ဘမ်နက်ဒွန် ကမ်းခြေမြို့မှ Intempo အဆောက်အဦ


21 July, 2021

အပန်းဖြေ ပင်လယ်ကမ်းခြေမြို့အဖြစ် ထင်ရှားတဲ့ ဘမ်နက်ဒွန်Benidorm ဟာ ဥရောပတိုက်ရဲ့ စပိန်နိုင်ငံမှာ ထည်ရှိပြီး ယခုအခါ ဘမ်နက်ဒွန်မြို့မှာ ဥရောပရဲ့ အမြင့်ဆုံး လူနေတိုက်တာ ဖြစ်လာမယ့် မိုးထိတိုက်တာတစ်ခုကို ဆောက်လုပ်လျက် ရှိပါတယ်။ အဲဒီ လူနေတိုက်ခန်း မိုးထိတိုက်တာကို Intempo အဆောက်အဦလို့ အမည်ပေးထားပါတယ်။ Intempo ဟာ အမြင့် ၁၉၈ မီတာ ရှိပြီး လူနေတိုက်ခန်း စုစုပေါင်း ၂၅၆ ခု ပါဝင်တယ်။ 

Intempo ဟာ ပြန်လည်ရှင်သန်လာတဲ့ အဆောက်အဦ စီမံကိန်းတစ်ခုဖြစ်ပါတယ်။ ၂၀၂၀ ပြည့်လွန်နှစ်မှာ စပိန်နိုင်ငံမှာ တိုက်တာဈေးကွက် ပြိုလဲခဲ့လို့ စီမံကိန်းကို ယာယီဆိုင်းငံ့ထားခဲ့ရတယ်။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေမှာ ဆောက်လုပ်ရေးတွေ ခရီးမတွင် ဖြစ်နေစဉ်မှာပဲ ကိုဗစ်ကပ်ဘေး ဆိုက်ရောက်ခဲ့ပြန်တယ်။  အမှုအခင်းတွေလည်း ဖြစ်ကွားခဲ့တယ်။ တရားရုံး အဆုံးအဖြတ် ရယူကြတာတွေလည်း ရှိခဲ့တယ်. ဒါပေမဲ့ Intempo ကို ဆက်လက်ဆောက်လုပ်နေခဲ့ပြီး ယခုအခါ နေထိုင်ခွင့် လက်မှတ် ရယူဖို့ နီးကပ်နေပြီလို့ ဆိုပါတယ်။ 

ဆောက်လုပ်ရေးကို Dragados ကုမ္ပဏီမှ ကန်ထရိုက် ရရှိခဲ့ပါတယ်။ Dragados က အပြီးသတ်ပိုင်းကို လုပ်ဆောင်လျက်ရှိပြီး အဆောက်အဉီအတွင်း ရှင်းလင်းရေးနဲ့ လက်စသပ်စရာ ရှိတာတွေ အချောသတ်နေပါတယ်။ တိုက်ခန်း ဝယ်ယူလိုသူတွေကလည်း နမူနာ ပြသထားတဲ့ တိုက်ခန်းအချို့ကို လာရောက်ကြည့်ရှုလျက် ရှိပါတယ်။ 

မိုးထိတိုက်တာ အမြွှာကို ထိပ်ပိုင်းမှာ ဆက်ပေးထားတဲ့ ဗိသုကာဒီဇိုင်းဖြင့် တည်ဆောက်ထားတယ်။ တိုက်ခန်းတွေမှာ နေထိုင်ကြသူတွေ အများသူငါ သုံးစွဲကြဖို့ ဧရိယာ ၁၃,၀၀၀ စတုရန်းမီတာ ပါဝင်ပြီး အဲဒီအများသုံးဧရိယာထဲမှာ ၈၀၀ စတုရန်းမီတာ ကျယ်တဲ့ ရေကူးကန်ကို မြေညီထပ်မှာ ဆောက်လုပ်ပေးထားပါတယ်။ ပင်လယ်ကမ်းခြေ သဲသောင်ပြင်နဲ့ မီတာ ၂၀၀ ကွာဝေးတဲ့ နေရာမှာ တည်ရှိပါတယ်။ ဘမ်နက်ဒွန် မြို့ကို အပေါ်စီးမှ ကြည့်ရှုနိုင်ဖို့ အမြင့်ဆုံး အထပ်ဖြစ်တဲ့ ၄၇ ထပ်မှာ အများသုံးဧရိယာ စီစဉ်ပေးထားတယ်။ အရက်ဘားဆိုင်တစ်ခုလည်း ဖွင့်လှစ်ပေးထားမှာ ဖြစ်ပါတယ်။ ရေနွေးရေချိုးကန် ၄ ခုလည်း ထားရှိပေးထားတယ်။ 

 

ဈေးအမြင့်ဆုံး တိုက်ခန်းတွေကို ၄၅ ထပ်မှာ ထားရှိတယ်။ တိုက်ခန်းတစ်ခန်းရဲ့ ကြမ်းခင်းဧရိယာ ၃၀၀ စတုရန်းမီတာ ရှိတယ်။ တိုက်ခန်းတစ်ခန်း ဈေးနှုန်း အမေရိကန်ဒေါ်လာ ၂၃ သိန်းခွဲကျော်ဖြင့် ရောင်းချခဲ့ရပြီးပြီ လို ဆိုပါတယ်။ 
အခြားအထပ်တွေမှာတော့ ၇၅ စတုန်ရန်းမီတာ ကျယ်တဲ့ အမျိုးအစားနဲ့ ၉၅ စတုရန်းမီတာ ကျယ်တဲ့ အမျိုးအစား နှစ်မျိုး ရှိပါတယ်။ ၇၅ စတုန်ရန်းမီတာ ကျယ်တဲ့ အမျိုးအစားမှာ အခန်းနှစ်ခန်းနဲ့ ရေချိုးခန်းအိမ်သာ တစ်ခန်းတို့ ဖွဲ့စည်းပါဝင်တယ်။  ၉၅ စတုရန်းမီတာ ကျယ်တဲ့ အမျိုးအစားမှာ ရေချိုးခန်းတွဲလျက် အိပ်ခန်းနှစ်ခန်းပါပြီး သီးခြားမီးဖိုချောင် အခန်းတစ်ခန်း ဖွဲ့စည်းပါဝင်ပါတယ်။ 

 

တိုက်ခန်းတိုင်းမှာ ဝရံတာ ပါပြီး ပင်လယ်ပြင် ရှုခင်းကို ရှုစားနိုင်တယ်။ အခန်းအတော်များများမှာ နောက်ဖေးဘက်မှာလည်း ဝရံတာ တစ်ခု ထည့်ပေးထားပြီး တောင်တန်းအလှကို ရှုစားနိုင်တယ်။ 
ဈေးစဖွင့်ခဲ့စဉ်က အခန်းဈေးနှုန်းတွေမှာ အနည်းဆုံး အမေရိကန်ဒေါ်လာ ၃ သိန်းနီးပါးရှိခဲ့ပြီး ယခုအခါမှာတော့ အဝယ်လိုက်တာကြောင့် ဈေးတွေ တက်ကုန်တယ်။  ၉၅ စတုရန်းမီတာ ကျယ်တဲ့ အမျိုးအစားမှာ ဈေးအပေါဆုံးက အမေရိကန်ဒေါ်လာ ၃ သိန်း ၇ သောင်းကျော် ဈေးပေါက်နေပါတယ်တဲ့။ လာမယ့် စက်တင်ဘာလမှာ အခန်းစအပ်မယ်လို့ ဆိုပါတယ်။ လောလောဆယ် ရောင်းချပြီးတဲ့ တိုက်ခန်းစုစုပေါင်းက ၄၀% ကျော်ပဲ ရှိသေးတာမို့ ယခင်အချိန်တွေတုန်းကနဲ့ နှိုင်းစာရင် နှေးနေတယ်။ ကိုဗစ်ကြောင့် ပင်လယ်ကမ်းခြေကို နှစ်စဉ် အပန်းဖြေခရီး လာနေကျ ဧည့်သည်တွေ မလာနိုင်တာကလည်း အရောင်းနှေးရတဲ့ အကြောင်းတစ်ချက် ဖြစ်ပါတယ်။ တိုက်ခန်းကို ရင်းနှီးမြှုပ်နှံမှုအဖြစ် ဝယ်ယူပြီး အလည်လာတဲ့သူတွေကို ငှားရမ်းတဲ့ဈေးကွက် ရပ်တန့်နေပါတယ်။ ဒီတော့ ဒေသခံ ဝယ်လက်တွေ တိုက်ခန်းဝယ်ဖို့ လက်တွန့်နေကြတယ်။ ပြည်ပဝယ်လက်တွေကတော့ စုံစမ်းမေးမြန်း ဝယ်ယူမှုတွေ ရှိနေတာမှာ ရုရှား၊ ပြင်သစ်နဲ့ ဂျာမနီတို့မှ ဝယ်လက်များက အများစုဖြစ်တယ်လို့ ဆိုပါတယ်။ 

 

Intempo ကို ဆောက်လုပ်ခွင့် ကျခဲ့ပြီးတဲ့နောက် ၂၀၀၆ ခုနှစ်မှာ ဆောက်လုပ်ရေး စီမံကိန်းကို စတင်ခဲ့တယ်။ စီမံကိန်းအတွက် အဓိကအားဖြင့် ရင်းနှီးမြှုပ်နှံခဲ့တဲ့ လုပ်ငန်းရှင် နှစ်ဦးက Isidro Bonona နဲ့  José Ignacio de la Serna တို့ ဖြစ်ပါတယ်။  José Ignacio de la Serna က ၂၀၁၅ ခုနှစ်မှာ ကွယ်လွန်ခဲ့တယ်။ ငွေရေးကြေးရေး ကိစ္စတွေနဲ့ ပတ်သက်လို့ စီးပွားဖက် နှစ်ဦးအကြား မကြေမလည် ဖြစ်ကြရာမှ တရားရုံးမှာ ရင်ဆိုင်ကြတဲ့အဖြစ် အထိ ရောက်သွားကြတယ်။ ချေးငွေတွေ ပေးချေတာမှာ အမည်ပေါက်ချေးယူသူကသာ ပေးဆပ်ဖို့ တရားရုံးက အဆုံးအဖြတ် ပေးခဲ့တယ်။ အဲဒီလို အမှုရင်ဆိုင်နေကြစဉ်မှာ စီမံကိန်းက စပိန်မှ ဘဏ်လုပ်ငန်းတစ်ခု ဖြစ်တဲ့ Sareb က တင်ရှိနေတဲ့ ကြွေးတွေအတွက် ငွေထုတ်ချေးပေးခဲ့တယ်။ Sareb က လိုအပ်တဲ့ ငွေတွေအတွက် ငွေစုဘဏ်လုပ်ငန်းအမျိုးအစား ဘဏ်တစ်ခုဖြစ်တဲ့  Caixa Galicia ထံမှ ချေးယူခဲ့တယ်။ လုပ်ငန်းခွင်မှာ ဆောက်လုပ်ပြီးစီးမှုက ချေးငွေရာနှုန်းပြည့် သုံးစွဲထားခြင်း မရှိဘဲ ၉၃% သာ ရှိခဲ့တယ်။ 
အဆောက်အဉီရဲ့ အပေါ်ပိုင်း မပြီးမစီး ဖြစ်နေတဲ့အတွက် ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံထားတာတွေ ဆုံးရှုံးတော့မယ့် အရေး ဖြစ်ပေါ်နေခဲ့တယ်။ ဆောက်လုပ်ရေး ရက်ကြာကြာ ရပ်ထားလိုက်တဲ့အတွက် ပျက်စီးပြိုကျမယ့် အရေးလည်း ရှိနေတယ်။
ဘဏ်က ကြားဝင်ဆောင်ရွက်ပေးခဲ့တာမှာ ကြွေးရှင်တွေကို ငွေပြန်ရမယ့် စီစဉ်မှုတွေ ချမှတ်ပေးပြီး ညှိနှိုင်း ပြေလည်သွားခဲ့တယ်။ ရင်းနှီးမြှုပ်နှံငွေ ထပ်ထည့်ပြီး အပြီးအစီးအထိ ဆက်လက်ဆောင်လုပ်ဖို့ ချေးငွေ ထပ်မံရယူခဲ့ပြီး တိုက်ခန်းတွေ ရောင်းချပြီး ငွေပြန်မဆပ်သေးသရွေ့ ငွေထုတ်ချေးတဲ့လုပ်ငန်းက Intempo ရဲ့ ပိုင်ရှင်အဖြစ် သတ်မှတ်ထားဖို့ သဘောတူပေးခဲ့ရတဘ်။ 
ယခုအခါမှာတော့ တိုက်ခန်းတွေ ရောင်းထွက်ခဲ့တဲ့အပြင် ဆောက်လုပ်ရေးကလည်း အပြီးသတ် အချောကိုင်နေပြီဖြစ်ပြီး နေရာရှင်းလင်းရေးအဆင့်ကိုလည်း တစ်ပြိုင်တည်း လုပ်ဆောင်နေပြီဖြစ်လို့ Intempo  မိုးထိတိုက်တာအတွက် သက်ပြင်းချနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
Source: english.elpais.com/
 


 

Global Public Housing Read 447 times