ခန့်မှန်းငွေ ၇ ဘီလီယံကျော်ဖြင့် ရန်ကုန်-မန္တလေးအမြန်လမ်းသို့ တိုက်ရိုက်ချိတ်ဆက်မည့် လမ်းသစ်


15 December, 2020

အနောက်ဘက် မြို့ရှောင်လမ်းမှ ရန်ကုန်-မန္တလေးအမြန်လမ်းသို့ ချိတ်ဆက်မည့်လမ်းသစ်ဖောက်လုပ်နိုင်ရန် ခန့်မှန်းကုန်ကျစရိတ် ၇ ဘီလီယံကျော်ဖြင့် လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရန်ကုန်-မန္တလေးအမြန်လမ်းသို့ တိုက်ရိုက်ချိတ်ဆက်မည့် လမ်းသစ်တစ်ခုဖောက်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက် နံနက် ၁၀ နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပထမဦးစွာ လမ်းဖောက်လုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေက ယခုဖောက်လုပ်ရန်လျာထားသည့် အနောက်ဘက်မြို့ရှောင်လမ်းမှ ရန်ကုန်-မန္တလေးအမြန်လမ်းသို့ တိုက်ရိုက်ချိတ်ဆက်မည့် လမ်းစီမံကိန်းသည် အနာဂတ်မြို့ပြအတွက် အသုံးဝင်လာမည်ဖြစ်ပြီး ပဲခူးမြို့အား အလယ်မှာထားကာ ပြည်ထောင်စုလမ်းမကြီးများနှင့် ချိတ်ဆက်ရန် လမ်းကွန်ယှက်များကို နှစ်အလိုက် ဘတ်ဂျက်များရေးဆွဲ၍ ဆောင်ရွက်လျက်ရှိကြောင်း၊ မြို့ပြတစ်ခုအတွက် သယ်ယူပို့ဆောင်ရေး၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုရှိမှသာ နေပျော်ဖွယ် မြို့ပြတစ်ခုဖြစ်လာနိုင်မှာဖြစ်ကြောင်း၊ ယခုလျာထားသည့် လမ်းအား အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် တက်ရောက်လာသည့် ကော်မတီဝင်များမှ အကြံပြုဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးတိုးတိုးက ပဲခူးမြို့၊ အနောက်ဘက်မြို့ရှောင်လမ်း မိုင်(၅/၇-၆/ဝ) အတွင်းမှ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်(၃၂-၆/၃၂-၇)ကြားရှိ လသာကုန်း Under Pass အထိ ဖောက်လုပ်မည့် လမ်းစီမံချက်အသေးစိတ်နှင့် လမ်းအူကြောင်း ရှာဖွေထားရှိမှုတို့အား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့ရာ တက်ရောက်လာသည့် ကော်မတီဝင်များက ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြသည်။

ထို့နောက် လမ်းဖောက်လုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေက လုပ်ငန်းများ စတင်ဆောင်ရွက်နိုင်ရေး မြေပြင်ကွင်းဆင်းတိုင်းတာရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ရန်၊ စီမံကိန်းလုပ်ငန်းစဉ် အသေးစိတ်အား ပဲခူးတိုင်းဒေသကြီးလွှတ်တော် ရေးရာကော်မတီ အသီးသီးသို့ ရှင်းလင်းတင်ပြသွားရန်နှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် လုပ်ငန်းများ စတင်ဆောင်ရွက်နိုင်ရေး ဘတ်ဂျက်ရေးဆွဲဆောင်ရွက်သွားရန် နိဂုံးချုပ် အမှာစကားပြောကြားခဲ့သည်။

အဆိုပါချိတ်ဆက်မည့်လမ်းသည် အရှည် ၈ မိုင်ခန့်ရှိပြီး တည်ဆောက်ခြင်းလုပ်ငန်းများကို ၂ နှစ်အတွင်း ဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Local Mixed Use and Urban Read 136 times