သန်လျင်တံတား အမှတ် - ၃ သာကေတဘက်ခြမ်း ၈၃ ရာခိုင်နှုန်းခန့် ပြီးစီး

30 December, 2020

ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်နှင့် သာကေတမြို့နယ်တို့သို့ ပဲခူးမြစ်အား ဖြတ်သန်းကာ ဆက်သွယ်တည် ဆောက်နေ သော ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ်- ၃)စီမံကိန်းသည် ယခုအခါတွင် သာကေတဘက်ခြမ်းရှိ စီမံကိန်း အပိုင်း(၃)တွင် ၈၃ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်သည်။ 
အဆိုပါ စီမံကိန်းအပိုင်း(၁)နှင့် (၂)လုပ်ငန်းများလည်း ဆက်လက်ဆောင်ရွက်နေကြောင်း၊ ထိုတံတားကြီး ပြီးစီးသွားပါက သန်လျင်ကျောက်တန်းဒေသရှိ သီလဝါအထူး စီးပွားရေးဇုန်ကြီး ၏ ကုန်စည်စီးဆင်းမှုကို အဓိကအထောက် အကူပြုစေမည် ဖြစ်ကြောင်း တံတားဦးစီးဌာန တံတားတည်ဆောက်ရေးစီမံကိန်းရုံးမှ သိရသည်။
အဆိုပါတံတားကြီးကို ဆောက်လုပ်ရေးဝန်ကြီးဌာနတံတားဦးစီးဌာနနှင့် ဂျပန်နိုင်ငံ JICA အဖွဲ့တို့ပူးပေါင်းကာ Consultant ဖြစ်သော ဂျပန်နိုင်ငံ Joint Venture of Nippon Koei မှ ကြီးကြပ်ဆောင်ရွက်ပြီး ဆက်စပ်ကုမ္ပဏီ ခုနစ်ခုဖြင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 
“ဒီပဲခူးမြစ်ကူးတံတားသစ်ကြီး တည်ဆောက်ရတာဟာ သန်လျင်ဘက်ကမ်းမှာရှိတဲ့ သီလဝါဆိပ်ကမ်းနဲ့ သီလဝါအထူး စီးပွားရေးဇုန်ရဲ့ ကုန်စည်စီးဆင်းမှု အဝင်/အထွက်ကို အထောက်အကူပြုစေဖို့ ဆောင်ရွက်တာပါ။ ဒီလမ်းကြောင်းက ရန်ကုန်မြို့ပြဧရိယာကို အတိုဆုံး ချိတ်ဆက်နိုင်တဲ့ လမ်းကြောင်း တစ်ခုလည်း ဖြစ်ပါတယ်။ လာမယ့်နှစ်ပေါင်း နှစ်ဆယ် သုံးဆယ် မှာ သီလဝါအထူးစီးပွားရေး ဇုန်ရဲ့ ကုန်စည်စီးဆင်းမှုက ဒီထက်ပိုပြီးများလာမှာဖြစ်တဲ့အတွက် ယာဉ်ကြီးတွေ ကုန်စည်ကို ကောင်းစွာသယ်ယူပို့ဆောင်သွားလာနိုင်စေဖို့အတွက်ကို မျှော်မှန်း ပြီး ဆောင်ရွက်တာပါ။ ဒါကို JICA ရဲ့အကူအညီနဲ့ ဂျပန်ချေးငွေနဲ့ ဆောင်ရွက်နေတာပါ။ တံတားကြီးကို အပိုင်းသုံးပိုင်းနဲ့ခွဲပြီး တည်ဆောက်နေတာပါ။ အခုဆို သာကေတ ဘက်အခြမ်းမှာရှိတဲ့ Package - 3 အပိုင်းက ကုန်းပေါ်မှာလည်းဖြစ်တော့ တည်ဆောက်ရတာ လည်းလွယ်တယ်။ ဒီအတွက်မှန်းထားတာထက်ကို တော်တော်လေးလုပ်ငန်းတွေက အောင်မြင်ပြီးစီးနေပါပြီ။ ကိုဗစ်ကလည်းဖြစ်ပြီး ရန်ကုန်တိုင်း မှာ Stay at Home တွေ လုပ်လိုက်တော့ ကျွန်တော်တို့ တည်ဆောက်ရေးအပိုင်းက အနည်းငယ်ဆိုင်း သွားတယ်။ ဒါပေမဲ့ အပိုင်း(၃)ရဲ့ ပြီးစီးမှုရာခိုင်နှုန်းက ရည်မှန်းချက်ထက်ကို ကျော်နေတုန်းပါပဲ။ အပိုင်း(၁)နဲ့ (၂) က ရေထဲမှာလုပ်ရတော့ နည်းပညာပိုင်းအရ အတော်လေးခက်တယ်။ ကိုဗစ်ကြောင့် ဂျပန်ပညာရှင်တွေ မရောက်နိုင်သေးတော့ လုပ်ငန်းပြီးစီးမှုက နည်းနေတာပါ။ ကိုဗစ်အခြေအနေ ကောင်းရင်တော့ သတ်မှတ်ထားတဲ့ လျာထားချက်အတိုင်း လုပ်ငန်းတွေ ပြန်ဆောင်ရွက် သွားနိုင်မှာပါ”ဟု တံတားဦးစီးဌာန ပဲခူးမြစ်ကူး တံတားတည်ဆောက်ရေးစီမံကိန်းရုံးမှ အင်ဂျင်နီယာချုပ် ဦးထွန်းလင်း က ပြောသည်။ 
ယင်း ပဲခူးမြစ်ကူးတံတားသစ်ကြီးတည်ဆောက်ရေးလုပ်ငန်းများကို ၂၀၁၉ ခုနှစ် မေလတွင် စတင်ခဲ့သည်။ စီမံကိန်းအပိုင်း(၁) Package 1 သည် သန်လျင် ဘက်အခြမ်းမှ စတင်ကာ PC Box Girder Bridge နှင့် Steel Box Girder Bridge အပိုင်းများ ပါဝင်ပြီး ရေလယ်တွင်ရှိသော စတီးလ်ကြိုးဆိုင်းတာဝါတိုင် ( Steel Cable Stayed Bridge)အစအထိ ဆောင်ရွက် သွားမည် ဖြစ်သည်။ ယင်းအပိုင်းတွင် သန်လျင်ကုန်းပေါ်ဘက်အခြမ်းရှိ ဖောင်ဒေးရှင်းအပိုင်းများ ပြီးစီးနေပြီး မြေပေါ်သို့ စတက်ကာ ကော်လံတိုင်များ ပြီးစီးနေပြီဖြစ်သည်။ ထပ်မံ၍ ချဉ်းကပ် လမ်းပိုင်း ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။ ထိုအပိုင်း(၁) သည် အရှည် ၁၃၁၂ မီတာရှိပြီး လက်ရှိတွင်လုပ်ငန်းပြီးစီးမှု ၄၉ ရာခိုင်နှုန်းရှိလာပြီ ဖြစ်သည်။ 
စီမံကိန်းအပိုင်း(၂) Package 2 သည် ပင်မတံတားအပိုင်းဖြစ်ပြီး စတီးလ် ကြိုးဆိုင်းတာဝါတိုင် (Steel Cable Stayed Bridge) အပိုင်းများနှင့် Steel Box Girder Bridge နှင့် PC Box Girder Bridge များပါဝင်ကာ သာကေတဘက်အခြမ်း စီမံကိန်းရုံးရှေ့ရှိ ကွန်ကရစ်ခင်းထားသော တံတား Embankment Toll Gate အပိုင်းထိ ပါဝင်ကြောင်း သိရသည်။ လက်ရှိတွင် ရေထဲအပိုင်းတွင် PR တိုင် နံပါတ်(၆)မှ PR တိုင် (၂၂ )သာကေတ ဘက်ခြမ်းအထိ ပဲခူးမြစ်အတွင်း ဂျပန်နည်းပညာအတိုင်း ဖောင်ဒေးရှင်းအပိုင်းများ ဆောင်ရွက်ဆဲဖြစ်ကြောင်း သိရသည်။ ထိုအပိုင်း(၂)သည် အရှည် ၁၃၆၃ မီတာရှည်ပြီး လုပ်ငန်းပြီးစီးမှု သည် ၅၀ ရာခိုင်နှုန်းကျော်လာပြီဖြစ်သည်။ ယင်းစီမံကိန်းအပိုင်း Package 1&2 ကို Sumitomo Mitsui Construction နှင့် Yokogawa Bridge Construction JV တို့က တာဝန်ယူဆောင်ရွက်နေပြီး တည်ဆောက်ရေးကာလ ၂၀၁၉ ခုနှစ် ဇွန်လ မှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအထိ အပြီးဆောင်ရွက် သွားရန် လျာထားကြောင်း သိရသည်။ 
တံတားကြီး၏ စီမံကိန်းအပိုင်း(၃) Package - 3 သည် လက်ရှိတွင် သာကေတဘက်အခြမ်း သန်လျင်တံတားဟောင်း တိုးဂိတ် (ကောက်ခံရေးဂိတ်)အနီးမှ ၁၀၈ တောင်ဘုရားအနီး သာကေတ အဝိုင်းနားအထိ ခုံးကျော်ဒီဇိုင်းဖြင့် တည်ဆောက် နေခြင်းဖြစ်သည်။ ထိုအပိုင်းသည် ကုန်းပေါ်တွင်ဆောင်ရွက်ရသည့် အပိုင်းဖြစ်သောကြောင့် လုပ်ငန်းများ အောင်အောင်မြင်မြင် ပြီးစီးကာ မိုးပျံတံတားအဖြစ် ရုပ်လုံးပေါ်လာပြီဖြစ်သည်။ လက်ရှိတွင် ကြမ်းခင်းလောင်းခြင်း နှင့် လက်ရန်းပိုင်းများ ဆောင်ရွက်နေကြောင်း သိရသည်။ တံတားကင်းလွတ် အမြင့် ၁၈ ပေ ၊ အရှည် ၈၂၅ မီတာရှိကာ လက်ရှိတွင်လုပ်ငန်းပြီးစီးမှု ၈၃ ရာခိုင်နှုန်း ကျော်ရှိလာပြီဖြစ်သည်။ ယင်းအပိုင်းကို Tokyu Construction က တာဝန်ယူ တည်ဆောက်နေပြီး ၂၀၁၉ ခုနှစ် မေလမှ ၂၀၂၁ ခုနှစ် မေလတွင် ပြီးစီးရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 
တံတားကြီးသည် ပင်မနှင့် ချဉ်းကပ်လမ်းအပါအဝင် စုစုပေါင်းအရှည်သည် မီတာ ၃၅၀၀ ရှိသည်။ လက်ရှိအသုံးပြုဆဲ သန်လျင်တံတားဟောင်း နှင့် ၁၂၅ မီတာ အကွာတွင် တည်ဆောက်နေခြင်းဖြစ်သည်။ ယာဉ်သွားလမ်း အသွားနှစ်လမ်း၊ အပြန်နှစ်လမ်းဖြင့် လေးလမ်းသွားဖြစ်သည်။ ခံနိုင်ဝန်သည် ကားတစ်စီးချင်း ၇၅ တန်ရှိသောကားကြီးများ သွားလာနိုင် မည်ဖြစ်သည်။ ထိုတံတားစီမံကိန်းကို Japan International Cooperation Agency (JICA) ၏ ဂျပန်နိုင်ငံ ချေးငွေဖြင့် ဂျပန်ယန်း ၃၁ ဘီလီယံ အကုန်ကျခံကာ ဆောင်ရွက်နေ ခြင်းဖြစ်ကြောင်း တံတားတည်ဆောက်ရေးစီမံကိန်းရုံးမှ သိရသည်။
MOI Webportal

Infrastructure and Zones Read 7750 times