လူနေအိမ်ရာများ၊ ရုံးခန်းများနှင့် စက်မှုဇုန်များပါဝင်မည့် AMATA SMART AND ECO CITY စီမံကိန်း


26 January, 2021

အဆိုပါစီမံကိန်းကို မြေဧက ၂၀၀၀ ကျယ်ဝန်းသည့် ရန်ကုန်တိုင်းဒေသကြီး၊ လေးထောင့်ကန်ကျေးရွာတွင်ဆောက်လုပ်သွားမည်ဖြစ်ပြီး လူနေအိမ်ရာများ၊ ရုံးခန်းများနှင့် စက်မှုဇုန်များပါဝင်မည်ဖြစ်ကြောင်း သိရှိရသည်။ 

စီမံကိန်းမြေနေရာ ပန္နက်တင်ခြင်း အခမ်းအနားကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။ ထိုင်းနိုင်ငံအခြေစိုက် Amata ကုမ္ပဏီက အမေရိကန်ဒေါ်လာ ၁ ဘီလီယံရင်းနှီးမြှုပ်နှံထားသည်ဟုလည်း Amata Corporation ဘက်က ထုတ်ပြန်ထားပါသည်။

စီမံကိန်းနဲ့ပတ်သက်ပြီး အခွင့်အလမ်းများစွာပေါ်ထွက်လာမည်ဖြစ်ပြီး လုပ်ငန်းလိုအပ်ချက်အရ လုပ်သားပေါင်း ၃ သောင်းကျော် ကနေ ၄ သောင်းဝန်းကျင်ထိ လိုအပ်မည်ဖြစ်သောကြောင့် နိုင်ငံသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းကောင်းတစ်ရပ်ကို အခိုင်အမာ ပေးစွမ်းနိုင်မည်ဟု တောင်ဒဂုံမြို့နယ်၊ တိုင်းဒေသကြီးကိုယ်စားလှယ် ဦးညီညီက ဆိုသည်။

Yangon Amata Smart and Eco City စီမံကိန်းကို မြန်မာနိုင်ငံဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနဲ့ Amata Corporation PCL တို့အကျိုးတူ ဆောင်ရွက်မည်ဟု သိရသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀ ရာခိုင်နှုန်း နှင့် Amata Asia (Myanmar) Limited  ဘက်မှ ၈၀ ရာခိုင်နှုန်းတို့ဖြင့် ပူးပေါင်းထားခြင်းဖြစ်သည်ဟုလည်း သိရသည်။ 

ဆက်လက်ပြီး အဆိုပါစီမံကိန်းကနေ   အလုပ်အကိုင်အခွင့်အလမ်းများ ပေးစွမ်းနိုင်မည်သာမကဘဲ နိုင်ငံတော်အတွက် တိုက်ရိုက် အခွန်ငွေ အနည်းဆုံး အမေရိကန်ဒေါ်လာ သန်း ၆၀ ရရှိနိုင်ပြီး အခြားသွယ်ဝိုက် အခွန်ငွေများစွာပါ ရရှိနိုင်သည်ဟုလည်း ခန့်မှန်းထားသည်။

ကိုဗစ်ကာလဖြစ်သည့်အလျောက် အကောင်အထည်ဖော်နိုင်မည့် အပိုင်းများကိုတော့ စတင်လုပ်ဆောင်နေပြီဖြစ်ပြီး ရေရှည်တည်တံ့မှုရှိစေရန်အတွက် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိစေရန် ရည်ရွယ်ကာ သင့်လျော်မည့် မြို့ပြဒီဇိုင်းများကို ထည့်သွင်းရေးဆွဲထားကြောင်း သိရှိရသည်။

ShweProperty

Residential Read 1554 times