ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေး ဂျပန်ကုမ္ပဏီသုံးခု Main Contractor အဖြစ် ဆောင်ရွက်


16 September, 2019

ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း အဆင့်(၁)အား ဂျပန်ကုမ္ပဏီသုံးခုက Main Contractor အဖြစ်ဆောင်ရွက်ပြီး မြန်မာဘက်မှ A1၊ ရွှေတောင်၊ ဒဂုံနှင့် မက်စ်ကုမ္ပဏီအပါအဝင် မြန်မာကုမ္ပဏီများက ပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း အဆင့်(၁)ဖြစ်သည့် ရန်ကုန်-တောင်ငူ လမ်းပိုင်းအဆင့်မြှင့်မှု အောက်တိုဘာ ၁ ရက်တွင် စတင်မည်ဖြစ်သည်။

အဆိုပါစီမံကိန်းတွင် Main Contractor များအဖြစ် ဂျပန်နိုင်ငံမှ Sumitomo Corporation၊ TEKKEN- RJ JV၊ Tokyu Construction, Marubeni Niigata Constructionနှင့် Baron & Fujikura EPC CO. Ltd တို့နှင့် ကန်ထရိုက်စာချုပ်များအား လက်မှတ်ရေးထိုး ချုပ်ဆိုပြီးဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း အဆင့်(၁) ဖြစ်တဲ့ ရန်ကုန်-တောင်ငူလမ်းပိုင်း အဆင့်မြှင့်မှုမှာ CP 1 ကတော့ Sumitomo Corporation က Main Contractor အဖြစ်ဆောင်ရွက်ပြီး အခြေခံအများဆုံး Sub Contractor အနေနဲ့ဆောင်ရွက်မှာက A1 ကုမ္ပဏီ ဖြစ်ပါတယ်။  CP 2 ကတော့ TEKKEN- RNJV က Main Contractor အဖြစ် ဆောင်ရွက်ပြီး Sub Contractor အနေနဲ့ ဆောင်ရွက်မှာက  Max နဲ့ ဒဂုံကုမ္ပဏီတို့ ဖြစ်ပါတယ်။  Cp 3 ကတော့ Tokyu က Main Contractor အဖြစ်ဆောင်ရွက်ပြီး Sub Contractor အနေနဲ့ ဆောင်ရွက်မှာက ရွှေတောင်ကုမ္ပဏီဖြစ်ပါတယ်။ အခြား Sub Contractor အဖြစ်ပါဝင်သွားမယ့် မြန်မာကုမ္ပဏီတွေကတော့ အများကြီးဖြစ်ပါတယ်” ဟု မြန်မာ့မီးရထားမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဘမြင့်က ပြောကြားသည်။   

ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း အဆင့်(၁) ဖြစ်သည့် ရန်ကုန်-တောင်ငူလမ်းပိုင်း အဆင့်မြှင့်တင်မှု အောက်တိုဘာ ၁ ရက်တွင် စတင်မည်ဖြစ်သဖြင့် မူလနှစ်လမ်းသွားစနစ်မှ တစ်လမ်းစနစ်သို့ ယာယီပြောင်းလဲပြေးဆွဲမည်ဖြစ်ကြောင်း ရန်ကုန်ဘူတာကြီးတွင် စက်တင်ဘာ ၁၅ ရက်က ပြုလုပ်သည့် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းပြုပြင်မည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

“စီမံကိန်းကာလအတွင်းမှာ ကျွန်တော်တို့ မြန့်မာ့မီးရထားအနေနဲ့ ရထားစင်းရေ လျှော့ချတဲ့နေရာမှာ ခရီးသွားလာမှု အနှောင့်အယှက်မဖြစ်စေဖို့အတွက် ရထားကို ဖျက်သိမ်းခြင်းမပြုဘဲ ပုံမှန်သွားလာနိုင်စေဖို့ စီစဉ်ပေးသွားမှာပါ။ ကုန်ပစ္စည်းတွေသယ်ယူမှု၊ ပါဆယ်ပစ္စည်းတွေ သယ်ယူမှုတွေမှာလည်း ပုံမှန်စီးဆင်းစေဖို့အတွက် နေ့စဉ်ပါဆယ် ရထားတစ်စင်းပြေးဆွဲဖို့ စီစဉ်ထားပါတယ်” ဟု မြန်မာ့မီးရထားမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဘမြင့်က  ပြောကြားထားသည်။

 ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းကို ရန်ကုန်မှ တောင်ငူအထိ ၁၆၆ မိုင်အား အဆင့်(၁)အဖြစ်လည်းကောင်း၊ တောင်ငူမှ မန္တလေးအထိ ၂၁၉ ဒသမ ၅ မိုင်အား အဆင့် (၂)အဖြစ်လည်းကောင်း နှစ်ပိုင်းခွဲခြားဆောင်ရွက်သွားမည် ဖြစ်သည်။

Region Read 52 times