ရောင်းဈေးခေါင်ခိုက်တဲ့ မိုးထိတိုက်တာ ပြည်သူ့အိမ်ရာ တိုက်ခန်း


20 January, 2021

စင်ကာပူ အစိုးရ အထောက်အပံ့ဖြင့် ဆောက်လုပ်ရောင်းချတဲ့ တိုက်ခန်း ဈေးနှုန်းတွေဟာ စင်ကာပူဒေါ်လာ သန်းချီတဲ့ ပမာဏကို ရောက်ရှိနေတယ်။ ကိုဗစ်ကြောင့် အခက်ကြုံနေကြရပြီး စီးပွားရေး ကျဆင်းနေပေမဲ့လည်း ပြည်သူ့အိမ်ရာတိုက်ခန်းတွေကို ပြန်ရောင်းကြတာမှာ ၂၀၂၀ ခုနှစ်အတွင်းမှာ  Pinnacle@Duxton  ပြည့်သူ့အိမ်ရာ တိုက်ခန်းကို စင်ကာပူဒေါ်လာ  ၁ သန်း အထက်ဖြင့်အရောင်းအဝယ် တည့်ခဲ့ကြတယ်။  အဆောက်အဉီက သက်တမ်း ၂၈ နှစ် ရှိပြီ ဖြစ်ပါတယ်။ တိုက်ခန်းကြမ်းခင်းဧရိယာက ၁၀၆ စတုရန်း မီတာ ရှိပြီး အခန်း ၅ ခန်း ဖွဲ့ထားတယ်။ 

စင်ကာပူကို ထူထောင်ခဲ့သူ ဝန်ကြီးချုပ် လီကွမ်ယုရဲ့ မဲဆန္ဒနယ်မြေဖြစ်တဲ့  Tanjong Pagar  မှာ အထပ် ၅၀ ပါ မိုးထိတိုက်တာ ခုနစ်ခု ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ မဲဆန္ဒနယ်မြေတွင် လီကွမ်ယုသည် ဆယ်စုနှစ် ခြောက်ခုတိုင်တိုင် ရွေးကောက်တင်မြှောက်ခံ ကိုယ်စားလှယ် ဖြစ်ခဲ့ပါတယ်။

တန်ဖိုးသင့် အိမ်ရာတိုက်ခန်းအဖြစ် အစိုးရမှ ရောင်းချတာကို ဈေးသက်သက်သာသာဖြင့် ဝယ်ယူထားတဲ့ အခန်းပိုင်ရှင်တွေအဖို့ တိုက်ခန်းဟာ ထီပေါက်မယ့် ထီလက်မှတ်တစ်စောင်လို ဖြစ်နေတယ်။

သူဝယ်ယူထားတဲ့  ပြည်သူ့အိမ်ရာတိုက်ခန်းကို Mark Wang ရောင်းချခဲ့တာ စင်ကာပူဒေါ်လာ ၁.၀၇ သန်းဖြင့် ဈေးတည့်ခဲ့ပြီး စင်ကာပူဒေါ်လာ ၇၀၀,၀၀၀ အသားတင်အမြတ် ရရှိခဲ့တယ်။ ရလာတဲ့ ငွေဖြင့် သူက ကွန်ဒို တိုက်ခန်း နှစ်ခန်း ဝယ်ဖို့အတွက် သုံးစွဲသွားမယ်လို့ ဆိုပါတယ်။ 
“ထီပေါက်သလိုမျိုး အကျိုးရလဒ် ရရှိတယ်” လို့ သူက ပြောတယ်။ 
 Mark Wang ရဲ့ တိုက်ခန်းက ၄၃ ထပ်မှာ တည်ရှိပြီး လသာဆောင်မှ ကြည့်လိုက်ရင် စင်ကာပူကို အပေါ်စီးမှ မြင်ရပြီး ပင်လယ်ပြင်ကျယ် နောက်ခံကိုလည်း မြင်တွေ့ရပါတယ်။ 
အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန Housing and Development Board (HDB) မှ တည်ဆောက်ခဲ့တဲ့ ပြည်သူ့အိမ်ရာ တိုက်တာမှ တိုက်ခန်းတွေ ပြန်ရောင်းကြတာ ၂၀၂၀ ခုနှစ်မှာ စင်ကာပူဒေါ်လာ ၁ သန်း အထက် ဈေးရခဲ့တဲ့ အခန်းပေါင်း  ၈၂ ခုအနက်မှ တစ်ခု ဖြစ်ပါတယ်။
 

HDB တိုက်ခန်းများ ပြန်ရောင်းချခြင်းဈေးကွက်သည် ၂၀၂၀ နှစ်လယ်ပိုင်းမှ နှစ်ကုန်ပိုင်းအထိ ၆ လဆက်တိုက် တက်ရိပ် ရှိနေခဲ့တယ်။ တစ်နှစ်တာအတွင်း ဈေးနှုန်း ၆.၄% မြင့်တက်ခဲ့တယ်။ ၂၀၁၉ ခုနှစ်တွင် ၀.၃% မျှသာ ဈေးတက်ခဲ့ပါတယ်။ 
ဘဏ်ချေးငွေ အတိုးနှုန်းများ နိမ့်ကျခြင်း၊ တိုက်ခန်းအသစ် ဆောက်လုပ်ရေးများ ကိုဗစ်ကြောင့် နှောင့်နှေးကြန့်ကြာနေခြင်း၊ ပုဂ္ဂလိကကဏ္ဍမှ အိမ်ရာဈေးနှုန်းများ မြင့်တက်ခြင်းတို့ကြောင့် ပြည်သူ့အိမ်ရာတိုက်ခန်း ပြန်ရောင်းသည့် ဈေးကွက်တွင် ဈေးတက်စေခဲ့သည့်အပြင် ဝယ်လက်များလည်း ရှိနေစေပြီး အရောင်းအဝယ်များ ယခင်နှစ်များထက် ပိုမိုများပြားခဲ့ပါတယ်။  ၂၀၂၀ ခုနှစ်မှာ HDB တိုက်ခန်း ၈၂ ခု အရောင်းအဝယ် ဖြစ်ခဲ့တယ်။ ၂၀၁၉ ခုနှစ်မှာ တိုက်ခန်း ၆၄ ခန်း အရောင်းအဝယ် ဖြစ်ခဲ့ကြပြီး ၂၀၁၈ ခုနှစ်မှ ၇၁ ခု ဖြစ်ခဲ့ပါတယ်။


အစိုးရ အထောက်အပံ့ဖြင့် ရောင်းချပေးတဲ့ တန်ဖိုးသင့် တိုက်ခန်းတွေ ဖြစ်တာကြောင့် ပြင်ပပေါက်ဈေး ကာလတန်ဖိုးထက် ဈေးသက်သာပါတယ်။ သက်တမ်း ၉၉ နှစ် ပေးပါတယ်။ ပြန်ရောင်းကြတဲ့အခါ ဝယ်ဈေးထက် အနည်းဆုံး ၆၀ မှ ၇၀ ရာခိုင်နှုန်း ဈေးပိုရကြပါတယ်။ 
ဈေးအများဆုံးဖြင့် အရောင်းအဝယ်တည့်ခဲ့တဲ့ ဈေးနှုန်းက စင်ကာပူဒေါ်လာ ၁.၂၅၈ သန်း ဖြစ်ပါတယ်။

ကိုဗစ် ကပ်ရောဂါ နှိပ်စက်သည့် နှစ်တွင် စင်ကာပူ စီးပွားရေး ၅ ရာခိုင်နှုန်း ‌ကျော် ကျုံ့ခဲ့ပြီး နှစ်ပေါင်း ၅၅ နှစ်အတွင်း အဆိုးဝါးဆုံး စီးပွားကျဆင်းမှုကို ကြုံရစဉ် ပြည့်သူ့အိမ်ရာ တိုက်ခန်းများ ဒေါ်လာ တစ်သန်းအထက်ဖြင့် အရောင်းအဝယ် ဖြစ်ကြသည်မှာ အကယ်စင်စစ် အံ့ဩစရာတော့ မဟုတ်ပေ။ စင်ကာပူ အိမ်ရာပိုင်ဆိုင်မှု ကဏ္ဍသည် ဒူပေနာပေခံပြီး ကြံ့ကြံ့ခံ ရပ်တည်နိုင်စွမ်း ရှိပါတယ်။

စင်ကာပူတွင် နေထိုင်ကြသည့် လူဦးရေ၏ ၈၀ % ကျော်တို့သည် ပြည့်သူ့အိမ်ရာတိုက်ခန်းများတွင် နေထိုင်ကြသည်။ တန်ဖိုးသင့် အိမ်ရာများဖြစ်သဖြင့် လူအများစုတို့ကို တိုက်ခန်း ဝယ်ယူပိုင်ဆိုင်ဖို့ လက်လှမ်းမီကြသည်။ ထို့ပြင် ရင်းနှီးမြှုပ်နှံမှုတစ်ရပ် အဖြစ်ဖြင့်လည်း ဝယ်ယူကြတယ်။

ယခုလို ရောင်းဈေး မြင့်တက်ခြင်းကြောင့် တိုက်ခန်းဝယ်ခွင့်ရခြင်းသည် ပေါက်မှာ သေချာသည့် ထီလက်မှတ်တစ်စောင် လက်ဝယ်ရရှိခြင်းသဖွယ် ဖြစ်နေသည်ကို အစိုးရမှ သိရှိကြောင်း အသိအမှတ်ပြုထားသော်လည်း ကိုင်တွယ်ဖြေရှင်းခြင်း မပြုချေ။ တိုက်ခန်း ဝယ်ယူထားသူသည် အနည်းဆုံး ၅ နှစ် ကြာပြီးမှ ပြန်ရောင်းခွင့် ရှိသည့်အချက်သာ ကန့်သတ်ချက် ရှိပါတယ်။ 
နေရာကောင်းများတွင် ဆောက်လုပ်သည့် ပြည့်သူအိမ်ရာတိုက်ခန်းများကိုလည်း လူအများစု လက်လှမ်းမီသည့် ဈေးနှုန်းဖြင့်သာ အစိုးရမှ ရောင်းချပေးသည်။ ထိုသို့သော် နေရာကောင်းများမှ တိုက်ခန်းများ၏ ရောင်းဈေးသည့် ခေါင်ခိုက်နေသော်လည်း ဝယ်လက် ရှိစမြဲ ဖြစ်သဖြင့် ပြန်ရောင်းဈေးက ၂၀၂၁ တွင် တက်ပြီးရင်း တက်နေပါတယ်။

ပုဂ္ဂလိကအိမ်ရာကဏ္ဍမှာ ဈေးမြင့်တက်သဖြင့် ပြည်သူ့အိမ်ရာကဏ္ဍမှာ ပြန်ရောင်းဈေးနှုန်းများ မြင့်တက်သည်။ နေရာကောင်းမှ တိုက်ခန်း ရောင်းချသူတို့သည် ဆင်ခြေဖုံးတွင် တိုက်ခန်းများ ပြန်ဝယ်ကြသဖြင့် ဆင်ခြေဖုံး တိုက်ခန်းများ ဝယ်လိုအား မြင့်တက်ပြီး ဈေးတက်တယ်။ ကဏ္ဍတစ်ခုကို တစ်ခုက ဈေးဆွဲတင်ပေးနေသလို ဖြစိ်နေတဘ်။ ထိုသို့ ပြည်သူ့အိမ်ရာကဏ္ဍတွင် ဈေးတက်သဖြင့် ပုဂ္ဂလိက်ကဏ္ဍတွင် ဈေးမြင့်တက်စေသည်။ ထိုသို့ အပြန်အလှန်သက်ရောက်မှုများ ဖြစ်ပေါ်နေသဖြင့် နေရာကောင်းတွင် တည်ရှိသည့် အိမ်ရာတိုက်ခန်းသည် ဈေးကောင်းရနေဦးမည် ဖြစ်ပါတယ်။ 
 

Global Read 1834 times