ဖိလစ်ပိုင်ရဲ့ BBB ဆောက်လုပ်ရေး အစီအစဉ်

28 December, 2020

COVID-19  ကပ်ရောဂါကြားထဲမှာ ဖိလစ်ပိုင် အစိုးရက စီးပွားရေး ကျဆင်းနေတာကို ဦးပြန်မော့စေဖို့အတွက် လမ်းတံတားများ အပါအဝင် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးကို ဆောင်ရွက်လျက် ရှိပြီး  “Build Build Build” (BBB)  program လို့  အမည်ပေးထားတဲ့ ခေါင်းစဉ်အောက်မှာ စီမံကိန်းတွေကို ဆက်လက်အကောင်အထည် ဖော်ပေးနေပါတယ်။ ဆောက်လုပ်ရေးဟာ ဖိလစ်ပိုင်နိုင်ငံ စီးပွားရေးအတွက် အဓိကမောင်းနှင်အား မဟုတ်ဘူးဆိုရင်တောင် အခရာကျတဲ့ မောင်းနှင်အားဖြစ်တယ်လို့ ဖိလစ်ပိုင် အစိုးရက မြွက်ဆိုထားပါတယ်။

“BBB” program ဟာ ဖိလစ်ပိုင်နိုင်ငံအတွက် မြိုပြနဲ့ကျေးလက်အကြား ဒေသများအကြား ဟန်ချက်ညီဖွံ့ဖြိုးရေးကို ဖြစ်ထွန်းစေမယ်လို့ ဖိလစ်ပိုင် အစိုးရက အခိုင်အမာ ယုံကြည်ပါတယ်။ ရေရှည်ဖွံ့ဖြိုးရေးအတွက်လည်း ဖြစ်တယ်လို့ ယုံကြည်ပါတယ်။
မက်ထရိုမနီလာမြို့တော်မှာပဲ လာရောက်လုပ်ကိုင်ပြီး စုပြုံနေလို့ ယာဉ်ကြောကျပ်တဲ့ ပြဿနာ ဖြေရှင်းမရ ဖြစ်နေတယ်။ တခြားမြို့ကြီးတွေမှာ အခြေခံအဆောက်အအုံတွေ ကောင်းမွန်ရင် မနီတာတစ်မြို့တည်းမှာ လာစုပြုံနေတာ လျော့ကျသွားမည်လို့ ဖိလစ်ပိုင် သမ္မတ ဒူတာတေးက ယုံကြည်တယ်။ 
နိုင်ငံတစ်လွှားမှာ အခြေခံအဆောက်အအုံတွေ တိုးတက်ကောင်းမွန်အောင် လုပ်ကိုင်ဖို့ စီမံကိန်းပေါင်း နှစ်သောင်းဝန်းကျင်ကို ရေးဆွဲချမှတ်ထားတယ်။ ကိုဗစ်ကပ်ရောဂါဘေး ကျရောက်နေပေမဲ့လည်း ဆက်လက်အကောင်အထည်ဖော် လုပ်ကိုင်စေတယ်။ 
အခြေခံအဆောက်အအုံ ဆောက်လုပ်ရေးစီမံကိန်းတွေမှာ လမ်းတွေ၊ အဝေးပြေးလမ်းတွေ၊ လယ်ယာမှ ဈေးသို့ ဆက်သွယ်ပေးတဲ့ စိုက်ပျိုးရေးထွက်ကုန် သယ်ယူရေးလမ်းကြောင်းတွေ၊ ကျောင်းတွေ၊ ဆေးရုံတွေ၊ အစိုးရဌာန အဆောက်အဦတွေ၊ သဘာဝဘေးအန္တရာယ်  ကျရောက်စဉ် ခိုလှုံဖို့ ကယ်ဆယ်ရေး အဆောက်အအဦတွေ၊ မီးပြတိုက်တွေ အစရှိတဲ့ ဆောက်လုပ်ရေးတွေ ပါဝင်တဲ့ စီမံကိန်းတွေ ဖြစ်ပါတယ်။ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးဟာ ထိပ်တန်းဦးစားပေး အစီအစဉ်တွေထဲမှ တစ်ခုဖြစ်ပြီး  ဘတ်ဂျက် ဖိလစ်ပိုင်ပီဆို ၈ ထရီလီယံ( အမေရိကန်ဒေါ်လာ ၁၆၄.၇ သန်း) ချပေးထားပြီး သက်တမ်းကာလ ၆ နှစ် (၂၀၁၇-၂၀၂၂) ဖြစ်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံ သမိုင်းတစ်လျှောက် အခြေခံအဆောက်အအုံ ဆောက်လုပ်ရေးအတွက် ချပေးတဲ့ ဘတ်ဂျက်ပမာဏတွေမှာ အကြီးမားဆုံး ဖြစ်ပါတယ်။
ယခင်အစိုးရအဆက်ဆက် အခြေခံအဆောက်အအုံ ဆောက်လုပ်ရေးအတွက် သုံးစွဲတဲ့ဘတ်ဂျက်နဲ့ Gross Domestic Product (GDP) အချိုးအစားဟာ ပျမ်းမျှအားဖြင့် ၂.၆ % သာ ရှိခဲ့ပါတယ်။ အခြေခံအဆောက်အအုံ ဆောက်လုပ်ရေးအတွက် သုံးစွဲတဲ့ ဘတ်ဂျက်ကို ဂျီဒီပီအရ တွက်ကြည့်ရင် ၂၀၀၁ မှ ၂၀၁၀ အထိ ပျမ်းမျှအားဖြင့် ၁.၆ % မျှသာ ရှိခဲ့ပြီး ဖိလစ်ပိုင်ပီဆို ၁၀၀.၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂.၀၆ ဘီလီယံ) သုံးစွဲခဲ့ပြီး ၂၀၁၁ မှ ၂၀၁၆ အထိ ၃ %   ရှိခဲ့ပြီး ဖိလစ်ပိုင်ပီဆို ၃၇၈.၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၇.၇ ဘီလီယံ) သုံးစွဲခဲ့ပါတယ်။ 

၂၀၁၆ ခုနှစ် ဇူလိုင်လမှာ ဒူတာတေး ဖိလစ်ပိုင် သမ္မတ ဖြစ်လာခဲ့ပြီးတဲ့အခါ ကာလရှည်ကြာ လျစ်လျူပြုခံထားရတဲ့ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးကို ပြန်လည် သုံးသပ်ခဲ့တယ်။ နောက်တစ်နှစ် ၂၀၁၇ မှ ၂၀၁၉ အထိ အခြေခံအဆောက်အအုံ ဆောက်လုပ်ရေးအတွက် သုံးစွဲတဲ့ ဘတ်ဂျက်ကို ပျမ်းမျှအားဖြင့် ဂျီဒီပီရဲ့ ၆ % အထိ တိုးမြှင့်သုံးစွဲခဲ့တယ်။ ဖိလစ်ပိုင်ပီဆို ၉၃၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၉.၁ ဘီလီယံ) သုံးစွဲခဲ့တယ်။ ယခုနှစ် ၂၀၂၀ မှာတော့  “BBB” program အတွက် ဂျီဒီပီရဲ့ ၄.၆ %  ဘတ်ဂျက်ချပေးခဲ့ပါတယ်။ ဖိလစ်ပိုင်ပီဆို ၉၇၂.၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၀ ဘီလျံ) ဖြစ်ပါတယ်။

 “BBB” program ရဲ့ ဘတ်ဂျက်ကို ခွဲဝေသုံးစွဲကြတာမှာ ကျန်းမာရေးနဲ့ လူမှုစီးပွား ပြဿနာများကို ဖြေရှင်းပေးနိုင်ဖို့ ဦးတည်ချက် ထားရှိပါတယ်။ အင်တာနက် ချိတ်ဆက်မှု ရရှိစေရေး၊ ရေကောင်းရေသန့် ရရှိစေရေး၊ သယ်ယူပို့ဆောင်ရေး အားဖြည့်တင်းရေး၊ ကျန်းမာရေး စောင့်ရှောက်မှုစနစ်များနဲ့ ဒစ်ဂျစ်တယ်စီးပွား ဖွံ့ဖြိုးရေးတို့ နိုင်ငံတစ်လွှား ဟန်ချက်ညီညီ တိုးတက်ဖြစ်ပေါ်စေဖို့ စီမံကိန်းတွေ ရေးဆွဲချမှတ်ခဲ့ပါတယ်။ “BBB” program စတင်ခဲ့တဲ့ ၂၀၁၇ ခုနှစ်နောက်ပိုင်းမှာ အလုပ်အကိုင်  တစ်သန်းခွဲ ဖန်တီးပေးခဲ့တယ်။
ကိုဗစ်ကြောင့် lockdown နဲ့ quarantine ဆောင်ရွက်ချက်တွေ ရှိနေပေမဲ့ ဆောက်လုပ်ရေးကို ဆက်လက်လုပ်ကိုင်ခဲ့ပြီး အဝေးပြေးလမ်း၊ ကမ်းရိုးတန်းကမ်း‌ခြေတစ်လျှောက် လေးလမ်းသွား လမ်းမကြီး၊ လေယာဉ်ကွင်းများ၊ ဆိပ်ကမ်းများကို ပြီးစီးအောင် တည်ဆောက်နိုင်ခဲ့တယ်။
၂၀၁၇ မှာ စတင်ခဲ့တဲ့ “Build Build Build” (BBB)  program ဟာ လမ်းတွေ တံတားတွေအပြင် စာသင်ကျောင်းတွေ၊ ရိက္ခာသိုလှောင်ရုံတွေကိုလည်း တည်ဆောက်ခဲ့ပါတယ်။ 
“BBB” program မှာ လေဆိပ် စီမံကိန်း ၁၂၁ ခု ပြီးစီးခဲ့ပြီး ၁၁၄ ခု ဆောက်လုပ်ဆဲ ဖြစ်ပါတယ်။ ၇၅ ခုက တင်ဒါအဆင့်မှာ ရှိနေပါတယ်။
စီးပွားရေး၊ လူမှုရေးနဲ့ ခရီးသွားလုပ်ငန်းတို့အတွက် ပင်လယ်ဆိပ်ကမ်း ၃၆၉ ခု ပြီးစီးခဲ့ပြီး ၁၀၈ ခု ဆောက်လုပ်ဆဲဖြစ်ပါတယ်။
လမ်း ၂၃,၆၅၇ ကီလိုမီတာ ပြီးစီးခဲ့ပြီး တံတား ၄,၉၅၉ ခု ပြီးစီးခဲ့ပါတယ်။
စာသင်ခန်းပေါင်း ၇၁,၈၀၃ ခန်း ပြီးစီးခဲ့ပြီး ကျောင်းသူကျောင်းသား ၃.၂ သန်း စာသင်ဖို့ အဆင်ပြေပြေ ဖြစ်စေခဲ့တယ်။ ရေဘေးခိုလှုံဖို့ အဆောက်အဦ ၄,၅၃၆ ခု တည်ဆောက်ပြီးစီးခဲ့တယ်။ မုန်တိုင်းခိုလှုံဖို့ အဆောက်အဦ ၈၂ ခုကို ခရိုင် ၅၂ မှာ တည်ဆောက်ပြီးစီးခဲ့ပြီး နောက်ထပ် ၅၅ ခု ဆောက်လုပ်ဆဲ ဖြစ်ပါတယ်။
ရထားလမ်း ၆ ခု ဖောက်လုပ်ဆဲဖြစ်ပြီး နောက်ထပ် ရထားလမ်းစီမံကိန်းတွေ လာဖို့ ရှိနေပါသေးတယ်။ ဘူတာရုံတွေလည်း တိုးချဲ့လျက် ရှိတာမှာ ယခင်က ၅၈ ခု ရှိခဲ့ပြီး ယခုအခါ ဘူတာရုံ  ၁၆၉ ခု ရှိပြီ ဖြစ်ပါတယ်။ ရထား ၂၂၁ စီး ရှိခဲ့ရာမှ ၁၄၂၅ စီး ရှိနေပြီ ဖြစ်ပါတယ်။ 

ဆောက်လုပ်ဆဲ အခြေခံ အဆောက်အအုံတွေ ပြီးစီးသွားတဲ့အခါ တိုင်းပြည်စီးပွားရေး တိုးတက်ကြီးထွားဖို့ လုပ်ဆောင်နိုင်စေမှာ ဖြစ်ပြီး ကမ္ဘာ့ဈေးကွက်မှာ ယှဉ်ပြိင်နိုင်စွမ်းလည်း ပိုကောင်းလာမှာ ဖြစ်ပါတယ်။ 

buildersguide.com.mm

Global Read 265 times