မလေးရှား ဘီလျံနာ Lim Kok Thay ရဲ့ Genting Singapore က  Casino Resort ကို ဒေါ်လာ သန်း ၃၀၀ အကုန်ခံ မွမ


19 February, 2022

မလေးရှား ဘီလျံနာ Lim Kok Thay ရဲ့ Genting Singapore က  Casino Resort ကို ဒေါ်လာ သန်း ၃၀၀ အကုန်ခံ မွမ်းမံမည်


မလေးရှား ဘီလျံနာ Lim Kok Thay ရဲ့ Genting Singapore က စင်ကာပူမှ ၎င်းရဲ့ casino resort နှင့် theme park တို့ကို ယခုနှစ်အတွင်းမှာ စင်ကာပူဒေါ်လာ သန်း ၄၀၀ (အမေရိကန်ဒေါ်လာ ၂၉၈ သန်း) အကုန်အကျခံပြီး မွမ်းမံမယ်လို့ ဆိုပါတယ်။ ကိုဗစ်လွန်ကာလ ခရီးသွားလုပ်ငန်း ပြန်ကောင်းလာချိန်အတွက် ဖြစ်ပါတယ်။

"ကိုဗစ်ကြောင့် လက်ရှိ လူတွေ အလာစဲနေတဲ့ကာလမှာ  ကျွန်တော်တို့ရဲ့ ဟိုတယ်ကို လန်းဆန်းသွားအောင် မွမ်းမံဖို့ အခွင့်သာနေတယ်" လို့ ဖေဖော်ဝါရီလ ၁၇ ရက်နေက ထုတ်ပြန်တဲ့ Genting ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ 
စင်ကာပူနိုင်ငံ Resorts World Sentosa  မှာ တည်ရှိတဲ့ ကုမွဏီပိုင် ဟိုတယ် ၃ လုံးကို မွမ်းမံမှာ ဖြစ်ပြီး ဟိုတယ် ၃ လုံးမှာ စုစုပေါင်း တည်ခိုးရန် အခန်း ၁,၂၀၀ ပါဝင်ပါတယ်။ 
၂၀၂၂ ဒုတိယ ၃လပတ်မှ စတင်ပြီး အင်တိုက်အားတိုက် လုပ်ဆောင်သွားမှာ ဖြစ်ပြီး ၂၀၂၃ မှာ အပြီးသတ်မှာ ဖြစ်ပါတယ်။ 

၂၀၂၁ တစ်နှစ်တာ အသားတင်အမြတ်က ၂၀၂၀ ထက် နှစ်ဆ ပိုရရှိခဲ့ပြီး စင်ကာပူဒေါ်လာ ၁၈၃ သန်း ရရှိခဲ့ပါတယ်။ ၂၀၂၀ ဒုတိယနှစ်ဝက်မှာ ကိုဗစ်ကူးစက်မှုများ ပြန်လည်ဖြစ်ပွားခဲ့လို့ ဝင်ငွလျော့ကျခဲ့ပါတယ်။ 

Genting ရဲ့ ပြိုင်ဘက်ဖြစ်တဲ့  Marina Bay Sands ကလည်း ယခုအခါ စင်ကာပူ ကာစီနိုမှ ဝင်ငွေ ကောင်းကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ၎င်းပိုင်ဆိုင်တဲ့ အဆောက်အဉီကိုစင်ကာပူဒေါ်လာ ၁ ဘီလျံ အကုန်အကျခံပြီး အဆင့်မြှင့်တင် မွမ်းမံနေပါတယ်။ 

Genting က ၎င်းလုပ်ကိုင်တဲ့ Universal Studios Singapore theme park ကိုလည်း ဆွဲဆောင်မှု အသစ်တွေ ဖြည့်ထည့်ဖို့ ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်မယ်လို့ ဆိုပါတယ်။ လက်ရှိ  Southeast Asia Aquarium ထက် ၃ ဆကြီးတဲ့ Singapore Oceanarium ကို ဆောက်လုပ်မယ်လို့ ဆိုပါတယ်။ ယခုလို ဆောက်လုပ်ဖို့အတွက် ယမန်နှစ်က စင်ကာပူအစိုးရထံမှ မြေကွက်များ ထပ်တိုးပြီး ငှားရမ်းခဲ့ပါတယ်။ 


Genting Malaysia ကလည်း ယခုလမှာ ၎င်းရဲ့  Genting Highlands မှ theme park ကို အဆင့်မြှင့်တင်တာ ပြီးစီးလို့ ဖွင့်ပွဲကျင်းပခဲ့ပါတယ်။ မြို့တော် ကွာလာလမ်ပူရဲ့ မြောက်ဖက် တစ်နာရီခန့် ကားဖြင့် သွားရတဲ့နေရာမှာ တည်ရှိပြီး မြေဧရိယာ ၁၀၀,၀၀၀ ‌ကျော် အကျယ်အဝန်း ရှိပါတယ်။ တောင်ကုန်းထိပ်မှာ တည်ရှိပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် ၁,၈၀၀ မီတာမှာ တည်ရှိပါတယ်။ 
Genting Skyworlds ကို စင်ကာပူဒေါ်လာ သန်း ၈၀၀ အကုန်အကျခံပြီး ပြုပြင်မွမ်းမံထားပါတယ်။ 

 

 

 Lim Kok Thay  က စင်ကာပူနှင့် မလေးရှားတို့မှာ ဇိမ်ခံခရီးသွားသင်္ဘောလုပ်ငန်းများ၊ ကာစီနိုများ လုပ်ကိုင်တဲ့အပြင် ဖိလစ်ပိုင်နှင့် အမေရိကန်တို့မှာလည်း ကာစီနိုလုပ်ငန်း လုပ်ကိုင်ပါတယ်။ 
 Genting Group  က မလေးရှားမှာ စာအုန်းဆီ စိုက်ခင်းများကိုလည်း ပိုင်ဆိုင်ပါတယ်။ 

Genting Singapore ရဲ့ ဥက္ကဋ္ဌဖြစ်သူ မလေးရှား ဘီလျံနာ Lim Kok Thay က မကြာသေးခင်က  Genting  Hong Kong  ရဲ့ ဥက္ကဋ္ဌနှင့် စီအီးအိုအဖြစ်မှ အနားယူခဲ့ရပါတယ်။  Genting Hong Kong မှာ ပြေးဆွဲတဲ့ ဇိမ်ခံ ခရီးသွားသင်္ဘောလုပ်ငန်းက အရှုံးပေါ် အကြွေးတင်ပြီး ကုမ္ပဏီကို ဖျက်သိမ်းလိုက်လို့  Lim Kok Thay  က အနားယူခဲ့ရတာ ဖြစ်ပါတယ်။  ဂျာမနီမှာ တည်ရှိတဲ့ Genting Hong Kong ရဲ့ သင်္ဘောကျင်း MV Werften လည်း ဒေဝါလီ ခံထားပါတယ်။

Forbes ရဲ့ ကမ္ဘာ့ဘီလျံနာ စာရင်းဝင်  Lim Kok Thay  ရဲ့ အသားတင်တန်ဖိုးက အမေရိကန်ဒေါ်လာ ၂.၇ ဘီလျံမှ ၂ ဘီလျံသို့ လျော့ကျခဲ့ပါတယ်။ 

Region Read 887 times