စင်ကာပူမှာ BTO စီမံကိန်း ပြီးစီးမှု ကိုဗစ်အကြိုကာလထက် ရေချိန်မြင့်မား


10 October, 2021

စင်ကာပူနိုင်ငံမှာ ယခုနှစ်ကုန်မှာ ပြီးစီးတဲ့  Build-To-Order (BTO) စီမံကိန်းအရေအတွက်က ကိုဗစ်ကပ် အကြိုကာလထက် ပိုများမယ်လို့ မျှော်လင့်ကြောင်း အိုးအိမ်ဦးစီးဌာန  Housing Board (HDB)  က အောက်တိုဘာလ ၉ ရက်မှာ ပြောကြားခဲ့ပါတယ်။ 
ကိုဗစ်ကပ်ရောဂါကြောင့် ဆောက်လုပ်ရေးကဏ္ဍမှာ ပြင်းထန်တဲ့ ထိခိုက်မှုတွေ ရှိနေတဲ့ကြားမှာ ယခုလို ရလဒ် ထွက်ပေါ်တာ ဖြစ်ပါတယ်။ 


ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလ နောက်ပိုင်း လူနေတိုက်ခန်း တိုက်တာ စီမံကိန်း ၂၅ ခု ပြီးစီးခဲ့တာမှာ ၁၁ ခုကို ၂၀၂၀ ခုနှစ်အတွင်းမှာ ပြီးစီးခဲ့ပြီး ယခုနှစ်မှာတော့ ၁၄ ခုကို ယခုနှစ်မှာ ပြီးစီးခဲ့ပါတယ်။ 

လူနေတိုက်ခန်း ၁၆,၀၀၀ ကျော်ကို အိုးပိုင်အိမ်ပိုင်အဖြစ် နေထိုင်ဖို့ စင်ကာပူနိုင်ငံသားတွေ လက်ထဲ ထည့်နိုင်ခဲ့ပါတယ်။

ယခုနှစ်ကုန်မှာ နောက်ထပ် စီမံကိန်း ၅ ခု ထပ်မံပြီးစီးမယ်လို့ HDB က ပြောကြားပါတယ်။ 

ဆောက်လုပ်ဆဲ BTO စီမံကိန်းတွေမှာ အိုးအိမ်တိုက်ခန်း ဝယ်ယူသူတွေ စီမံကိန်း ပြီးစီးဖို့ စောင့်ဆိုင်းရတာ 
ပျမ်းမျှအားဖြင့် လေးနှစ်မှ ၅ နှစ်အထိ ရှိတယ်လို့ ဆိုပါတယ်။ ကိုဗစ်ကြောင့် ကြန့်ကြာရတဲ့အချိန်ကာလတွေကို ထည့်သွင်းတွက်ချက်ထားတဲ့ ကြာချိန် ဖြစ်ပါတယ်။ 
ဇန်နဝါရီလနောက်ပိုင်း အခန်းအပ်ခဲ့တဲ့ စီမံကိန်း ၂၅ ခုရဲ့ ပျမ်းမျှစောင့်ဆိုင်းကာလ ၄.၁ နှစ် ဖြစ်ပါတယ်။ စီမံကိန်း ၂၅ ခုမှာ ၁၁ ခုကို လေးနှစ်မပြည့်ခင်မှာ အခန်းအပ်နိုင်ခဲ့ပါတယ်။ စီမံကိန်း သုံးခုကိုတော့ သုံးနှစ်မပြည့်ခင်မှာ အခန်းအပ်နိုင်ခဲ့ပါတယ်။ 

ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း အိုးအိမ်တိုက်ခန်း အသစ် ၁၀, ၃၅၀ အခန်းအပ်နှံနိုင်ခဲ့တယ်လို့ HDB  က ပြောကြားပါတယ်။ 

ကြုံတွေ့ရတဲ့ အဓိက ပြဿနာတွေကတော့ လုပ်သားအင်အား မလုံလောက်ခြင်း၊ ပစ္စည်းပေးသွင်းမှု ပြတ်တောက်ခြင်း၊ ပစ္စည်းများ ဈေးတက်ခြင်း၊ လုပ်ကိုင်နိုင်စွမ်းရည် ကျဆင်းနေခြင်းတို့ ဖြစ်ပါတယ်။

အချိန်နောက်ကျနေတဲ့ BTO စီမံကိန်းလည်း ရှိနေပါတယ်။ Waterway Sunrise II  က ပြီးစီးဖို့ နောက်ကျနေတာ တစ်နှစ်ကျော်နေပြီဖြစ်ပြီး HDB မှာ တိုက်ခန်းဝယ်ယူထားသူတွေကို လျော်ကြေးပေးရမှာ ဖြစ်ပါတယ်။

အိုးအိမ်တိုက်ခန်း အဆောက်အဦ ခုနစ်ခုပါဝင်ပြီး အိုးအိမ်တိုက်ခန်း ၁,၀၁၄ ခု ပါဝင်တဲ့ Waterway Sunrise II ဟာ လက်ရှိဆောက်လုပ်ဆဲ BTO ၉၄ ခုမှာ တစ်ခုတည်းသော နောက်ကျတဲ့ စီမံကိန်း ဖြစ်ပါတယ်။ 

 

နောက်ကျတဲ့အတွက် အိုးအိမ်တိုက်ခန်း ဝယ်ယူထားသူတွေကို HDB က လျော်ကြေးပေးမယ့် ပမာဏက အိုးအိမ်တိုက်ခန်းဈေးနှုန်းနဲ့ နောက်ကျတဲ့အချိန်ကာလကြာမြင့်မှုတို့အပေါ်မှာ မူတည်ပါတယ်။ အခန်းသော့ အပ်ရမယ့် ရက်စွဲထက် ကျော်လွန်နေကျနေတဲ့ အချိန်ကာလ ရှည်ကြာရင် လျော်ကြေးပမာဏာ ပိုများမှာ ဖြစ်ပါတယ်။ စင်ကာပူဒေါ်လာ ၇၀၀ မှ စင်ကာပူဒေါ်လာ ၁၀,၅၀၀ အထိ ဖြစ်နိုင်တယ်လို့ HDB က ပြောကြားပါတယ်။ လာမယ့်နှစ် စတုတ္ထ သုံးလအတွင်း သို့မဟုတ် ၂၀၂၃ ခုနှစ် ပထမ သုံးလအတွင်းမှာ တိုက်ခန်းတွေကို သော့အပ်နိုင်မယ်လို့ မျှော်မှန်းထားပါတယ်။ စောင့်ဆိုင်းရချိန်က ၅နှစ်ခွဲ ဝန်းကျင် ဖြစ်ပါတယ်။

Waterway Sunrise II ကို ၂၀၁၇ ဖေဖော်ဝါရီလမှာ စတင်ခဲ့ပြီး ယခုနှစ် ပထမနှင့် ဒုတိယ သုံးလပတ်အတွင်း ပြီးစီးရမှာ ဖြစ်ပါတယ်။ 

ကန်ထရိုက်လုပ်ကိုင်တဲ့  Lian Ho Lee Construction က လုပ်ရည်ကိုင်ရည် ညံ့ဖျင်းတာကြောင့် အချိန်မီ ပြီးစီးနိုင်ခြင်း မရှိလို့ ပြီးခဲ့တဲ့နှစ် ဩဂုတ်လမှာ ကန်ထရိုက်ကို ရုပ်သိမ်းခဲ့ပြီး Expand Constructionကို ကန်ထရိုက်လုပ်ကိုင်သူအဖြစ် အောက်တိုဘာလမှာ အစားထိုးခဲ့ပါတယ်။ 

နောက်ကျတဲ့အတွက် လျော်ကြေးကို တစ်ကြိမ်တည်း တစ်လုံးတစ်ခဲတည်း ပေးလျော်မှာ ဖြစ်ပါတယ်။ အိုးအိမ်တိုက်ခန်းပိုင်ရှင်များအနေဖြင့် လျော်ကြေးအတွက် တစ်စုံတစ်ရာ လျှောက်ထားရန် မလိုပါဘူး။ အခန်းသော့အပ်ပြီးတဲ့နောက် နှစ်လဝန်းကျင်အကြာမှာ လျော်ကြေးကို HDB ထံမှ ရရှိကြမှာ ဖြစ်ပါတယ်။ 
 

Reference: straitstimes.com

Region Read 371 times