ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံး တာဝါ ကို CP တည်ဆောက်မည်


30 September, 2021


ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံး တာဝါ ကို CP တည်ဆောက်ဖို့ အတွက် မြေနေရာကို ဘန်ကောက်ရဲ့ Ratchathewi ခရိုင်မှ Makkasan ခရိုင်ခွဲမှာ ရွေးချယ်ထားပါတယ်။ ထိုင်းအစိုးရ မီးရထား  State Railway of Thailand (SRT) ပိုင်ဆိုင်တဲ့မြေ ဖြစ်ပါတယ်။ 
တာဝါကို Charoen Pokphand Group (CP) ရဲ့ လက်အောက်ခံလုပ်ငန်း  Asia Era One Ltd,  က တည်ဆောက်ပေးမှာ ဖြစ်ပါတယ်။ 
ထိုင်းအစိုးရ မီးရထားမှ တင်ဒါခေါ်ခဲ့တဲ့ လေဆိပ်သုံးခု Don Mueang, Suvarnabhumi နဲ့  U-Tapao တို့ကို ဆက်သွယ်ပေးထားမယ့် မြန်နှုန်းမြင့် အမြန်ရထား စီမံကိန်းကို CP ဦးဆောင်တဲ့ ကုမ္ပဏီစုက ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာ တင်ဒါအောင်ခဲ့ပါတယ်။ စီမံကိန်းတန်ဖိုးက ဘတ် ၂၂၄ ဘီလျံ ဖြစ်ပါတယ်။ စီမံကိန်း အောင်မြင်တဲ့ လုပ်ငန်းက Makkasan  မြေဧရိယာကို နှစ်၅၀ ဂရံဖြင့် ရယူပြီး ဖွံ့ဖြိုးရေး စီမံကိန်း ဖော်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ ကန်ထရိုက်တန်ဖိုးက ဘတ် ၅၀ ဘီလျံ ဖြစ်ပါတယ်။ 
CP Group က Makkasan  မြေဧရိယာ ဖွံ့ဖြိုးရေးစီမံကိန်း အကောင်အထည်ဖော်တာမှာ ထိုင်းနိုင်ငံအဖို့ အမြင့်ဆုံးတာဝါကို ထည့်သွင်း တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ တာဝါအမြင့်က ၅၅၀ မီတာ ရှိပြီး အထပ်ပေါင်း ၁၂၀ ပါဝင်တယ်။ အဆောက်အဦမှာ အသုံးပြုလို့ရတဲ့ ကြမ်ခင်းဧရိယာ စတုရန်းမီတာ ၂ သန်း အထိ ရရှိမှာ ဖြစ်ပါတယ်။ 

တာဝါပတ်ပတ်လည် မြေအလွတ်ကို စိမ်းလန်းနယ်မြေအဖြစ် ထိန်းသိမ်းထားရှိပေးမှာ ဖြစ်ပါတယ်။ အကျယ်အဝန်းက အနည်းဆုံး ၅၀ ရိုင် (၈ ဟက်တာ) ရှိပါတယ်။ ကျန်တဲ့မြေနေရာတွေကိုတော့ ဟိုတယ်များ၊ ရုံးခန်းအဆောက်အဦများ၊ လက်လီအရောင်းဆိုင်တန်းများ၊ လူနေတိုက်ခန်းများ အစရှိတာတွေအတွက် အဆောက်အဦတွေ ဆောက်လုပ်ဖို့ သုံးစွဲမှာ ဖြစ်ပါတယ်။ 
စီမံကိန်းကြီး တစ်ခုလုံးအတွက် အရင်းအနှီး ဘတ် ၁၄၀ ဘီလျံကို CP Group က ဘတ်ဂျက် စီစဉ်ထားပြီးပြီ ဖြစ်ပါတယ်။ 

လောလောဆယ်မှာ ထိုင်းနိုင်ငံရဲ့ အမြင့်မားဆုံး အဆောက်အဦက Magnolias Waterfront Residences ဖြစ်ပြီး အမြင့် ၃၁၇.၉၅ မီတာ ရှိပြီး အထပ် ၇၀ ပါဝင်တယ်။ ဘန်ကောက်ရဲ့ Khlong San  ခရိုင် Charoen Nakhon လမ်းမှာ တည်ရှိပါတယ်။ 
 အဲဒီအဆောက်အဦထက် ပိုမြင့်တဲ့ အဆောက်အဦနှစ်ခုက တည်ဆောက်ဆဲ ဖြစ်ပါတယ်။ 
Asiatique The Riverfront မှာ တည်ဆောက်ဆဲဖြစ်တဲ့  Asset World Tower  က အမြင့် ၄၅၀ ရှိပြီး အထပ် ၁၀၀ ပါဝင်တယ်။ 
One Bangkok မှာ ဆောက်လုပ်နေတဲ့ Signature Tower က အမြင့် ၄၃၇.၀၃ မီတာ ရှိပြီး ၉၂ ထပ် ပါဝင်တယ်။ 

nationthailand.com
 

Region Read 1276 times