မြန်​မာ - ကိုရီးယား ချစ်​ကြည်​​ရေး ဒလတံတားစီမံကိန်း အပိုင်းသုံးပိုင်းခွဲ တည်​​ဆောက်​​နေ


17 December, 2020

ရန်​ကုန်​တိုင်းဒေသကြီး လမ်းမ​တော်​မြို့နယ်​နှင့် ဒလမြို့နယ်​တို့သို့ ရန်​ကုန်​မြစ်​အား ဖြတ်​သန်းကာ ဆက်သွယ်​တည်​​ဆောက်​​နေ​သော မြန်​မာ - ကိုရီးယားချစ်​ကြည်​​ရေး (ဒလ) တံတားစီမံကိန်းကို အပိုင်းသုံးပိုင်းခွဲကာ တည်​​ဆောက်​​နေပြီး ယခုအခါတွင်​ လုပ်​ငန်းအားလုံး၏ ၂၀ ရာခိုင်​နှုန်းပြီးစီး​နေပြီဖြစ်ကြောင်း တံတားတည်​​ဆောက်​​ရေးအဖွဲ့ စီမံကိန်းရုံးမှ သိရှိရသည်​။

 

“အခုက​တော့ ဒလတံတား စီမံကိန်းက အပိုင်းသုံးပိုင်းစလုံး ပြန်​လည်​စတင်​​နေပြီဖြစ်​ပါတယ်​။ ပင်မတံတားအ​နေနဲ့ဆိုရင်​ ပြီးခဲ့တဲ့ နို၀င်​ဘာလ​ နောက်​ဆုံးအပတ်​က ဘိုးပိုင်​တစ်​လုံးကို ကွန်​ကရစ်​​လောင်းတာ​တွေ လုပ်​ကိုင်​နေတာဖြစ်​ပါတယ်​။ ဒီအတွက်​ ပင်​မတံတားမှာ ဘိုးပိုင်​ စုစု​ပေါင်းဆိုရင်​ ၄၆ လုံးရှိတဲ့​နေရာမှာ ဘိုးပိုင်​​ ၂၇ လုံး ပြီးစီးဖြစ်လို့ ကွန်​ကရစ်​​လောင်းနေပြီဖြစ်​ပါတယ်​။ ဒီတံတတားကြီးကို ကိုရီးယားနိုင်​ငံရဲ့ တည်​​ဆောက်​​ရေး Quality Control အတိုင်း Quality မီ ခိုင်​ခံ့​ကောင်းမွန်​​သော တံတားကြီးတစ်​စင်း ပေါ်​ပေါက်​လာဖို့အတွက် ​ဆောင်​ရွက်​​နေပါတယ်​။ ဒါ့အပြင်​ လုပ်​ငန်းဆောင်​ရွက်​တဲ့​နေရာမှာလည်း တည်​​ဆောက်​​ရေးလုပ်​ငန်းမှာ ပါ၀င်​​နေတဲ့ ​လုပ်​သား​တွေ Safety ကို လုံခြုံစိတ်​ချစွာ​ဆောင်​ရွက်​နိုင်​​အောင်​ ကြီးကြပ်​​ဆောင်​ရွက်​​နေပါတယ်။ ကျွန်​​တော်​တို့ ဒီတံတားကြီးကို ၂၀၂၂ ခုနှစ်​​အောက်​တိုဘာလမှာ အားလုံးပြီးစီး​အောင်​​ ဆောင်​ရွက်​သွားနိုင်လို့ မျှော်​မှန်းပြီး လုပ်​​ထားပါတယ်​” ဟု​ဆောက်​လုပ်​​ရေး ၀န်​ကြီးဌာန၊ တံတားဦးစီးဌာန ဒုတိယညွှန်​ကြား​ရေးမှူးချုပ်​ ဦး​ကျော်​​ကောင်းချို က​ ပြောသည်​။

 

ယခုအခါတွင်​ မြန်​မာ-ကိုရီးယား ချစ်​ကြည်​​ရေး ဒလတံတားကြီးကို အပိုင်းသုံးပိုင်းဖြင့် ဆောင်​ရွက်​​နေပြီး လုပ်​ငန်းပြီးစီးမှု ၂၀ ရာခိုင်​နှုန်း ရှိလာပြီဖြစ်​သည်​။မြတ်​နိုးသူ​ ဆောက်​လုပ်​​ရေးမှ တာ၀န်​ယူ​ ဆောင်ရွက်နေသည့် ပထမ အပိုင်းဖြစ်​​သော ဒလမြို့နယ်​ ရန်​ကုန်​မြစ်​ဆိပ်​ကမ်းအနီး ဗိုလ်​မင်းရောင်​လမ်းပေါ်၊ ဒလဘက်​အခြမ်း ချဉ်းကပ်​တံတားအပိုင်းတွင်​ ကမ်းကပ်​ခုံ A 1 အပိုင်း Abutment Bored Pile တူး​ဖော်​ခြင်း/ ဘိုးပိုင်တူး​ဖော်​ခြင်း/ ချဉ်းကပ်​တံတား Bored Pile တူး​ဖော်​ခြင်းလုပ်​ငန်းများ / ကွန်​ကရစ်​​လောင်းခြင်းလုပ်​ငန်းများပါ၀င်​ပြီး ထိုအပိုင်းတွင်​ Pile တိုင်​ (၁၄) ခုတည်​​ဆောက်​ခြင်းနှင့်​​ လေးလမ်းသွား တံတားချဉ်းကပ်​လမ်း တည်​​ဆောက်​ခြင်းတို့ ပါ၀င်​​ကြောင်း သိရသည်​။

 

အလားတူ ဒုတိယ ရန်​ကုန်​ဘက်​ကမ်းအပိုင်းကို​ ရွှေ​တောင်​​ဆောက်​လုပ်​​ရေးမှ တာ၀န်​ယူတည်​​ဆောက်နေပြီး လမ်းမ​တော်​မြို့နယ်​ ဘုန်းကြီးလမ်းထိပ်​ ရန်​ကုန်​မြစ်​​ဘေး စီမံကိန်းနေရာတွင် Bored Pile တူး​ဖော်​ခြင်း လုပ်​ငန်းများ/ကွန်​ကရစ်​​လောင်းခြင်းနှင့် သံမဏိသံခြင်းကြီးများ ချခြင်းလုပ်​ငန်းများ ပါ၀င်​ကာ စက်​ယန္တာယားကြီးများဖြင့် ​ဆောင်​ရွက်​​နေ​ကြောင်း သိရသည်​။

 

ထိုရန်​ကုန်​ဘက်​ခြမ်းတံတား တည်​​ဆောက်​​ရေးတွင်​ ဒလဘက်​မှ ဘုန်းကြီးလမ်းအတိုင်း နှစ်​လမ်းသွား တံတားတစ်​စင်း/ ဒလဘက်​မှ ကမ်းနားလမ်းအတိုင်း ရန်​ကုန်​မြို့တွင်း ဆူး​လေဘုရားဘက်​သို့ တစ်လမ်းမောင်း တံတားတစ်​စင်း/ ဒလဘက်​မှ ကမ်းနားလမ်းအတိုင်း အလုံမြို့နယ်​ဘက်​သို့တစ်​လမ်းမောင်း တံတားတစ်​စင်း စုစု​ပေါင်းတံတားသုံးစင်းဖြင့် ဖြာဆင်းကာ တည်​​ဆောက်​သွားမည်​ဖြစ်​​ကြောင်းသိရသည်​။

 

တတိယအပိုင်း ပင်​မတံတား၏ PY 1 နှင့် PY 2 အပိုင်​ရေလည်​ပိုင်း ခန်းဖွင့်တာဝါတိုင်​ကြီးနှစ်​တိုင်​နှင့် ကေဘယ်​လ်​ကြိုးဆိုင်းတံတားကို နိုင်​ငံတကာအဆင့်မီ နည်းပညာ ကုမ္ပဏီကြီးတစ်​ခုဖြစ်​​သော CCEC တရုတ်​ကုမ္ပဏီမှ တည်​​ဆောက်​​နေခြင်းဖြစ်​ပြီး နည်းပညာအားလုံးသည်​ နိုင်​ငံတကာ အဆင့်မီစံချိန်​စံညွှန်းအတိုင်း ကိုရီးယား နည်းပညာကို အသုံးပြုပြီး ဆောင်​ရွက်​​နေခြင်းဖြစ်​​ကြောင်း တံတား ဦးစီးဌာန မှသိရသည်။

 

ထိုတံတားကြီး၏ ရေလည်​အပိုင်းတာဝါတိုင်​နှစ်​တိုင်​၏ အကွာအ​ဝေးသည်​ မီတာ ၃၇၀ ခန်းဖွင့်အကျယ်​ရှိ​ကြောင်း သိရသည်​။ တံတား၏ ဒလဘက်​ခြမ်း ချဉ်းကပ်​တံတားအရှည်​သည်​ ၅၇၇ မီတာရှိပြီး ရန်​ကုန်​ဘက်​ခြမ်း ချဉ်းကပ်​တံတား အရှည်​သည်​ ၆၀၁ မီတာရှိကာ ရေလည်​အပိုင်း ပင်​မတံတား အရှည်​သည်​မီတာ ၆၉၀ ရှည်​ရှိသည်​ စုစု​ပေါင်းတံတားရှည်​သည်​ ​ပေ ၆၁၄၄ ​ပေရှိ​သည်​။​ ရေလမ်းကင်းလွတ်​ခွင့် အမြင့်သည်​ ၄၉ မီတာ (ပေ ၁၆၀ ​) ရှိသည်​။ တံတားတွင်​တစ်​ဖက်လျင်​ ၄ မီတာ ကျယ်​၀န်းလျက်ရှိသည့် လူသွားလမ်း ပလက်​​ဖောင်း အသွား/အပြန်​ပါရှိသည်​။ ​လေးလမ်းသွား တံတားဖြစ်​​ကြောင်း သိရသည်​။

 

ထိုတံတားစီမံကိန်းသည်​ မူလတွင်​ အ​မေရိကန်​​ဒေါ်လာ သန်း ၁၃၇ ဒသမ ၈၃၃ ​ဖြစ်​ပြီး လက်​ရှိတွင်​ ပင်​မတိုင်​ကြီးများ ​နောက်​ဆုတ်​ကာ ၂၅၁ မီတာအကျယ်​မှ ၃၀၁ မီတာအထိ တိုးချဲ့ကာ​ဆောင်​ရွက်​ရသဖြင့် အ​မေရိကန်​​ဒေါ်လာ သန်း ၂၀ ထပ်​မံကုန်​ကျမည့်အတွက်​ စုစု​ပေါင်းအ​မေရိကန်​​ဒေါ်လာ သန်း ၁၅၇ ဒသမ ၈၃၃ အကုန်​ကျခံ တည်​​ဆောက်​​နေခြင်းဖြစ်​​ကြောင်း ထို​ငွေကို ကိုရီးယားနိုင်​ငံ EDCS ​ချေး​ငွေ အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်​နှုန်းဖြင့် ရယူ၍ နှစ်​ ၄၀ ​ချေး​ငွေဖြင့် တည်​​ဆောက်​သွားမည်​ဖြစ်​သည်​။ Main ကန်ထရိုက်​တာသည်​ ကိုရီးယားနိုင်​ငံ၏ GS Engineering Group မှ အဓိက တာ၀န်​ယူ​ တည်​​​ဆောက်ခြင်းဖြစ်​​ကြောင်း တံတားဦးစီးဌာန မှသိရှိရသည်​။

Local Mixed Use and Urban Read 161 times