အိမ်ရာအဆောက်အဦ မဟာလုပ်ငန်းကြီး China Evergrande Group ‌ ဒေါ်လာ ၃၀၀ ဘီလျံ ကြွေးတင်


16 September, 2021

တရုတ်နိုင်ငံမှ အိမ်ရာအဆောက်အဦ မဟာလုပ်ငန်းကြီး China Evergrande Group က အမေရိကန်ဒေါ်လာ ၃၀၀ ဘီလျံ ကြွေးအကြီးအကျယ်တင်နေပြီး အိမ်ရာအဆောက်အဦနဲ့ အခြား ပိုင်ဆိုင်မှုများကို အလျင်မီအောင် ရောင်းချနိုင်ခြင်း မရှိတာကြောင့် အင်မတန်ကြီးမားတဲ့ ဖိအားအောက်မှာ ငွေလည်ပတ်မှု ရောက်ရှိနေကြောင်း ပြောကြားပါတယ်။ 

 ငါတို့ ပိုက်ဆံတွေ ပြန်ပေး
ဒေါသထွက်နေတဲ့ ရင်းနှီးမြှုပ်နှံသူတွေက ရှန်ကျန်းမြို့မှ ရုံးချုပ်ကို ဝိုင်းအုံထားပြီး ‘ငါတို့ ပိုက်ဆံတွေ ပြန်ပေး” လို့ ကြွေးကြော်တောင်းဆိုကြပြီး နာရီအတန်ကြာမှာ Evergrande က ဟောင်ကောင်စတော့အိပ်ချိန်းကို ယခုလမှာလည်း အရောင်း သိသိသာသာ ဆက်လက်ကျဆင်နေဦးမှာ ဖြစ်ပြီး ငွေလည်ပတ်နိုင်ဖို့အတွက် ထုခွဲရောင်းချနေတာ အခြေအနေ ဆက်လက်ဆိုးဝါးနေဦးမှာ ဖြစ်ကြောင်း အစီရင်ခံစာ ပေးပို့ခဲ့ပါတယ်။ 

ဆန္ဒပြသူတစ်ဦးက “သူတို့က ပြောတယ်။ ပြန်အမ်းတာ နှစ်နှစ်ကြမယ်။ ဒါပေမဲ့ အာမခံချက် မရှိဘူး။ ဒီတော့ ကျွန်မ စိတ်ပူတယ်။ အခု နှစ်ကုန်မှာ ကုမ္ပဏီက ဒေဝါလီ ခံရင် ဘယ်လိုလုပ်မလဲ” လို့ ပြောပြတယ်။ သူက ကုမ္ပဏီမှာ ယွမ် ၁၀၀,၀၀၀ ထည့်ထားတယ်။ သူ့အမျိုးတွေက ယွမ် တစ်သန်းကျော် ထည့်ထားတယ်လို့ သူက ပြောပြတယ်။ 

ရှယ်ယာတွေ ဈေးထပ်ကျ
ကုမ္ပဏီက မီဒီယာသတင်းတွေမှာ မကောင်းသတင်းတွေ ဆက်လက်ဖော်ပြနေကြတာကို အပြစ်တင် လိုက်ပြီး ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်ကိုးစားမှုကို လျော့ကျစေတဲ့အတွက် စက်တင်ဘာလ အရောင်းပမာဏ ဆက်လက်ကျဆင်းသွားစေတယ်လို့ ဆိုပါတယ်။ ပုံမှန်အားဖြင့် တရုတ်နိုင်ငံမှာ စက်တင်ဘာလဟာ ရောင်းအားကောင်းတဲ့ လတစ်လ ဖြစ်ခဲ့ပါတယ်။ 

စက်တင်ဘာလ ၁၄ ရက်တုန်းက ဟောင်ကောင်စတော့အိပ်ချိန်းမှာ လုပ်ငန်းစုရဲ့ ရှယ်ယာဈေးနှုန်း ၁၂ % ကျဆင်းခဲ့ပါတယ်။ လုပ်ငန်းစုမှ ပိုင်ဆိုင်ထားတဲ့ လျှပ်စစ်မော်တော်ယာဉ်လုပ်ငန်းနဲ့ အိမ်ရာအဆောက်အဦ ဝန်ဆောင်မှု လုပ်ငန်းခွဲတို့ကို အသည်းအသန် ရောင်းချပါသော်လည်း ဝယ်လက် မရရှိခဲ့ဘူးလို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အဲဒီ လုပ်ငန်းနှစ်ခုတို့ရဲ့ ရှယ်ယာဈေးနှုန်း ၂၅% နဲ့ ၁၂%အသီးသီး ကျဆင်းသွားခဲ့ပါတယ်။ 

ဆောက်လုပ်ရေးကဏ္ဍ လှေလူး
Evergrande က ကြွေးမြီ အမေရိကန်ဒေါ်လာ ၃၀၀ ဘီလျံကို ပေးနိုင်ဖို့ ရုန်းကန်နေရတဲ့အတွက် တရုတ်နိုင်ငံ အိမ်ရာအဆောက်အဦ ဈေးကွက် လှေလူးနေစေပါတယ်။ ယခုအခါ Evergrande ဟာ ကမ္ဘာပေါ်မှာ ကြွေးအတင်ဆုံး ကုမ္ပဏီလို့ မီဒီယာတွေမှာ ဖော်ပြကြတယ်။ ယခုနှစ်အတွင်း ရှယ်ယာဈေးနှုန်း ၇၅ % ကျဆင်းသွားခဲ့တယ်။ အိမ်ရာ အဆောက်အဦကဏ္ဍမှ အခြားလုပ်ငန်းတွေကို ကူးစက်မယ့်အရေး ကြီးမားနေစေတယ်။ ချေးငွေတွေ ထုတ်ပေးထားတဲ့ ဘဏ်လုပ်ငန်းတွေအထိ ကူးစက်နိုင်ပါတယ်။ 

ကြိုပွိုင့် အကြေချေထားသူများ နှင့်  စရံပေးထားသူများ
ရင်းနှီးမြှုပ်နှံမှု ထည့်ထားသူတွေက ငွေပြန်အမ်းဖို့ တောင်းဆိုနေချိန်မှာ Evergrande ရဲ့ တည်ဆောက်ဆဲ အိုးအိမ်တိုက်ခန်းတွေကို ငွေအကြေချေပြီး ကြိုပွိုင့် ဝယ်ထားသူတွေကလည်း ရတက်မအေး ဖြစ်နေကြတယ်။  စရန်ငွေ ပေးသွင်းထားသူတွေလည်း ရှိနေတယ်။ ဆောက်လုပ်ဆဲ စီမံကိန်းတွေကို ယခုအခါ ယာယီရပ်ဆိုင်းထားတယ်။ ၂၀၂၁ ဇွန်လကုန် စာရင်းအရ  မပြီးစီးသေးတဲ့ တိုက်ခန်း စုစုပေါင်း ၁. ၄ သန်း ရှိနေတယ်။ 
ဟောင်ကောင်မှ ဈေးကွက်ကျွမ်းကျင်သူ  Reorg က “အဆိုးဝါးဆုံးတွေ ဖြစ်လာခဲ့ရင် China Evergrande က ဆောက်လုပ်ရေး ကန်ထရိုက်တာတွေကို ငွေမပေးနိုင်လို့  ကြိုရောင်းထားတဲ့ တိုက်ခန်းတွေကို အချိန်မီ မပြီးခဲ့ရင် China Evergrande မှာ တာဝန်ရှိတယ်” လို့ ပြောပြတယ်။ 
“ဆောက်လုပ်ရေးကဏ္ဍမှာ ကျင့်သုံးကြတာက လုပ်ငန်းစုက အိမ်ရာအဆောက်အဦတွေ မပြီးစီးခင်  ကြိုရောင်းထားတယ်ဆိုရင် ဘဏ်က ဝယ်ယူသူကို ငွေထုတ်ချေးပေးတယ်။ China Evergrande က ဝယ်ယူသူအနေဖြင့် မပြီးသေးတဲ့ တိုက်ခန်းကို အပေါင်ထားပြီး ချေးဖို့ အာမခံပေးရတယ်။ ဝယ်ယူသူက ချေးငွေ ပြန်မဆပ်ရင် လုပ်ငန်းစုက တိုက်ခန်းကို ပြန်ဝယ်ပေးရတယ်။ ရလာတဲ့ ငွေနဲ့ ဘဏ်ကြွေးကို ဖြေရှင်းတယ်” လို့ သူက ရှင်းပြတယ်။ 

ကယ်ဆယ်ရေး 
Evergrande က လုပ်ငန်းစုကို ပြန်လည်ဖွဲ့တည်ပြီး ကြွေးမြီတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းနေပြီး အရေးပေါ် ကယ်ဆယ်ရေး ကျွမ်းကျင်တဲ့ Houlihan Lokey ကို ငှားရမ်းထားတယ်။ 
ဒေဝါလီ ခံမယ်ဆိုတဲ့ ကောလဟာလ မဟုတ်မှန်ကြောင်းလည်း ငြင်းဆိုပါတယ်။ မကြုံစဖူး အရမ်းခက်ခဲနေတာကိုတော့ ဝန်ခံပါတယ်။ 

အစိုးရက ဒေဝါလီခံရင် လက်ခံမှာလား ဆိုတဲ့ မေးခွန်းအတွက် နမူနာပြစရာက ၁၉၉၉ ခုနှစ်မှာ  Guangdong Investment Trust (GITIC)  ဒေဝါလီခံတာကို အစိုးရက လက်ခံပေးခဲ့ပြီဂ ကြွေးမြီ ကန်ဒေါ်လာ ၄.၄ ဘီလျံ ကျန်ခဲ့တယ်။ 

လုံးလည်ချာလည်လိုက်နေ
Evergrande က ပိုဆိုးတဲ့ဆီသို့ လည်ဆင်းနေတယ်။ မကောင်းသတင်းတွေကြောင့် သူ့လက်ထဲမှ အိမ်ရာတွေ ပိုင်ဆိုင်မှုတွေ ထုခွဲရောင်းချဖို့ မဖြစ်နိုင်တဲ့ အခြေစိုက်နေတယ်။ ဝယ်လက်တွေက လက်ရှောင်ထားကြတော့ လိုအပ်တဲ့ ငွေလုံးငွေရင်းကို မရနိုင်တော့ဘူး။ ငွေလုံးငွေရင်း မရရှိတဲ့အတွက် ကြွေးတွေကို မဖြေရှင်းနိုင်တော့ဘူး။ ကြွေးတွေကို မဖြေရှင်းနိုင်တဲ့အတွက် ပြဿနာ ပိုကြီးထွားလာတယ်လို့ သုံးသပ်ထားကြတယ်။ 
 

Region Read 2584 times