သံထည် ပစ္စည်းများကို အလွယ်တကူ သံချေး မတက်စေရန် သွပ်ရည်စိမ်ခြင်း (Galvanization )


20 January, 2022

Galvanizing ဆိုတာ သံထည် ပစ္စည်းများကို သံချေး အလွယ်တကူတက်ခြင်းမှ ကာကွယ်နိုင်ရန် ပြင်ဆင်လုပ်ဆောင်တဲ့ သွပ်ရည်စိမ်ခြင်း တစ်မျိုးပါ။

အများဆုံး အသုံးပြုတဲ့ နည်းလမ်းကတော့ hot-dipped galvanizing လို့ ခေါ်တဲ့ နည်းပါ။

450 degree Celsius လောက် အပူပေးပြီး ဖျော်ထားတဲ့ သွပ်ရည်ကန်ထဲကို သံထည်တွေ ထည့်စိမ်ပြီး ပြန်အခြောက်ခံတဲ့ နည်းလမ်းပါ။ ဒီနည်းက ကန်ထဲနှစ် စိမ်ခြင်းဖြစ်လေတော့ သံထည်တွေရဲ့ အပြင်မျက်နှာပြင်တင်မကဘဲ အတွင်းသား မျက်နှာပြင်တွေကိုပါ သွပ်ရည် အုပ်ပေးနိင်တော့ ပိုမို ထိရောက်ပြီး ကြာရှည်ခံလို့ အသုံးများပါတယ်။

ရိုးရိုးသံထည်တွေပေါ်ကနေ သွပ်ရည်အလွှာ အုပ်ထားပြီး ပြင်ပလေနဲ့ သံထည်တွေ တိုက်ရိုက်မထိတွေ့နိုင်တော့လို့ သံချေးအလွယ်တကူ မတက်နိုင်တော့တဲ့ ပုံစံပါ။

နောက်တစ်ခုက ဒီလောက်ပူနေတဲ့ သွပ်ရည်ကန်တွေထဲ steel တွေ ထည့်စိမ်တော့ အပူရှိန်တွေကြောင့် steel တွေရဲ့ ခံနိုင်အား strength တွေ ကျမသွားဘူးလား ဆိုရင် ပြောပလောက်အောင်၊ ထိခိုက်လောက်အောင် ကျမသွားလို့ စိုးရိမ်စရာ မရှိပါဘူး။

သံ ဆိုတဲ့ အရာတွေက ဘာမှ coating လုပ်မထားရင် ပြင်ပက လေ၊ ရေနဲ့ ထိတွေ့ပြီး သံချေးတက်ပြီး ပျက်ဆီးဖို့ အရမ်းလွယ်တဲ့ အမျိုးဖြစ်တော့ ဆေးသုတ်ခြင်း၊ ဒါမှမဟုတ် အခြားတစ်နည်းနည်းနဲ့ coating လုပ်ပြီး သံချေးရန်ကနေ ကာကွယ်ကြရပါတယ်။

Steel structure တွေမှာလည်း ဒီသံချေးတက်ခြင်းက တော်တော်လေး ဒုက္ခပေးပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာပဲ ဖြစ်ဖြစ်၊ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်တွေမှာပဲ ဖြစ်ဖြစ် steel hollow section, pipe, angle bar, flat bar စတဲ့ သံထည်တွေကို အမည်းရောင်၊ ဒါမှမဟုတ် ငွေမျှင်ရောင် နဲ့ တွေ့နိုင်ပါတယ်။ အမည်းရောင်ကတော့ ဘာမှ coating လုပ်မထားတဲ့ သံထည်တွေ ဖြစ်ပြီး၊ ငွေမျှင်ရောင်တွေကတော့ သွပ်ရည်စိမ် (galvanizing) လုပ်ထားတဲ့ သံထည်တွေပါ။ galvanize လုပ်ထားတဲ့ steel, iron တွေ ဖြစ်လို့ galvanized steel (GS), galvanized iron (GI) လို့ ခေါ်ကြပါတယ်။ အများအခေါ် GI တွေပေါ့။

ဒီ galvanizing လုပ်ပြီးသား သံထည်တွေက ရိုးရိုး အမည်းရောင်တွေထက် စျေးအားဖြင့် အကြမ်းဖျင်း တစ်ဆခွဲနီးပါးခန့် ပိုများပြီး အများကြီး သံချေးဒဏ် ပိုမိုခံနိုင်ပါတယ်။

နောက်ပြီး galvanized သံထည်တွေ သုံးထားရင် တော်ရုံဆို ဆေးမသုတ်လည်း သံချေးလွယ်လွယ် မတက်နိုင်တော့ပါဘူး။ ဒါပေမယ့် galvanizing လုပ်တဲ့ စက်ရုံပေါ် မူတည်ပြီး သွပ်ရည်စိမ်အလွှာ အထူ အပါး (coating thickness) က ကွာတတ်တော့ သံချေးကို ရာနှုန်းပြည့်တော့ မကာကွယ်နိုင်ဘူးပေါ့။ တစ်ချို့လည်း ဆေးရောင် လိုချင်လို့ပဲ ဖြစ်ဖြစ်၊ ပိုမိုကြာရှည်ခံချင်လို့ ဖြစ်ဖြစ် အပေါ်က ဆေးထပ်သုတ်ကြပါတယ်

တစ်ချို့က သံထည်တွေကို galvanize လုပ်ပြီးသား ဝယ်ပြီး ဖြတ်တောက် တပ်ဆင် အသုံးပြုကြသလို တစ်ချို့လည်း အမည်းရောင် ရိုးရိုး သံထည်တွေ ဝယ်ပြီး ဖြတ်တောက်၊ ပြင်ဆင်ပြီးမှ galvanize လုပ်တဲ့ စက်ရုံကို ပို့ပြီး galvanizing လုပ်ကြပါတယ်။ galvanize လုပ်ပြီးသား hollow section, flat bar စတာတွေ ဝယ်ပြီး ဖြတ်တောက်၊ ပြင်ဆင်၊ ဝရိန်တို့ စတဲ့ fabrication တွေ လုပ်တဲ့ အခါ galvanize coating လုပ်ပြီးသား သံ မျက်နှာပြင်တွေ ဖြစ်တော့ ဝရိန်တို့ရတာ ပိုခက်ခဲပြီး မီးခိုးညှော် ပိုထွက်ပါတယ်။

နောက်ပြီး ဒီ ဝရိန်တို့ထားတဲ့ နေရာတွေက coating တွေ ပျက်ဆီးပြီး သံချေးတက် တတ်တော့ cold galvanizing paint လို့ ခေါ်တဲ့ ငွေမျှင်ရောင် သံချေးကာကွယ်ဆေး ပြန်သုတ်ပေးရပါတယ်။

အမည်းရောင် ရိုးရိုး hollow section, flat bar တွေကို ဝယ်ပြီး ဖြတ်တောက်၊ တပ်ဆင်၊ ဝရိန်တို့ရင်တော့ လုပ်ရကိုင်ရတာ ပိုမိုလွယ်ကူပြီး တစ်ခုလုံး စက်ရုံပို့ ပြီး galvanizing လုပ်တော့ ဝရိန်အဆက်နေရာ (welding joint) တွေပါ galvanizing အလွှာ အုပ်ပြီးသား ဖြစ်လို့ ပိုကောင်းပါတယ်။ ဒါပေမယ့် galvanize လုပ်တဲ့ စက်ရုံတွေမှာလည်း သွပ်ရည်စိမ်ကန် အရွယ်အစားအလိုက် galvanize လုပ်နိုင်တဲ့ အကြီးဆုံး အရွယ်အစားကအကန့်အသတ်ရှိပြီး အကုန် fabricate လုပ်ပြီး galvanizing လုပ်ရတာ အဆင်မပြေတဲ့ အခါ အပိုင်းလိုက် ပိုင်းပြီး ပြင်ဆင် galvanize လုပ်၊ နောက်ပြီး လုပ်ငန်းခွင်ထဲရောက်မှ ပြန်ဆက် တပ်ဆင် စသည်ဖြင့် အဆင်ပြေရာ လုပ်ကြရပါတယ်။

ဘာမှ လုပ်မထားတဲ့ ရိုးရိုး အမည်းရောင် သံထည်တွေ ဝယ်ပြီး အပေါ်က ဆေးသုတ်ရင်ကော အဆင်မပြေဘူးလား လို့ မေးရင် ရိုးရိုးသံပြားတွေ၊ flat bar တွေ၊ angle bar တွေ အနေနဲ့ သိပ်ပြဿနာမရှိပေမယ့် hollow section တွေနဲ့ steel pipe လိုမျိုးတွေကြတော့ ဆေးသုတ်တာက အတွင်းပိုင်းမျက်နှာပြင်တွေဆီ မရောက်နိုင်တော့ သွပ်ရည်စိမ်တာတာ လောက်တော့မကောင်းနိုင်ဘူးပေါ့။နောက်ပြီး ရိုးရိုးဆေးသုတ်တာက ဘယ်နှစ်လွှာသုတ်ထား သုတ်ထား သံချောင်းနဲ့ ခြစ်ကြည့်လိုက်ရင် အစဥ်းရာထင်ပြီး ဆေးလွှာတွေ ပျက်သွားတတ်ပေမယ့် hot-dipped galvanize လုပ်ထားရင်တော့ တော်ရုံ ခြစ်လို့ ဖျက်လို့ မဖျက်ဆီးပဲ ရေရှည်ခံပါတယ်။

ပြင်ပလေဒဏ်၊ မိုးဒဏ်နဲ့ တိုက်ရိုက်ထိတွေ့ရပြီး သံချေးတက်လွယ်တဲ့နေရာများမှာ အသုံးပြုထားတဲ့ သံထည်တွေကိုတော့ galvanize လုပ်ပြီးမှ အသုံးပြုကြတာ များပါတယ်။နိုင်ငံတကာ စံချိန် စံညွှန်းတွေအရ hot-dipped galvanize လုပ်တဲ့နေရာမှာ 6mm အထက် ပိုထူတဲ့ သံထည်တွေ ဆို coating thickness အနည်းဆုံး 85 micron အထူ ရှိရပါတယ်။

အသေးစိတ်ကိုတော့ အောက်မှာ ပုံနဲ့ ပြထားပါတယ်။

သတ်မှတ် စံချိန်စံညွှန်း ပြည့်မီမမီကိုလည်း stripping test, zinc-mass coating test စတဲ့ test တွေနဲ့ စမ်းသပ်ပြီး လိုအပ်တဲ့ coating thickness ရှိမရှိ စစ်ဆေးနိုင်ပါတယ်။

How To Tips Read 1181 times