ပြိုလုလု Evergrande အင်ပါယာ


21 September, 2021

တရုတ်နိုင်ငံမှ မဟာလုပ်ငန်းစုကြီး Evergrande မှာ ကြွေးမြီ အမေရိကန်ဒေါ်လာ ဘီလျံ ၃၀၀ ကျော်ရှိနေပြီး ငွေလည်ပတ်မှု ကျပ်တည်းနေသဖြင့် ပြိုလုလု ဖြစ်နေပြီဟု မီဒီယာများတွင် ဖော်ပြလျက်ရှိသည်။
အကယ်၍ ပြိုကျခဲ့လျှင် ထမည့်ဂယက်သည် ကြီးမားမည့်အပြင် လုပ်ငန်းနယ်ပယ် အမျိုးမျိုးတို့တွင် ဆင့်ပွားဂယက်များ ထလိမ့်မည်။ 
Evergrande မှာ ဘဏ်ချေးငွေများအတွက် အတိုးပေးရမည့် ရက်စေ့နေပြီ ဖြစ်သော်လည်း ပေးသွင်းခြင်းမရှိသေးချေ။ ဘဏ်များသို့ ပေးရမည့် အတိုးစုစုပေါင်းသည် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော် နောက်ထပ်ပေးစရာ ရှိသည်မှာလည်း ရက်စေ့ရန် ရက်ပိုင်းသာ လိုတော့သည်။ မျက်ဖြူဆိုက်နေသော Evergrande အနေဖြင့် ပေးသွင်းနိုင်လိမ့်မည် မဟုတ်ချေ။

Evergrande အင်ပါယာ ပြိုလုလု အဖြစ်သို့ မည်သို့မည်ပုံ ရောက်ရှိလာသနည်း။

Evergrande သည် တရုတ်နိုင်ငံတွင် ဒုတိယအကြီးမားဆုံး အိမ်ရာအဆောက်အဦ လုပ်ငန်းစုကြီး ဖြစ်သည်။ Global 500  စာရင်းဝင် လုပ်ငန်းစုကြီးလည်း ဖြစ်သည်။ သိုဖြစ်ရာ ဝင်ငွေအရ ကမ္ဘာ့အကြီးမားဆုံး စီးပွားရှာလုပ်ငန်းကြီးများတွင် စာရင်းဝင်သည်။


ဟောင်ကောင်စတော့အိပ်ချိန်း စာရင်းဝင်ကုမ္ပဏီဖြစ်ပြီး ဟောင်ကောင်တစ်ဖက်ကမ်း တရုတ်ပြည်မကြီး  ရှန်ကျန်းမြို့တွင် ရုံးချုပ် ထားရှိသည်။  ဝန်ထမ်းအင်အား ၂၀၀,၀၀၀ ခန့် ရှိသည်။ သွယ်ဝိုက်သောအားဖြင့် နှစ်စဉ် အလုပ်အကိုင် ၃.၈ သန်း ရရှိနေစေသည်။

လုပ်ငန်းစုကြီးကို တရုတ်ဘီလျံနာ Xu Jiayin က ထူထောင်ခဲ့သည်။ ကန်တုန်အမည် Hui Ka Yan ဖြင့်လည်း သူ့ကို သိကြသည်။ တစ်ချိန်က သူသည် တရုတ်ပြည်မှာ အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်ခဲ့ဖူးသည်။ Evergrande တွင် ရှယ်ယာ ၇၁% ပိုင်ဆိုင်ထားသည်။ 

 

၁၉၅၈ ခုနှစ်တွင် ဟီနန်တွင် ဖွားမြင်ခဲ့သည်။ တစ်နှစ်မပြည့်ခင် မိခင်ကွယ်လွန်သည်။ သူ့ဖခင်သည် ဂျပန်တော်လှန်ရေးတွင် ပါဝင်တိုက်ခိုက်ခဲ့သည်။ ၁၉၈၀ ဝန်းကျင်တွင် သံမဏိလုပ်ငန်းတွင် လုပ်ကိုင်ခဲ့ပြီး Evergrande ကို ၁၉၉၆ တွင် ကွမ်ကျိုတွင် သူ စတင်ထူထောင်ခဲ့သည်။

Evergrande နာမည်ကြီးသည်မှာ လူနေတိုက်ခန်းအိမ်ရာကဏ္ဍတွင် ဖြစ်သည်။ ကုမ္ပဏီ လေလုံးထွားလေ့ရှိသည်မှာ “စီမံကိန်းပေါင်း ၁၃,၀၀ ကျော်၊ မြို့ကြီးပေါင်း ၂၀၀ ကျော်” တရုတ်ပြည်တစ်နံတစ်လျား လုပ်ကိုင်နေသည်။ အကယ်စင်စစ် Evergrande အင်ပါယာသည် ထို့ထက်မကချေ။
အိုးအိမ်နယ်ပယ်အပြင်ဘက်တွင် လုပ်ငန်းစုသည် လျှပ်စစ် မော်တော်ယာဉ်လုပ်ငန်း ၊ အားကစားရုံ အားကစားကွင်း လုပ်ငန်း၊ အပန်းဖြေဉယျာဉ်လုပ်ငန်း တို့ကို လုပ်ကိုင်သည်။

Evergrande New Energy Vehicle Group အမည်ဖြင့် လျှပ်စစ်မော်တော်ယာဉ် အိမ်စီးကားများ ထုတ်လုပ်ရန် ဆောင်ရွက်နေပြီး စမ်းသပ်ဆဲ အဆင့်မှာသာ ရှိသေးသည်။


Hui Ka Yan သည် ဟောင်ကောင်ဘီလျံနာများဖြစ်ကြသည့် Joseph Lau နှင့် ခင်မင်သည်။ ပိုကာဖဲ အတူကစားဖော် ဖြစ်သည်။ လျှပ်စစ်ကား လုပ်ငန်း လုပ်ကုင်သောအခါ Lau ၏ ဇနီးက အမေရိကန်ဒေါ်လာ သန်း ၄၀၀ ထည့်ဝင်ကာ ရင်းနှီးမြှုပ်နှံခဲ့သည်။

Evergrande သည် လုပ်ငန်းအမျိုးမျိုး ချဲ့ထွင်လုပ်ကိုင်ခဲ့ရာ စားသောက်ကုန်နှင့် အဖျော်ယမကာ လုပ်ငန်း ပိုင်ဆိုင်သည်။ ရေသန့်ဘူး ရောင်းသည်။ ကုန်စုံဆိုင်များလည်း လုပ်ကိုင်သည်။ နို့ထွက်ပစ္စည်းအပါအဝင် ကုန်စည်ဖြန့်ဖြူးရောင်းချရေးလည်း လုပ်ကိုင်သည်။
၂၀၁၀ တွင် ကုမ္ပဏီက ဘောလုံးအသင်း တစ်သင်းကို ဝယ်ယူပြီး Evergrande ဟု အသင်းကို အမည်ပေးသည်။ ကမ္ဘာ့အကြီးမားဆုံး ဘောလုံးသင်တန်းကျောင်း ဖွင့်လှစ်သည်။ Evergrande က အမေရိကန်ဒေါ်လာ ၁၈၅ သန်း အကုန်အကျ ခံသည်။ 


Guangzhou Evergrande ကို ဆက်လက်ချဲ့ထွင်သည်။ စံချိန်သစ် ထပ်တင်နိုင်ဖွယ်ရှိသည့် ကမ္ဘာ့အကြီးမားဆုံး ဘောလုံးကွင်း အားကစားရုံ တစ်ရုံ တည်ဆောက်နေသည်။

ဆောက်လုပ်ရေး နောက်နှစ်တွင် အပြီးသတ်ရန် လျာထားသည်။
ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၁.၇ ဘီလျံ ဖြစ်သည်။ ဘောလုံးအားကစားရုံ ပုံသဏ္ဍာန်မှာ ကြာပန်းပုံ ဖြစ်သည်။

ဧရာမ ကြာပန်းအတွင်း ပွဲကြည့်ပရိသတ် ၁၀၀,၀၀၀ ထိုင်ကြည့်ဖို့ ခုံများ ရှိနေမည် ဖြစ်သည်။

 Evergrande က ခရီးသွားလုပ်ငန်းအတွက် အပန်းဖြေဉယျာဉ်များ လုပ်ကိုင်သည်။ တရုတ်ဟာဝါယီ ဟု ခေါ်ဝေါ်သည့် ဟိုင်နန်ရှိ Ocean Flower Island ကို တည်ဆောက်ရာ၌  Evergrande Fairyland လုပ်ငန်းခွဲ အမည်ဖြင့် လုပ်ကိုင်သည်။  စီမံကိန်းတွင် လူဖန်တီးသည့် ကျွန်းတစ်ခု ပါဝင်သည်။

လုပ်ငန်းစု နှစ်စဉ် အစီရင်ခံစာတွင် ယခုနှစ်စတွင် အစမ်းဖွင့်လှစ်ခဲ့ပြီး နှစ်ကုန်ပိုင်းတွင် အပြည့်အဝ ဖွင့်လှစ်မည်ဟု ဆိုထားသည်။

ပြဿနာထဲ မည်သို့ရောက်ရှိခဲ့သနည်း။

လုပ်ငန်းအမျိုးမျိုး ချဲ့ထွင်လုပ်ကိုင်ရာတွင် ချေးငွေများ ရယူပြီး လုပ်ကိုင်ခဲ့သဖြင့်  Evergrande ကြွေးမြီသည် တစ်စထက်တစ်စ ဖောင်းပွလာခြင်း ဖြစ်သည်။  ယခုအခါ အမေရိကန်ဒေါ်လာ ၃၀၀ ဘီလျံ ကျော် အကြွေးတင်နေသည်။ တရုတ်နိုင်ငံ၏  ကြွေးမြီအကြီးမားဆုံး developer အဖြစ်သို့ ရောက်ရှိနေသည်။
ပြီးခဲ့သည့် သီတင်းပတ် အနည်းငယ်ခန့်က ငွေလည်ပတ်မှု ပြဿနာ ရှိနေသဖြင့် ပေးစရာရှိသည်တို့ ငွေမြန်မြန် မရှာနိုင်လျှင် ပေးဖို့ ပျက်ကွက်မည်ဟု ရင်းနှီးမြှုပ်နှံသူများကို အသိပေး အကြောင်းကြားခဲ့သည်။ ပြီးခဲ့သည့်အပတ်တွင် စတော့အိပ်ချိန်းသို့ အစီရင်ခံခဲ့ရာ ပိုင်ဆိုင်မှုအချို့အတွက် ဝယ်လက် ရှာမရသည့် ပြဿနာ ရင်ဆိုင်နေရကြောင်း တင်ပြခဲ့သည်။
 
 မည်သို့ ရှေ့ဆက်မည်နည်း

စက်တင်ဘာလ ၁၄ ရက်တွင် Evergrande က ယခုလို အရေးပေါ်အခြေအနေမျိုးကို ကိုင်တွယ်ရာတွင် ကျွမ်းကျင်သော အတိုင်ပင်လုပ်ငန်း ငှားရမ်းထားပြီး ပြဿနာများကို ကိုင်တွယ်ဖြေရှင်းနေကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
ဒေဝါလီခံဖို့ အစီအစဉ် မရှိကြောင်း၊ မကြုံစဖူး အလွန်ခဲယဉ်းနေသည့် အခြေအနေကို ရင်ဆိုင်နေရကြောင်း ပြောကြားခဲ့သည်။
 ဖြစ်နိုင်ဖွယ်ရှိသောဖြေရှင်းပုံများ အားလုံးကို မြန်နိုင်သမျှ အမြန်ဆုံး အဖြေရှာမည်ဟု ဆိုသည်။ သို့သော် ဘာကိုမှ အာမခံချက် မပေးနိုင်ကြောင်းလည်း ပြောကြားထားသည်။

Evergrande New Energy Vehicle  ကို ရောင်းထုတ်ပြီး ငွေဖော်ရန် ကြိုးပမ်းနေပြီး ဝယ်လက်များ မရရှိသေးဟု ဆိုသည်။

အိမ်ရာအဆောက်အဦများကို ထုခွဲရောင်းချရန် ဆောက်ရွက်နေသော်လည်း ဝယ်မည့်သူများ မရရှိသေးကြောင်း အသိပေးပြောကြားခဲ့သည်။

 ရင်းနှီးမြှုပ်နှံသူများကို ရှာဖွေဆဲဖြစ်ပြီး တိုးတက်မှု မရရှိသေးကြောင်း ‌အသိပေးသည်။

ကုမ္ပဏီသည် ဟောင်ကောင်တွင် တည်ရှိသည့် ရုံးခန်းတာဝါကို ရောင်းချရန် ကြိုးပမ်းနေသည်။ ထိုတာဝါကို ၂၀၁၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁.၆ ဘီလျံဖြင့် ဝယ်ယူခဲ့သည်။

ကြွယ်ဝမှု စီမံရေးထုတ်ကုန်များ အမည်ဖြင့် ထည့်ဝင်ငွေများကို လူအများတို့ထံမှ လက်လီရယူထားရာ ငွေထည့်ဝင်ထားသူတို့က ရှန်ကျန်းရုံးချုပ်တွင် လူစုလူဝေးဖြင့် လာရောက်ကာ ငွေပြန်အမ်းရန် တောင်းဆိုခဲ့သည်။ လုံခြုံရေးများ ချထားပြီး ဟန့်တားခဲ့ရသည်။


ရှယ်ယာထည့်ဝင်ထားသူတို့ သောကရောက်ကြရသည်မှာ လအတန်ကြာကတည်းက ဖြစ်သည်။ ရှယ်ယာဈေးနှုန်းများ ယခုနှစ်အတွင်း ၈၀% ကျော်ထိုးကျခဲ့သည်။

Evergrande ရုံးချုပ် တည်ရှိသည့် ကွမ်တုံပြည်နယ်အစိုးရက ငွေကြေးစိုက်ထုတ်ပြီး ကယ်ဆယ်ပေးရန် Evergrande ထူထောင်သူက ပန်ကြားသည်ကို ပယ်ချခဲ့သည်။
သို့သော် တရုတ်အစိုးရက တစ်နည်းနည်းဖြင့် ဖြေရှင်းပေးလိမ့်မည်ဟု အများစုက မျှော်လင့်လျက်ရှိသည်။


     


 

Global Read 3513 times