စင်ကာပူနယ်စပ် မလေးရှားမှ ဒေါ်လာ ၁၀၀ ဘီလီယံ  တစ္ဆေမြို့ Forest City


15 September, 2023

စင်ကာပူနယ်စပ် မလေးရှားမှ ဒေါ်လာ ၁၀၀ ဘီလီယံ  တစ္ဆေမြို့ Forest City

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

မလေးရှားနိုင်ငံမှ တရုတ်ကုမ္ပဏီ၏ ရင်းနှီးမြုပ်နှံမှု ကျောထောက်နောက်ခံပြုထားသည့် မြေဖို့ပြီး ဖန်တီးထားသည့် ကျွန်းလေးကျွန်းပေါ်မှ လူမနေသည့် ကွန်ဒိုများ၊ လမ်းများနှင့် ဈေးဆိုင်များချည်း တည်ရှိနေသည့် Forest City မြို့ဆီသို့ သွားသည့်အခါ  ပြိုကျနေသော တံတားတစ်ခုကြောင့် ယာဉ်မောင်းတို့သည် တန်းတန်းမတ်မတ် မသွားနိုင်ဘဲ လမ်းလွှဲမှတစ်ဆင့် မောင်းနှင်ကြရသည်။

ကန်ဒေါ်လာ ဘီလီယံ ၁၀၀ တန် မဟာစီမံကိန်း မြို့သစ် Forest City ၏ လမ်းအမည် ဆိုင်းဘုတ်များကို မန်ဒရင်း၊ မလေးနှင့် အင်္ဂလိပ်တို့ဖြင့် ရေးသားဖော်ပြထားသော်လည်း လူလတ်တန်းစား တရုတ်နိုင်ငံသား ဝယ်လက်များကို ရည်ရွယ်ထားသည့် Forest City သည် မစို့မပို့သာ ရောင်းရသည်။
တရုတ်အစိုးရက ပြည်ပသို့ စီးထွက်သည့်ငွေများအပေါ် တင်းကျပ်ထားလိုက်ခြင်း၊ ကိုဗစ်ကြောင့် ပိတ်ထားရခြင်း၊ မလေးရှားတွင် တရုတ်များ တွင်ကျယ်လာသည့်အပေါ် မကျေနပ်ကြခြင်းများ ကြုံရသည်။ 

 

ထိုသို့ ရှိစဉ် ဘူးလေးရာ ဖရုံဆင့်သည်မှာ Forest City ကို လုပ်ကိုင်သည့် တရုတ်ပြည်မှ တိုက်တာဖွံ့ဖြိုးရေး မဟာလုပ်ငန်းကြီး Country Garden သည် ကြွေးမြီ ပြဿနာများနှင့် လုံးထွေးနေပြီး ငွေမလည်တော့သည့် အကျပ်အတည်းထဲ ရောက်နေသည်။

 Country Garden ထူထောင်သည့် developer သည် တရုတ်ပြည်တွင် အကြီးမားဆုံး ပုဂွလိကပိုင် အိမ်ခြံမြေ ဖွံ့ဖြိုးရေး ကုမ္ပဏီဖြစ်ပြီး ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်အတွက် စံချိန်တင် အရှုံးပေါ်ခဲ့သည်။

ယခုအခါ ကြွေးမြီ ကန်ဒေါ်လာ ၁၉၆ ဘီလီယံ ကြွေးတင်နေသည်။ သို့သော် ငွေချေးစာချုပ် ပြန်ဆပ်ရမည့် နောက်ဆုံးရက်ကို သက်တမ်းတိုးရန် မြီရှင်တို့ထံမှ ခွင့်ပြုချက် ရရှိခဲ့သဖြင့် ကြွေးဆပ်ရန် ပျက်ကွက်ခြင်းမှ ကပ်ခါသီခါ ရှောင်လွှဲနိုင်ခဲ့သည်။ အတိုးပေးရမည့် ရက်ချိန်းကိုလည်း ရွှေ့ဆိုင်းထားနိုင်ခဲ့သည်။ 

 

 

တရုတ်နိုင်ငံ ဟီနန်ပြည်နယ်မှ အသက် ၂၉ နှစ်အရွယ် Zhao Bojian သည် Forest City မှ ကွန်ဒို တိုက်ခန်း တစ်ခုကို လွန်ခဲ့သည့်ငါးနှစ်က ဒေါ်လာ ၄၃၀,၀၀၀ ဖြင့် ဝယ်ယူခဲ့သည်။ သူက "Country Garden က သူတို့ရဲ့ ငွေကြေးအခက်အခဲတွေကို ကျော်လွှားနိုင်မယ်လို့ ကျွန်တော် မျှော်လင့်မိပါတယ်"ဟု ပြောသည်။ 
"ဘယ်သူမှ Forest City ကို မလာဘူးဆိုရင် ကျွန်တော်တို့ ဒီမှာ စီးပွားရေးလုပ်လို့ မရဘူး"ဟု သူက ညည်းသည်။

 


 
ပင်လယ်ကမ်းစပ် စင်ကာပူ တစ်ဖက်ကမ်းမှာ တည်ရှိသည့် ဂျိုဟိုးပြည်နယ်တွင် တည်ရှိသည့် Forest City တွင် ဂျိုဟိုးစော်ဘွားက အစုရှယ်ယာ ပါဝင်ထားသည်။

လူဦးရေ ၇ သိန်း နေထိုင်ရန် တည်ဆောက်ထားပြီး နေထိုင်သူ ၉,၀၀၀ ဝန်းကျင်သာ ရှိသည်။ 
နေ့ဘက်တွင် မပြီးပြတ်သေးသည်တို့ကို ဆက်လက် လုပ်ကိုင်နေကြသည့် ဆောက်လုပ်ရေး လုပ်သားများကို တွေ့ရမည်။ ညဘက်တွင် ၄ လမ်းသွား အမြန်လမ်းမသည် ခြောက်ကပ်နေသည်။ မိုးထိ တိုက်တာ အထပ်မြင့် ကွန်ဒိုများ၏ တိုက်ခန်းများမှာ လူမနေသဖြင့် မီးရောင် မမြင်ရသည့် အခန်းတွေက များနေသည်။ တိုက်ခန်း ဝယ်ထားသူ တော်တော်များများက Forest City တွင် မနေကြပါ။ ငွေချေထားသည့် တိုက်ခန်းပိုင်ရှင် ဖြစ်ဖို့သာ အဓိကဖြစ်သည်။

 

Forest City သည် မလေးရှားမြေမှာ နိုင်ငံခြားသား တရုတ်များ နေထိုင်ဖို့ ဖြစ်နေသည့်အပေါ် ဝေဖန်ဆန့်ကျင်မှုများ ရှိနေသော်လည်း လက်ရှိအစိုးရအဖို့ ကုန်ကျစရိတ်ထောင်းပြီး အလှကြည့်နေရသည့် ဆင်ဖြူတော်သဖွယ် ဖြစ်နေသဖြင့် ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က Forest City ကို ကယ်တင်ဖို့ ကြိုးပမ်းသည်။
ဝန်ကြီးချုပ်က "အထူး ငွေရေးကြေးရေး ဇုန်" "special financial zone" ဖန်တီးမည်ဟု ကြေညာသည်။ အထူးဝင်ငွေခွန်နှုန်းထား သတ်မှတ်ပေးမည်။ အကြိမ်ကြိမ် လာရောက်နိုင်သည့် ဗီဇာ စီစဉ်ပေးထားမည်ဟု ‌ဆိုသည်။

 

မြို့တော် ကွာလယလမ်ပူမှ ကားဖြင့် ၃ နာရီခရီး ဝေးကွာသည့် Forest City ဆီသို့ လာရောက်ကြသူများအတွက် ဆွဲဆောင်မှုမှာ အကောက်ခွန်လွတ် အရောင်းဆိုင် duty-free shop တွင် အကောက်ခွန်လွတ် အရက်နှင့် အကောက်ခွန်လွတ် ဆေးလိပ် ဝယ်ယူနိုင်ခြင်း ဖြစ်သည်။

*လာတဲ့ လူတိုင်း အရက်ဝယ်ဖို့ ဒီကိုလာကြတယ်” ဟု စင်ကာပူအခြေစိုက် နည်းပညာရှင် Denish Raj Ravindraran (၃၂ နှစ်) က ပြောသည်။
"ဒီမှာ ကျွန်တော် မနေဘူး။ ဒီမြို့က တစ္ဆေမြို့။ ညဆိုရင် လမ်းတွေက မှောင်နေတယ်။ လမ်းမီး မရှိဘူး။ အန္တရာယ် များတယ်"ဟု သူက ပြောသည်။
ခြုံရှင်းခြင်း၊ လမ်းများ လှဲကျင်းခြင်း၊ တာဝါများကို လုံခြုံရေး စောင့်ပေးခြင်းတို့ လုပ်ကိုင်နေကြသူ အများစုမှာ ပြည်ပလုပ်သားများဖြစ်သည်။ နီပေါနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့မှ ဖြစ်သည်။ 


လူဖန်တီးထားသော ပင်လယ်ကမ်းစပ် သဲသောင်ပြင်တွင် ဘီယာဘူးခွံ ပုလင်ခွံများ လွှင့်ပစ်ထားသည်။

ရေဆင်းကူးမည့်သူများကို မိချောင်းရန် သတိထားဖို့ သတိပေးထားသည့် ဆိုင်းဘုတ်များလည်း ရှိနေသည်။

အုန်းပင်များအောက်တွင် ပျော်ပွဲစား ထွက်လာသည့် မိသားစုများကို တွေ့ရသည်။


၄၅ ထပ် တာဝါတစ်ခုတွင် အထပ် ၂ ထပ်သာ နေထိုင်သူများ ရှိသည်။ ကျန်သည့်အထပ်များအားလုံး လူမနေသည့် တိုက်ခန်းအလွတ်များ ဖြစ်သည်။ ရောင်းမထွက်သေးသည့် တိုက်ခန်းအလွတ်များ အမြောက်အမြား ကျန်ရှိနေဆဲ ဖြစ်သည်။
Source bangkokpost 
 

Real Estate & Properties Residential Read 450 times