အိမ်ရာစီမံကိန်း ၅ ခု ရပ်ဆိုင်းခဲ့တဲ့ Greatearth ရဲ့ အခြားစီမံကိန်းများ


29 August, 2021

စင်ကာပူမှာ အကောင်အထည်ဖော်နေတဲ့ Build-to-Order (BTO) အိမ်ရာစီမံကိန်း (၅)ခုမှ ရပ်ပစ်လိုက်တဲ့ ကန်ထရိုက်တာတွေ လုပ်ကိုင်နေတဲ့ အခြားအစိုးရ စီမံကိန်းတွေမှာ ထိခိုက်မှု အနည်းဆုံး ဖြစ်အောင် ဆောင်ရွက်သွားမယ်လို့ National Environment Agency (NEA)နဲ့  Land Transport Authority (LTA) တို့က ဆိုပါတယ်။ အဲဒီ
အစိုးရစီမံကိန်း နှစ်ခုက မီးသင်္ဂြိုဟ်ရုံ အဆောက်အဦအသစ်တစ်ခုနဲ့ ဘတ်စ်ကားဝင်းတစ်ခုတို့ ဖြစ်ပါတယ်။ 
ပြဿနာတက်နေတဲ့ ကန်ထရိုက်တာတွေက Greatearth Corporation နဲ့  Greatearth Construction တို့ ဖြစ်ပါတယ်။ အဲဒီ ကန်ထရိုက်တာ လုပ်ငန်းနှစ်ခုအနေဖြင့် အစိုးရမှ ကူညီမယ်ဆိုရင်တောင် Build-to-Order (BTO) အိမ်ရာစီမံကိန်း (၅)ခုကို အလုပ်ဆက် မလုပ်နိုင်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ စီမံကိန်း လုပ်ငန်းခွင်တွေကို ဩဂုတ်လ ၂၀ ရက်နေ့ကတည်းက ရပ်ထားပါတယ်။ 

 

 

Greatearth ရဲ့ ဝဘ်ဆိုက်မှာ ကုမ္ပဏီကို ၁၉၁၂ ခုနှစ်မှာ ထူထောင်ခဲ့ပြီး အိမ်ရာဖွံ့ဖြိုးရေး၊ အင်ဂျင်နီယာဆိုင်ရာနှင့် ဆောက်လုပ်ရေးတို့ကို အဓိကအားဖြင့် လုပ်ကိုင်ကြောင်း ဖော်ပြထားပါတယ်။ ပါဝင်ပတ်သက်နေတဲ့ အစိုးရစီမံကိန်း အနည်းဆုံး ၅ ခု လုပ်ကိုင်နေကြောင်းလည်း ဖော်ပြထားပါတယ်။ 

 မီးသင်္ဂြိုဟ်ရုံ အဆောက်အဦအသစ်အတွက် ပင်မကန်ထရိုက်တာက Greatearth Construction ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်မှ ပြီးစီးဖို့ လျာထားတဲ့ စီမံကိန်းဖြစ်ပါတယ်။ 

ဘတ်စ်ကားဝင်းတစ်ခု တည်ဆောက်တဲ့ စီမံကိန်းရဲ့ ပင်မ ကန်ထရိုက်တာက Greatearth Corporation နဲ့ Gamuda Berhad Singapore  တို့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာ ထူထောင်တဲ့ ဖက်စပ်ကုမ္ပဏီ ဖြစ်ပါတယ်။ ဘတ်စ်ကား စီးရေ ၅၀၀ ထားရှိနိုင်တဲ့ ဘတ်စ်ကားဝင်း ဖြစ်ပါတယ်။ လက်ရှိမှာ စီမံကိန်းရဲ့ ၁၅ % ကိုသာ ပြီးစီးပါသေးတယ်။ ၂၀၂၄ ခုနှစ်မှာ ပြီးစီးဖို့ လျာထားပါတယ်။ 

Jurong Town Corporation(JTC ) ဆီမှာလည်း Greatearth Construction ပါဝင်ပတ်သက်တဲ့ ဖက်စပ်လုပ်ငန်းတွေကို ပေးထားတဲ့ စီမံကိန်း နှစ်ခု ရှိနေပြီး ၂၀၁၉ နဲ့ ၂၀၂၀ ခုနှစ်တို့မှာ ကန်ထရိုက်ပေးခဲ့တာ ဖြစ်ပါတယ်။  နယ်မြေဖွံ့ဖြိုးရေးအတွက် အခြေခံအဆောက်အအုံ ဆောက်လုပ်ရေး စီမံကိန်းများ ဖြစ်ပါတယ်။ 
ဖက်စပ်အဖြစ် ပါဝင်တဲ့ လုပ်ငန်းတွေက သူတို့ တာဝန်အပြည့်ယူပြီး ကန်ထရိုက်ကတိကဝတ်တွေ ကျေပွန်အောင် လုပ်ဆောင်မှာ ဖြစ်ကြောင်း သဘောတူကြပါတယ်။ 

ကနဉီးသတင်း ဖတ်ရှုရန် ခေါင်းစဉ်ငယ်ကို ထိပါ
စင်ကာပူတွင် အိမ်ရာစီမံကိန်း ၅ ခု ရုတ်တရက် ရပ်ဆိုင်း

ကပ်ရောဂါထဲတွင် အထိခိုက်ဆုံး ကဏ္ဍများတွင် ဆောက်လုပ်ရေးကဏ္ဍလည်း ပါဝင်ပါတယ်။ လုပ်သားအင်အား မလုံလောက်မှု၊ ကိုဗစ်ကာကွယ်ရေး လုပ်ထုံးလုပ်နည်းများဖြင့် လုပ်ကိုင်နေတဲ့အတွက် နှောင့်နှေးကြန့်ကြာမှုများ ရှိတဲ့အပြင် ဆောက်လုပ်ပစ္စည်းများ အချိန်မီ မရရှိခြင်းနဲ့အတူ ဈေးနှုန်းများ မြင့်တက်ခြင်းတို့ကို ကြုံတွေ့ခဲ့ကြရတယ်။ 

 

 

ရလဒ်အဖြစ် စင်ကာပူလုပ်ကိုင်နေတဲ့ ဆောက်လုပ်ရေး ကန်ထရိုက်တာတွေ ငွေမလည်တော့တဲ့အဖြစ်ကို ရင်ဆိုင်နေရတယ်။ 
အစိုးရ အိမ်ရာစီမံကိန်းတွေ ကြီးကြပ်တဲ့ အိမ်ရာဖွံ့ဖြိးရေးနှင့် အိုးအိမ်ဦးစီးဌာနထံသို့ ကန်ထရိုက်တာ Greatearth က BTO စီမံကိန်းး ၅ ခု အပြီးအစီးအထိ လုပ်ကိုင်ပေးနိုင်တော့မှာ မဟုတ်ကြောင်း အကြောင်းကား အသိပေးခဲ့ပါတယ်။ အစိုးရက ထောက်ပံ့ကူညီပေမဲ့လည်း ဆက်လက်လုပ်ကိုင်နိုင်တော့မှာ မဟုတ်ကြောင်း အသိပေးခဲ့ပါတယ်။ 

အိုးအိမ်ဦးစီးဌာနက လောလောဆယ်မှာ အရေးပေါ် ကန်ထရိုက်တာများ စီစဉ်ပြီး ဆောက်လုပ်လက်စ အဆောက်အဦများ ထိန်းသိမ်းစောင့်ရှောက်ဖို့ တာဝန်ပေးအပ်ထားပါတယ်။ နောက်ထပ် ကန်ထရိုက်တာ အသစ်များ ခန့်အပ်ဖို့ကိုလည်း လုပ်ဆောင်လျက် ရှိပါတယ်။ 
 

Global Read 413 times