တန်ဖိုးနည်း တိုက်ခန်းများ တစ်ဆင့်ခံရောင်းချ၊ ငှားရမ်းခြင်းများ City Gallery၌သာ ဆောင်ရွက်နိုင်မည်


14 August, 2019

အစိုးရမှ ရောင်းချထားသော  တန်ဖိုးနည်း တိုက်ခန်းများကို တစ်ဆင့်ခံရောင်းချခြင်းနှင့်  ငှားရမ်းခြင်းများ ပြုလုပ်မည်ဆိုပါက City Gallery၌သာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ   တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

 အစိုးရမှရောင်းချပေးသော တန်ဖိုးနည်း တိုက်ခန်းများကို အမှန်တကယ် နေထိုင်ရန် မဟုတ်ဘဲ အမြတ်တင်ရောင်းချမည်ဟု ရည်ရွယ်၍ ဝယ်ယူထားမှုများ ရှိနေသောကြောင့် ယင်းကိစ္စရပ်များ ပပျောက်စေရန် ဆောင်ရွက်ခြင်းဖြစ်သည်။

''ဒီအခန်းတွေက ပိတ်ထားလို့မရပါဘူး။ နေရဖို့အတွက် နေရေးအခက်အခဲ ရှိသူက တစ်ဆင့်ငှားနေတာနဲ့ ဝယ်ထားတဲ့ သူဆီကတစ်ဆင့် ဝယ်ယူတာ လုပ်မယ်ဆိုရင် City Gallery မှာပဲ  အရစ်ကျစနစ်နဲ့ ဝယ်ယူဆောင်ရွက်လို့ ရမယ့်စနစ်  ဖြစ်ပါတယ်။ အစပိုင်းမှာတော့  ခက်ခဲပါတယ်။

ဒါကို စနစ်တကျ စီမံခန့်ခွဲနိုင်ဖို့  ကြိုးစားရပါမယ်။  ဒါကြောင့်  ဒီအစီအစဉ်ကနေ တစ်ဆင့်ခံရောင်းဝယ်မှု မဖြစ်အောင် ဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့   ထိန်းကျောင်း ဆောင်ရွက်မယ်'' ဟု ၎င်းကပြောသည်။

ထို့ပြင် ယခင်ရောင်းချနေသည့် စနစ်ထက် ပို၍ သက်သောင့်သက်သာဖြစ်စေမည့် နှုန်းထားများဖြင့် ရောင်းချနိုင်မည့် စနစ်ကို ထပ်မံပြင်ဆင်ရေးဆွဲ ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိတွင် ရင်းနှီးမြှုပ်နှံမည့်သူများကို သင့်တင့်သော နှုန်းထားဖြင့် ဝင်ရောက် လုပ်ကိုင်ခွင့်ပေးရန်  စီစဉ်နေကြောင်း၊ သို့မှသာ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိပြီး  ဝင်ငွေတိုးတက်လာကာ   နေထိုင်ရေးအတွက်  ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အစိုးရမှ  ဆောက်လုပ်ပေးထားသည့် တိုက်ခန်းများကို City Gallery ၌  ရောင်းချပေးလျက်ရှိကာ   အသစ်ဆောက်လုပ်မည့်  အိမ်ရာစီမံကိန်းများ၊ ဆောက်လုပ်ပြီး အိမ်ရာများနှင့် လုပ်ငန်းရှင်များ အနေဖြင့်    ထပ်မံရင်းနှီးမြှုပ်နှံရန်  အလားအလာရှိသော နေရာများကို   ပြသထားကြောင်း သိရသည်။

Source: Myawaddy

Laws and Regulations Read 63 times