ပုသိမ်စက်မှုမြို့တော်စီမံကိန်းလျှပ်စစ်ဓာတ်အား ဖြစ်နိုင်ခြေများစူးစမ်းလေ့လာနိုင်ရေးMOUလက်မှတ်ရေးထိုး


16 November, 2019

ပုသိမ်စက်မှုမြို့တော်စီမံကိန်းအတွင်းလျှပ်စစ်ဓာတ်အားရရှိမည့်ဖြစ်နိုင်ခြေနည်းလမ်းများစူးစမ်း လေ့လာနိုင်ရေး နားလည်မှုစာချွန်လွှာတစ်ခုကို နိုဝင်ဘာ လကုန်ပိုင်းကလက်မှတ်ရေးထိုးပြီးစီး ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

ဒေသဖွံ့ဖြိုးရေးအတွက် ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်နှင့် ကန်ကြီးထောင့်မြို့နယ်များ အတွင်း ပုသိမ်မြို့တော်စီမံကိန်းကို ပြည်ထောင်စုအစိုးရ၊တိုင်းဒေသကြီးအစိုးရ တို့၏ ခွင့်ပြုချက် လမ်းညွှန်ချက်များနှင့် အညီ အဆိုပါ စက်မှုမြို့တော်စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နေသော ဧရာဝတီဖွံ့ဖြိုးတိုးတက်ရေး အများနှင့်ဆိုင်သော ကုမ္ပဏီလီမိတက်၏တာဝန်ရှိသူအား

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းရာ “အခြေခံအဆောက်အအုံ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ရန်ရည်ရွယ်နဲ့လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး စီမံကိန်းတစ်ခုကို ဟောင်ကောင်အခြေစိုက် လျှပ်စစ်နှင့်စွမ်းအင် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Union Resources & Engineering Co.,Ltd နဲ့ ကျွန်တော်တို့ ကုမ္ပဏီက ပူးပေါင်းပြီး

လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးအတွက် ဖြစ်နိုင်ခြေရှိတဲ့ နည်းလမ်းတွေ ဖြစ်တဲ့ Biomass ၊ Clean Coal ၊ LNG ၊ LPG ၊ HFO စတဲ့ လောင်စာအသုံးပြုနည်းလမ်းနဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (Renewable Energy) တွေ ဖြစ်တဲ့ Solar နဲ့ Wind Turbine အစရှိတဲ့ အရင်းအမြစ်တွေအပေါ် အခြေခံတဲ့ နည်းလမ်းတွေထဲကနေ

ဘယ်လိုနည်းလမ်းကို အသုံးပြုပြီးလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်း ဆောင်ရွက်နိုင်မလဲဆိုတာကို အသေးစိတ် စူးစမ်းလေ့လာမှုတွေပြုလုပ်နိုင်ဖို့အတွက် နားလည်မှုသဝဏ် လွှာကို လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်”ဟု ရှင်းပြသည်။

အဆိုပါလျှပ်စစ်ထုတ်လုပ်ရေးနည်းလမ်းဖြစ်နိုင်ခြေ စူးစမ်းလေ့လာမှုကို သဘာဝပတ်ဝန်းကျင်၊ လူမှုစီးပွားနှင့် အမျိုးသားရေး အကျိုးစီးပွားများအပေါ် အခြေခံ၍ အကျိုးအပြစ် အသေးစိတ်တွက် ချက်ဆောင်ရွက်ကာ ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီးအစိုးရ၊ လွှတ်တော် အသီးသီးနှင့် ဒေသခံပြည်သူလူထုတို့ထံ ပွင့်လင်းမြင်သာမှုအပြည့်ဖြင့် ဆက်လက်တင်ပြ သွားမည်ဖြစ်ကြောင်း သိရသည်။

ပုသိမ်စက်မှုမြို့တော်စီမံကိန်းပေါ်ပေါက်လာပါက တိုင်းဒေသကြီးအတွင်း အလုပ်အကိုင်အခွင့်အလမ်း များ ပိုမိုဖန်တီး ပေးနိုင်ခြင်း၊ အသေးစားနှင့် အလတ်စား ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေခြင်း၊ ဆင်းရဲနွမ်းပါးမှုကို လျှော့ချနိုင်ခြင်း၊

လယ်ယာကုန်ပစ္စည်းများကို နိုင်ငံတကာသို့ တိုက်ရိုက် တင်ပို့ ရောင်းချနိုင်ခြင်းဖြင့် လယ်ယာနှင့် သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပေး နိုင်ခြင်း၊ နိုင်ငံတော်မှ လက်ရှိ အလေးပေးဖော် ဆောင်နေသော စိုက်ပျိုးရေးကို အခြေခံသည့် ဒေသထွက်ကုန် ပစ္စည်းများနှင့်

ယင်းတို့ကို အခြေခံသည့် တန်ဖိုးမြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်လာ စေခြင်း စသည့်အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီး အစိုးရ အဖွဲ့ လျှပ်စစ်၊စွမ်းအင်၊စက်မှုလက်မှုနှင့် လမ်းပမ်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးကပြောသည်။

ပုသိမ်မြို့သည် ကိုလိုနီခေတ်ကပင် မြန်မာနိုင်ငံ၏ နိုင်ငံတကာကူးသန်းရောင်းဝယ်မှုပြုရာ ပထမ ဆုံးဆိပ်ကမ်းမြို့တစ်မြို့ဖြစ်ခဲ့ပြီး ထိုခေတ်ထိုအခါ ပုသိမ်ဆိပ်ကမ်းမှ ဆန်နှင့် အခြားလယ် ယာထွက် ကုန်ပစ္စည်း တန်ချိန်သန်းချီ၍ တင်ပို့ခဲ့သည့် သမိုင်းကြောင်းရှိခဲ့သော မြို့ဖြစ်ကြောင်းလည်း သိရသည်။

“ဒီဆိပ်ကမ်းဖြစ်ပေါ်လာခြင်းဖြင့် ဒေသတွင်းနှင့် နိုင်ငံတကာကို ကုန်စည်တွေသယ်ယူပို့ဆောင်စရိတ် သက်သက်သာသာနဲ့တင်ပို့/တင်သွင်းနိုင်မယ်။ ကုန်သွယ်ရေးကဏ္ဍ တိုးတက်ပြီး ကုန်ထုတ်မှုလုပ်ငန်း တွေ ပိုမိုအားကောင်းလာမယ်။ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းတွေပိုမိုပေါ်ပေါက်လာမယ်။

ဒေသခံ စီးပွားရးလုပ်ငန်းရှင်တွေအတွက် တစ်နေရာတည်းမှာ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်တွေရဲ့ ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းများအားလုံးကို ဆောင်ရွက်နိုင်မယ် စတဲ့ အားသာချက်တွေ ရှိလာမှာ ဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။

ယခုအခါ လူနေအိမ်နှင့် စက်မှုလုပ်ငန်း များအတွက် လျှပ်စစ်လိုအပ်ချက်၏ ၁၇ မှ ၂၀ ရာခိုင်နှုန်းခန့် ကိုသာလျှပ်စစ် ဖြန့်ဖြူးပေးနိုင် သောကြောင့် ယင်းလိုအပ်ချက်ကို ပြည့်မီစေရန်အတွက် လျှပ်စစ် ဓာတ်အား ၈ဝဝ မဂ္ဂါဝပ်နှင့် မကြာမီ ပုသိမ်စက်မှုမြို့တော်စီမံကိန်းမှ စက်မှုလုပ်ငန်းများ အတွက် လိုအပ်လာမည့် ၅ဝဝ မဂ္ဂါဝပ် စုစုပေါင်း လျှပ်စစ်ဓာတ်အားပမာဏ ၁၃ဝဝ မဂါ္ဂဝပ်ခန့် မှာ ဧရာဝတီ တိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်လာမည့်လျှပ်စစ်လိုအပ်ချက် ဖြစ်ကြောင်း သိရသည်။

Region Read 69 times