စင်ကာပူ ဘီလျံနာ Kwek Leng Beng က Seoul Hilton ကို ဒေါ်လာ ၉၃၄ သန်းဖြင့် ရောင်းမည်


25 December, 2021

စင်ကာပူ ဘီလျံနာ Kwek Leng Beng က Seoul Hilton ကို ဒေါ်လာ ၉၃၄ သန်းဖြင့် ရောင်းမည်

စင်ကာပူ ဘီလျံနာ Kwek Leng Beng ၏ City Developments က Seoul Hilton ကို အမေရိကန်ဒေါ်လာ ၉၃၄ သန်းဖြင့် ရောင်းချမည်။

City Developments ကို ဘီလျံနာ Kwek Leng Beng နှင့် သူ့မိသားစုက ထိန်းချုပ်ထားပြီး တောင်ကိုရီးယားရှိ ပိုင်ဆိုင်မှုဖြစ်သော Millennium Hilton Seoul နှင့် အနီးကပ်လျက် မြေတို့ကို ဝမ် ၁.၁ ထရီလီယံ ( အမေရိကန်ဒေါ်လာ ၉၃၄ သန်း) ဖြင့် ရောင်းချရန် ဈေး‌ဖွင့်ထားသည်။
ကာလရှည်ကြာ လက်ထဲ ရှိနေသည့် ပိုင်ဆိုင်မှုများအနက် အချို့ကို ရောင်းချသည့် 
City Developments ၏ မဟာဗျူဟာအရ Seoul Hilton  ရင်းနှီးမြှုပ်နှံမှုကို ငွေပြန်ဖော်ခြင်း ဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော် မြို့လယ်ပိုင်းနှင့် မလှမ်းမကမ်းတွင် တည်ရှိသော ၂၂ ထပ် Millennium Hilton Seoul ကြယ်ငါးပွင့် ဟိုတယ်ကို City Developments  ၏ လက်အောက်ခံ Millennium & Copthorne Hotels (M&C) ၏ စီမံရေးရာ ကန်ထရိုက်အရ Hilton Hotels & Resorts က လုပ်ငန်းလည်ပတ် လုပ်ကိုင်သည်။

၁၉၈၃ ခုနှစ်တွင် တည်ဆောက်ပြီးစီးသည့် ဟိုတယ်သည် တည်းခိုရန် အခန်း ၆၈၀ နှင့် suite ၂၉ ခန်း ပါဝင်သည်။ ၎င်းဟိုတယ်ကို Daewoo Group ထံမှ City Developments က အမေရိကန်ဒေါ်လာ ၂၁၃.၅ သန်းဖြင့် ၁၉၉၉ ခုနှစ် နိုဝင်ဘာလတွင် ဝယ်ယူခဲ့သည်။ ကပ်လျက်တွင် တည်ရှိသော ဘိုးဘွားပိုင်မြေ (မြေပိုင်မြေ) ကိုလည်း ဝယ်ယူခဲ့သည်။ အကျယ်ဧရိယာ ၁,၅၆၃ စတုရန်းမီတာ ရှိပြီး ၂၀၁၃ ခုနှစ်တွင် ဝမ် ၂၉.၅ ဘီလျံဖြင့် ဝယ်ယူခဲ့သည်။

M&C သည် လက်ထဲရှိသော ဟိုတယ်များကို တစ်ခုပြီးတစ်ခု ရောင်းချခဲ့သည်။ Millennium Hotel Cincinnati , Copthorne Hotel Birmingham နှင့် လာမည့်နှစ်တွင် တည်ဆောက်ပြီးစီးရန် လျာထားသည့် Harvest House Boulder တို့ကို ရောင်းချခဲ့ပြီးပြီ ဖြစ်သည်။

M&C သည် အာရှ၊ ဉရောပ၊ အရှေ့အလယ်ပိုင်းဒေသ၊ နယူးဇီလန်နှင့် အမေရိကန်တို့တွင်  ဟိုတယ် ၁၄၅ ခုကျော် ပိုင်ဆိုင်လုပ်ကိုင်လျက်ရှိသည်။ 
အသက် ၈၀ နှစ်ရှိသူ Kwek Leng Beng သည် စင်ကာပူမှ Hong Leong Group ၏ ဥက္ကဋ္ဌ ဖြစ်သည်။ Hong Leong Group ကို သူ့ဖခင်က ၁၉၄၁ ခုနှစ်တွင် ထူထောင်ခဲ့သည်။

ဝမ်းကွဲတော်စပ်သူ Quek Leng Chan သည်လည်း ဘီလျံနာတစ်ဦးဖြစ်ပြီး Hong Leong အမည်တူဖြင့် သီးခြားလုပ်ငန်းစုကို မလေးရှားတွင် လုပ်ကိုင်ပါသည်။

Kwek Leng Beng သည် စင်ကာပူ၏ နံပါတ်(၈) အချမ်းသာဆုံးသူဌေးဖြစ်သည်။ သူ၏  သားကြီးဩရသ Sherman  သည် ၂၀၁၈ မှ စ၍ City Developments လုပ်ငန်းစု၏ စီးအီးအိုအဖြစ် လုပ်ကိုင်လျက်ရှိသည်။

 

 

Global Read 2650 times