ဖိုး ကွင်းဆက်တစ်လျှောက် PTTEP ပါဝင်လုပ်ကိုင်မှုများအတွက် ပထမခြေလှမ်း ဖြစ်သည်။ အကောင်အထည်ဖော်ခြင်းနှင့် တိုးချဲ့ခြင်း မဟာဗျူဟာနှင့်အညီ လုပ်ဆောင်ခြင်းလည်း ဖြစ်သည်။ ကုမ္ပဏီကို ရေရှည်တည်တံ့သော ကြီးထွားတိုးတက်မှုဆီသို့ တွန်းပို့ပေးမည် ဖြစ်သည်။

“မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းကို စီမံကိန်းက အထောက်အကူ ဖြစ်စေပါတယ်။ ၂၀၃၀ မှာ အိမ်ထောင်စုတိုင်း လျှပ်စစ် ရစေမည်ဆိုတဲ့ Energy Master Plan ကိုလည်း အထောက်အကူ ဖြစ်စေပါတယ်” ဟု PTTEP မှ အလုပ်အမှုဆောင်ချုပ် Phongsthorn Thavisin က ပြောကြားသည်။

မြန်မာအစိုးရသည် ဓာတ်အား မလောက်ငှခြင်းများကို ဖြေရှင်းပေးလိုပြီး လူအများ၏ လူနေမှုအဆင့်အတန်းကို တိုးတက်ကောင်းမွန်စေလိုသည်။ ဓာတ်အား အလုံအလောက် ရရှိနေမှ ကုန်ထုတ်လုပ်သည့် လုပ်ငန်းများကို ဆွဲဆောင်နိုင်ခြင်းဖြင့် စီးပွားရေး တိုးတက်မှုကို မြှင့်တင်နိုင်မည် ဖြစ်သည်။

PTTEP မှ ရင်းနှီးမြှုပ်နှံလုပ်ကိုင်ခြင်းသည် ဓာတ်အားထုတ်လုပ်မှု တိုးချဲ့ရန် ကြိုးပမ်းအားထုတ်မှုကို အားဖြည့်တင်းပေးမည် ဖြစ်သည်။

ဆက်စပ်ဖတ်ရှုရန် ခေါင်းစဉ်ကို ထိပါ

ကျိုက်လတ်တွင် PTTEP ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် Integrated Domestic Gas to Power Project ကို စတင်ဆောင်ရွက်နိုင်ရန် Notice to Proceed ပေးအပ်ခြင်း အခမ်းအနား ကျင်းပ

PTTEP ၏ အမေရိကန်ဒေါ်လာ ၂ ဘီလျံ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်တွင် မြန်မာကမ်းရိုးတန်း ကမ်းလွန် ဓာတ်ငွေ့သိုက်များ ဖွံ့ဖြိုးရေး ပါဝင်သည်။ ဓာတ်ငွေ့လောင်ကျွမ်းခြင်းဖြင့် ဓာတ်အား ထုတ်လုပ်မည့် စက်ရုံ ဆောက်လုပ်ရေးလည်း ပါဝင်သည်။ ထိုဓာတ်အားစက်ရုံမှ ၆၀၀ မီဂါဝပ် ထုတ်လုပ်ပေးမည် ဖြစ်သည်။ ထိုစက်ရုံအတွက် ကမ်းလွန်ဓာတ်ငွေ့သိုက်မှ စက်ရုံသို့ ကီလိုမီတာ ၃၇၀ ရှည်လျားသည် ဓာတ်ငွေပိုက်လိုင်း သွယ်တန်းခြင်းလည်း ပါဝင်သည်။ ထိုစက်ရုံမှ ရန်ကုန်မြို့သို့ ဓာတ်အားပို့လွှတ်ရန် ဓာတ်အားလိုင်း သွယ်တန်းခြင်းလည်း ပါဝင်သည်။

ဓာတ်အားစက်ရုံကို ရန်ကုန်မြို့ အနောက်တောင်ဘက် ၆၀ ကီလိုမီတာ ဝေးကွာသောနေရာတွင် ဆောက်လုပ်မည် ဖြစ်သည်။

PTTEP က ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ရန် အသေးစိတ် လေ့လာမှုများ ဆောင်ရွက်ပြီးသည့်နောက် ၂၀၂၂ အစောပိုင်းတွင် ဆုံးဖြတ်ချက် အပြီးသတ်မည် ဖြစ်သည်။

လက်ရှိတွင် ကမ်းလွန်ဓာတ်ငွေ့သိုက် ၄ ခု မြန်မာနိုင်ငံတွင် လုပ်ကိုင်နေသည်။ ထိုလေးခုအနက် တစ်ခုတွင် PTTEP က အစုရှယ်ယာ ၈၀ % ပိုင်ဆိုင်ထားသည်။ ထိုဓာတ်ငွေ့သိုက်ကို လုပ်ကိုင်နေဆဲ ဖြစ်သည်။ နောက်ထပ် ဓာတ်ငွေ့သိုက် လုပ်ကွက်တစ်ခုတွင် ဂျပန်စွမ်းအင်ဖွံ့ဖြိုးရေး ကုမ္ပဏီ Mitsui Oil Exploration နှင့် အတူ လုပ်ကိုင်နေပြီး PTTEP က အစုရှယ်ယာ ၈၀ % ပိုင်ဆိုင်ထားသည်။ Mitsui က ကျန်သည့် အစုရှယ်ယာ ၂၀ % ကို ပိုင်ဆိုင်ထားသည်။

 

lectricity-consumption-columnwww.jpg

မြန်မာအဖို့ သဘာဝဓာတ်ငွေ့သည် တန်ဖိုးရှိသည့် စွမ်းအင်တစ်ခု ဖြစ်သည်။ သို့သော် ယခုအထိ မြန်မာနိုင်ငံသည် ရရှိလာသည့် ဓာတ်ငွေ့၏ ၇၀ မှ ၈၀ % အထိကို တရုတ်နှင့် ထိုင်း နိုင်ငံများသို့ တင်ပို့နေသည်။ ယခင်က ပြည်တွင်း လျှပ်စစ်ဓာတ်အား လိုအပ်ချက်မှာ နည်းပါးသဖြင့် စစ်အစိုးရက ကာလရှည် သဘောတူစာချုပ်ဖြင့် အိမ်နီးနားချင်း နှစ်နိုင်ငံသို့ ဓာတ်ငွေ့များ ရောင်းချခြင်းဖြင့် နိုင်ငံခြားငွေ ရပေါက်ရလမ်း အရင်းအမြစ်တစ်ခုအဖြစ် ဓာတ်ငွေ့အရင်းအမြစ်ကို အသုံးချခဲ့သည်။

မြို့ပြတိုးတက်ဖွံ့ဖြိုးခြင်း စက်မှုထွန်းကားခြင်းများဖြင့် မြန်မာနိုင်ငံ ရှေ့သို့ ရွေ့လျားစဉ် ရေအားလျှပ်စစ်သည် ပြည်တွင်း လျှပ်စစ်စွမ်းအင်အတွက် အဓိကအရင်းအမြစ် ဖြစ်ပြီး လိုအပ်ချက် မြင့်မားလာသည်ကို အလျဉ်မီအောင် ပိုမိုထုတ်လုပ်ပေးနိုင်ခြင်း မရှိတော့ချေ။

လျှပ်စစ်ဓာတ်အား မလုံလောက်ခြင်းများကို ဖြေရှင်းရန် သဘာဝဓာတ်ငွေ့အရည် (liquefied natural gas LNG) ကို ပြည်ပမှ တင်သွင်းပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုတွင် သုံးစွဲရန် ဆုံးဖြတ်ချက် ချခဲ့ပြီး ၂၀၂၀ တွင် အကောင်အထည် ဖော်ခဲ့သည်။ ထိုနှစ်မှာပင် အစိုးရက ဂျပန်မှ Marubeni Corp အပါအဝင် ကုန်သွယ်ရေးလုပ်ငန်း ၃ ခု ပေါင်းစုထားသည့် လုပ်ငန်းစုအား ဓာတ်အားထုတ်လုပ်သည့် စက်ရုံတည်ဆောက်လုပ်ကိုင်ရန် ခွင့်ပြုခဲ့သည်။ LNG ဖြင့် မီးထိုးပြီး ဓာတ်အားထုတ်လုပ်သည့် စက်ရုံ ဖြစ်ပြီး ၁,၂၅၀ မီဂါဝပ် ဝန်းကျင် ထုတ်လုပ်မည် ဖြစ်သည်။

asia.nikkei

Institution Read 401 times