ကမ္ဘာ့ ဒုတိယ အမြင့်ဆုံး အဆောက်အဦ ဖြစ်လာတော့မည့် Merdeka 118


04 December, 2021

၁၁၈ ထပ်မြင့်သော မိုးထိတိုက်တာ၏ ခေါင်ချွန်းက မလေးရှားမြို့တော် ကွာလာလမ်ပူ ကောင်းကင်ဆီသို့ ထိုးထိုးထောင်ထောင် ဖြစ်နေသည်။ မြေပြင်မှ အမြင့်ပေ ၂,၂၂၇ ပေရှိသည်။ နောက်နှစ်မှာ ဆောက်လုပ်ပြီးစီးသည့်အခါ ကမ္ဘာ့ ဒုတိယ အမြင့်ဆုံး အဆောက်အဦ ဖြစ်လာမည်။
၁၁၈ ထပ် ရှိပြီး သမိုင်းဝင် မာဒေးကား အားကစားရုံအနီးတွင် ရှိသဖြင့် မာဒေးကား ၁၁၈ Merdeka 118  ဟု အမည်တွင်သော အဆောက်အဦသည် တရုတ်ပြည် ရှန်ဟိုင်းမြို့မှ ၂၀၇၃ ပေ မြင့်သည့် Shanghai Tower ထက် မြင့်သည်။ ယူအေအီး ဒူဘိုင်းမြို့မှ Burj Khalifa  ထက် နိမ့်သည်။  သို့ဖြစ်ရာ ကမ္ဘာ့ ဒုတိယ အမြင့်ဆုံး အဆောက်အဦ ဖြစ်သည်။ 
အကယ်စင်စစ် အဆောက်အဦ အမိုးထိပ်တွင် ၄၇၂ ပေ မြင့်သော ထိပ်ချွန်းကို ထည့်လိုက်သဖြင့် ကမ္ဘာ့ ဒုတိယ အမြင့်ဆုံး အဆောက်အဦ ဖြစ်သွားရခြင်း ဖြစ်သည်။ 

 

 ကြမ်းခင်းဧရိယာ စတုရန်းပေ ၃.၁ သန်း ရှိပြီး ထက်ဝက်ကျော်ကို ရုံးခန်းများအဖြစ် သုံးစွဲမည်။ အထပ်ပေါင်း ၈၃ ထပ်သည် ရုံးခန်းများအတွက် ဖြစ်သည်။ အထပ်ပေါင်း ၆၀ ကို တာဝါတည်ဆောက်သည့် Permodalan Nasional Berhad (PNB) နှင့် ၎င်း၏ လက်အောက်ခံ လုပ်ငန်းများက အသုံးပြုမည် ဖြစ်သည်။ တာဝါထဲတွင် ဗလီတစ်ခုပါသည်။ အထပ် ၁၂ ထပ် သုံးစွဲထားသည့်  Park Hyatt ဟိုတယ်တစ်ခုလည်း ပါသည်။ ဟိုတယ်လူနေတိုက်ခန်းများအတွက် အထပ် ၅ ထပ်ကို သုံးစွဲထားသည်။ လက်လီအရောင်းဆိုင်များဖြင့် 118 Mall ဈေးဆိုင်တန်း တစ်ခု ပါသည်။ အရှေ့တောင်အာရှ၏ အမြင့်ဆုံး ရှုမျှော်ခန်းဆောင် တစ်ခုပါသည်။ ၄ ဧက ကျယ်သည့် ဝင်းအတွင်း ဥယျာဉ်တစ်ခုနှင့် လူအများ လာရောက်အပန်းဖြေရန် နေရာများ ထားရှိပေးထားသည်။ ယာဉ်စီးရေ ၈,၅၀၀ ရပ်နားရန် နေရာ ရှိသည်။ 

 

 

မာဒေးကားသည် လွတ်လပ်ရေးဟု အဓိပ္ပာယ် ရှိသည်။ လက်တစ်ဖက်ဆန့်မြောက်ကာ လက်သီးလက်မောင်းတန်းပြီး မာဒေးကားဟု ကြွေးကြော်နေသည့်ဟန်ကို ထိပ်ချွန်းက သရုပ်ဖော်ထားသည်။
ဩစတေးလျနိုင်ငံသား ဗိသုကာ Fender Katsalidis က ဒီဇိုင်းထုတ်ပေးထားသည်။
Permodalan Nasional Berhad (PNB) က တာဝန်ယူ တည်ဆောက်သည်။ 
ဘတ်ဂျက် ရင်းဂစ် ၅ ဘီလျံ သုံးစွဲသည်။ 

၂၀၁၀ တွင် Merdeka 118 ဆောက်လုပ်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ လွန်ခဲ့သော ၅ နှစ်က ပန္နက်ချသည်။   မူလအစီအစဉ်မှာ ယခုနှစ် ၂၀၂၁ တွင် ဖွင့်လှစ်ရန် လျာထားခဲ့ပြီး ကိုဗစ်ကြောင့် ဆောက်လုပ်ရေး ရပ်ထားရသည့် ကာလများ ရှိခဲ့သဖြင့် ၂၀၂၂ တွင် ဖွင့်လှစ်မည်ဖြစ်သည်။

Mixed Use and Urban Read 1041 times