စီးပွားရေး အကြံပေး Mr. Park Bokyeong  မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလတံတား) သွားရောက်ကြည့်ရှု

26 December, 2020

ကိုရီးယားသမ္မတနိုင်ငံ သမ္မတရုံး စီးပွားရေး အကြံပေး Mr. Park Bokyeong  မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလတံတား) သွားရောက်ကြည့်ရှုခဲ့ပါသည်။

မြန်မာနိုင်ငံ၌ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော ကိုရီးယားသမ္မတနိုင်ငံ သမ္မတရုံး စီးပွားရေး အကြံပေး Mr. Park Bokyeong  ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ဒီဇင်ဘာလ ၁၅ ရက် ခရစ္စမတ်နေ့ နံနက် ၁ဝနာရီက မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလတံတား) စီမံကိန်းသို့ သွားရောက် ကြည့်ရှုသည်။

ရှေးဦးစွာ တံတားရှင်းလင်းဆောင်တွင် တံတားတည်ဆောက်ရေး Consultant ကုမ္ပဏီ Soosung Engineering မှ ဒုတိယစီမံကိန်းမန်နေဂျာ Mr.Park  Andrew က  စီမံကိန်း ပြီစီးမှု အခြေအနေကို Video Clip ဖြင့် တင်ပြပြီး စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ စီမံကိန်း၏ အရေးပါမှုနှင့် ရန်ကုန်မြို့အတွက် ဖွံ့ဖြိုးတိုးတက် လာမည့် အလားအလာများကို ရှင်းလင်း တင်ပြသည်။

ရှင်းလင်းတင်ပြမှုအပေါ် ကိုရီးယားသမ္မတနိုင်ငံ သမ္မတရုံး စီးပွားရေး အကြံပေး Mr. Park Bok Yeong က ဒလတံတားစီမံကိန်းသည် သာမန်အားဖြင့် ရန်ကုန်နှင့်ဒလ ဆက်သွယ် သော တံတားဖြစ်သော်လည်း ပို၍ ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားပါက ကိုရီးယားနိုင်ငံနှင့် မြန်မာနိုင်ငံကို ဆက်သွယ်ချိတ်ဆက်သည့် တံတားဟု ပြောနိုင်ကြောင်း၊ ၂၀၂၂ ခုနှစ်တွင် တံတားကြီးပြီးစီးပါက ဖြတ်သန်းသွားလာသည့် ပြည်သူများအနေဖြင့်လည်း နှစ်နိုင်ငံရင်းနှီးမှု ကို ခံစားရမည်ဖြစ်ပြီး ယခင်က ရန်ကုန်နှင့် ဒလကို သင်္ဘောဖြင့် သွားရပြီး ကားဖြင့် သွားပါက နှစ်နာရီခန့်ကြာရာမှ တံတားပြီးပါက (၅)မိနစ်ခန့်သာ ကြာမည်ဖြစ်ကြောင်း၊ ဒလဘက်တွင် နေထိုင်သည့် ပြည်သူများ နေထိုင်မှုဘဝ တိုးတက်လာမည်ဖြစ်ကြောင်း၊ ကိုရီးယားနိုင်ငံ၏ လှပ အဆင့်မြင့်သည့် တံတားကြီး ရရှိလာမည် ဖြစ်ပြီး အင်ဂျင်နီယာပိုင်းဆိုင်ရာ နည်းပညာများလည်း ရရှိမည်ဖြစ်ကြောင်းနှင့် သတ်မှတ်ချိန်အတွင်း ပြီးစီးရေး ကြိုးစားဆောင်ရွက်သွား ရန် ပြောကြားသည်။

ယင်းနောက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ ကျော်လင်းက တံတားကြီးပြီးစီးသွားပါက ဒလဘက်ကမ်းမှ ပြည်သူများ လူနေမှုအဆင့်မြင့်လာပြီး ဖွံ့ဖြိုးလာ မည်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး၏ ဝင်ပေါက်တစ်ခုလည်း ဖြစ်လာမည်ဖြစ်ကြောင်း၊ ပြောကြားသည်။

 ထို့နောက် ကိုရီးယားသမ္မတနိုင်ငံ သမ္မတရုံး စီးပွားရေးအကြံပေး နှင့် ဒုတိယ ဝန်ကြီးတို့ သည် ရန်ကုန်ဘက်ကမ်း ယာယီတံတားနှင့် Working Platform ပေါ်ရှိ စီမံကိန်းလုပ်ငန်းခွင်ကို လှည့်လည်ကြည့်ရှုကြသည်။

ဒလတံတားစီမံကိန်းကို ကိုရီးယားနိုင်ငံ EDCF ချေးငွေဖြင့် တည်ဆောက်နေခြင်း ဖြစ်ပြီး တံတားစုစုပေါင်း အရှည်မှာ ၆၁၂၈ ပေရှိပြီး (၄)လမ်းသွား Cable Stayed Bridge အမျိုးအစား ဖြစ်ကြောင်း၊ ချဉ်းကပ်တံတားမှာ ဒလဘက်ကမ်း၌ (၄)လမ်းသွားဖြင့် နာရီစင် ဘက်သို့ တည့်တည့် သွားမည်ဖြစ်ပြီး ရန်ကုန်ဘက်ကမ်းတွင် ဘုန်းကြီးလမ်းဘက်သို့ (၂)လမ်းသွားဖြင့် လည်းကောင်း၊ ကမ်းနားလမ်းအတိုင်း ဝါးတန်းဘက်နှင့် ပန်းဆိုးတန်း ဘက်သို့ (၁)လမ်းသွားစီ မီတာ (၅၀၀) အရှည် (Ramp) တံတားများဖြင့် လည်းကောင်း ဆောင်ရွက်မည်ဖြစ်ပြီး စီမံကိန်း တည်ဆောက်ချိန် (၄၁)လ ကြာမြင့်မည်ဖြစ်ကာ ယခုအခါ တံတား (၁)စင်းလုံး၏ (၂၁)ရာခိုင် နှုန်းပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

Local Read 469 times