ဒူဘိုင်းမှ ကမ္ဘာ့အမြင့်ဆုံးဟိုတယ် Ciel Tower ဖန်တီးသူ


05 October, 2021

အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံ ဒူဘိုင်းမြို့‌ေတာ်မှ ကမ္ဘာ့အမြင့်ဆုံးဟိုတယ် Ciel Tower ရဲ့ ဗိသုကာနဲ့ အင်ဂျင်နီယာပိုင်းဆိုင်ရာ လုပ်ငန်းက NORR ဖြစ်ပါတယ်။

NORR ရဲ့ ဥက္ကဋ္ဌနှင့် ဗိသုကာဒီဇိုင်းညွှန်မှူး Yahya Jan က ဟိုတယ်အဆောက်အဦကို ၂၀၂၃ ခုနှစ်မှာ အပြီးဆောက်လုပ်ဖို့ ရည်မှန်းထားပြီး ကမ္ဘာ့အမြင့်ဆုံးဟိုတယ်အဖြစ် မှတ်တမ်းတင်ခံရဖို့ကိုလည်း မျှော်မှန်းထားပါတယ်။ 

 

 

Ciel Tower မှာ ဟိုတယ်အခန်း ကြီးငယ် စုစုပေါင်း ၁,၀၀၀ ကျော်ပါဝင်ပြီး အထပ် ၈၂ ထပ်မှာ ဖြန့်ကျက်ထားပါတယ်။

ဆောက်လုပ်ရေး စီမံကိန်း မြေနေရာက တြိဂံပုံ ဖြစ်ပြီး အကျယ်အဝန်းက ၂,၅၀၀ စတုရန်းမီတာ မျှသာ ရှိပါတယ်။ယခုလို ကမ္ဘာ့အမြင့်ဆုံးဟိုတယ် အမြင့်အတွက် မြေဧရိယာက သေးငယ်နေတယ်။

"လန်ဒန်လို မြို့မျိုးမှာ မြေနေရာကို ဧရိယာ များများ မရတဲ့အတိုင်း ဖြစ်နေတယ်။ အကန့်အသတ်တွေ ကြီးမားနေပေမဲ့ ကျွန်တော်တို့ အဆင်ပြေအောင် လုပ်ပေးမှ ဖြစ်မယ်" လို့ Yahya Jam က ပြောပြတယ်။

ဧရိယာကိုသာ ချွေတာရတာ မဟုတ်ဘူး။ စွမ်းအင်သုံးစွဲမှုတွေကိုလည်း ချွေတာရတယ်လို့ သူက  ပြောပြတယ်။ 
အဆောက်အဦမှာ သုံးစွဲထားတဲ့ လေအေးစက်တွေက အလားတူ အဆောက်အဦမှာ ပုံမှန်အတိုင်း သုံးစွဲမယ့် စွမ်းအင်ထက် Ciel Towerမှာ သုံးစွဲတာက ၂ ၅% ပိုသက်သာပါတယ်။
" Ciel Tower စီမံကိန်းက ဗိသုကာနဲ့တင် မပြီးဘူး။ ဗိသုကာနဲ့ အင်ဂျင်နီယာတို့ အတူတကွ တွဲထားတာ်။ အဲဒါကြောင့်လည်း ဒီစီမံကိန်းကို ကျွန်တော် အတော်မြတ်နိုးမိပါတယ်" လို့ သူက ပြောပြ‌ပါတယ်။

Yahya Jam က ဒူဘိုင်းကို ၁၉၉၆ ခုနှစ်မှာ ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိလာခဲ့တယ်။ အခုလို သမိုင်းတွင်မယ့် အဆောက်အဦမျိုး ဖန်တီးရလိမ့်မယ်လို့ သူ တစ်ခါမှ မတွေးမိဘူး။ မြို့အတွက် ရုံးခန်းအဆောက်အဦများ၊ လူနေတိုက်ခန်း တာဝါများ၊ ဈေးဆိုင်တန်း အဆောက်အဦများကို သူက ဗိသုကာဒီဇိုင်း ထုတ်ပေးခဲ့တယ်။ 

 

 

ယခု အသက် ၅၇ နှစ် ရှိပြီဖြစ်တဲ့ Yahya Jam က ပါကစ္စန်နိုင်ငံ ကရာချိမြို့မှာ ကြီးပြင်းခဲ့တယ်။ အသက် ၁၈ နှစ်မှာ ပညာသင်ဆု ရရှိလို့ အမေရိကန်မှာ ပညာဆက်လက်သင်ယူတယ်။ ဗိသုကာပညာဖြင့် မာစတာဘွဲ့ ရရှိတယ်။

အမေရိကန်မှာ သူ ဆက်လက်နေထိုင်ပြီး အလုပ်လုပ်တယ်။ အမေရိကန်မှ ထွက်ခွာဖို့ စိတ်ကူး သူ့မှာ မရှိခဲ့ဘူး။ နောက်တော့ အကြီးတန်းဒီဇိုင်းသမား အလုပ်တစ်ခု သူရတယ်။ ကုမ္ပဏီက ယူအေအီးလေကြောင်းလိုင်းအတွက် ရုံးခန်းတွေနဲ့ ဟိုတယ် ပါဝင်တဲ့အဆောက်အဦ Emirates Towers ကို ဒူဘိုင်းမှာ လုပ်ကိုင်နေတာ ဖြစ်လို့ သူဒူဘိုင်းမှာ လာရောက်လုပ်ကိုင်ရတယ်။

 ယူအေအီးမှာ အကြာကြီးနေဖို့ သူ့မှာ အစီအစဉ်မရှိဘူး။ " အခုဆိုရင် ဒူဘိုင်းမှာ ကျွန်တော် နေလာတာ ၂၅ နှစ် ရှိသွားပြီ။ အံ့ဩမိတယ်" လို့ သူက ပြောတယ်။ "ဒီမှာ စိတ်လှုပ်ရှားစရာတွေ ရှိနေလို့ ကျွန်တော် ဆက်နေဖြစ်သွားတယ်" 

Ciel Tower ရဲ့အမည်က ပြင်သစ်စကားလုံး Ciel ကို သုံးထားတာဖြစ်ပြီး အဓိပ္ပာယ်က ကောင်းကင် sky လို့ ဆိုလိုတယ်။

"Ciel လို့ ခေါ်တာကို ကျွန်တော် ကြိုက်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ ဘဝတွေကို ကောင်းကင်က ဘောင်ခတ်ထားတယ်။ ဟိုတယ်က ဘောင်ကို မေ့ထားလိုက်ပြီး ကောင်းကင်ဆီ ထိုးတက်တယ်။ ကျွန်တော့ဘဝမှာလည်း ဘောင်ခတ်ထားတယ်။ ဘောင်ကို ကျော်ပြီး ကျွန်တော် ကြီးထွားဖို့ အခွင့်သာသွားတယ်။ ကျွန်တော် လုပ်ခွင့်ရလိမ့်မယ်လို့ မထင်ထားတာကို လုပ်ခွင့်ရခဲ့တယ်။ အံ့ဩဖို့ ကောင်းတယ်"

ဟိုတယ်တာဝါ အဆောက်အဦအမြင့်က ပေ ၁,၂၀၀ (၃၆၅ မီတာ) ရှိပြီး  ရေကူးကန်တစ်ခု ရှိနေတဲ့ အမိုးအထပ်မှ ဒူဘိုင်းမြို့ကို အပေါ်စီးမှ ကြည့်နိုင်မှာ ဖြစ်ပါတယ်။ မြေနေရာက ကျဉ်းနေတဲ့အတွက် အုတ်မြစ်ဖောင်ဒေးရှင်းအတွက် ကွန်ကရိ ၁၂,၀၀၀ ကုဗမီတာခန့် သုံးစွဲထားပြီး သံချောင်းတွေက တန် ၃,၀၀၀ ကျော် သုံးစွဲထားပါတယ်။ 
 

Architecture Read 461 times