အကျိုးတူပူးပေါင်းဆောင်ရွက်မည့် Eco Green City


17 November, 2020

လှည်းကူးမြို့နယ်တွင် ဧက ၁၄ဝဝကျော်ကျယ်ဝန်းသော ECO Green City အိိမ်ရာစီမံကိန်းအား စတင်အကောင်အထည်ဖော်ဆောင်ရွက်နေပြီး ဝင်ငွေနည်းသူများအတွက် အခြေခံအဆောက်အအုံများပါရှိသွားမည့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထုတ်ပြန်ထားကြောင်း သိရသည်။

ယင်းဆောက်လုပ်မည့်အိမ်ရာစီမံကိန်းသည်အစိုးရသစ်၏ ပထမဆုံးဆောက်လုပ်မည့်အကြီးမားဆုံးမြို့သစ်အိမ်ရာစီမံကိန်းဖြစ်သည်ဟု သိရသည်။

စီမံကိန်းအကောင်အထည်ဖော်မည့် မြေဧရိယာအတွင်းကျူးကျော်နေထိုင်သူများအား ဇွန်လတွင်ရဲတပ်ဖွဲ့နှင့် အလုပ်သမားအင်အား ၂ဝဝဝခန့်နှင့် ဖယ်ရှားခဲ့ခြင်းဖြစ်သည်။

စီမံကိန်းတစ်ရပ်အားတည်ဆောက်နိုင်ရန်အတွက် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူဖြစ်နိုင်သလို ရန်ကုန်တိုင်း၏ ဖွံ့ဖြိုးမှုအတွက်လည်းအရေးပါသော လုပ်ငန်းဖြစ်ပြီး အစိုးရအဖွဲ့မှ အနီးကပ်ကြီးကြပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်မှ ပြောကြားကြောင်း သိရသည်။

ယင်းစီမံကိန်းအား ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် Alliance Stars Group ကုမ္ပဏီတို့အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး သုံးမိုင်တစ်ဖာလုံအနီးတွင် ရှိကြောင်း သိရသည်။

အဆိုပါစီမံကိန်းတွင် ဝင်ငွေနည်းသူများအတွက်အငှားအိမ်ရာများ၊တန်ဖိုးနည်းနှင့် တန်ဖိုးသင့်အိမ်ရာအတွက်အခန်းပေါင်း ၃ဝဝဝကျော်ရှိမည့် အိမ်ရာအလုံး ၁ဝဝဆောက်လုပ်သွားမည်ဟု သိရသည်။

စီမံကိန်းအား အဆင့်နှစ်ဆင့်နှင့် တည်ဆောက်သွားမည်ဖြစ်ပြီး ပထမအဆင့်မြို့သစ်စီမံကိန်းအနေနှင့် တန်ဖိုးနည်း၊တန်ဖိုးသင့်အိမ်ရာများ၊အထပ်မြင့်အိမ်ရာများ၊စျေးနှင့်စားသောက်ဆိုင်များ၊အုပ်ချုပ်ရေးဆိုင်ရာ ရုံးလုပ်ငန်းများ၊အမြန်လမ်းယာဉ်ရပ်နားစခန်းများအားဆောက်လုပ်သွားမည်ဟု သိရသည်။

ရှော့ပင်းမော၊ပန်းခြံ၊ကစားကွင်းများကို မြို့သစ်စီမံကိန်းတွင် ထည့်သွင်းဆောက်လုပ်သွားမည်ဟုသိရသည်။

ထို့အပြင် နိုင်ငံတကာ ကျောင်းများ၊ကိုယ်ပိုင်ကျောင်းများ၊ဆေးရုံများ၊ဟိုတယ်များကိုလည်း ထည့်သွင်းဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

စီမံကိန်းကို သုံးနှစ်ခန့်အချိန်ယူဆောက်လုပ်မည်ဖြစ်ပြီး သက်ဆိုင်ရာဌာနများမှ စီမံခန့်ခွဲပြီး ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

Mixed Use and Urban Read 57 times