ဒေါ်လာ ၄၅ သန်းကျော်ဖြင့် ဧရာဝတီနှင့် မကွေး ကျေးလက်လမ်းများ အဆင့် မြင့်တင်နိုင်ရန် ADB ချေးမည်


17 December, 2020

မြန်မာနိုင်ငံရှိ ဧရာဝတီနှင့် မကွေးတိုင်းဒေသကြီးများရှိ ကျေးလက်လမ်း အရှည် စုစုပေါင်း ၁၅၂ ကီလိုမီတာအား ကျောက်ချောလမ်းများအဖြစ် အဆင့် မြင့်တင်နိုင်ရန် အမေရိကန်ဒေါ်လာ ၄၅ ဒဿမ ၄ သန်းကို ချေးငွေအဖြစ် ပေးအပ်သွားမှာဖြစ်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုစီမံကိန်းသည် ရှိပြီးသားလမ်းများ၏ မျက်နှာပြင်ကို ထပ်ပိုး၍ မြင့်တက်လာအောင် ဖောက်လုပ်ပေးခြင်းနှင့် လမ်း၏မျက်နှာပြင်ကိုမူ ဘိလပ်မြေကွန်ကရစ်ကဲ့သို့ ခံနိုင်ရည်ရှိသော ကုန်ကြမ်းများ သုံးစွဲလျက် အချောခင်းသွားရန်ဖြစ်သည်။

ထို့အပြင် ဒေါ်လာ ၅ ဒဿမ ၈ သန်းကိုလည်း ထောက်ပံ့ကြေးအဖြစ် ADB က ကူညီမည်ဟု ဆိုသည်။ စီမံကိန်းကို ၂၀၂၅ ခုနှစ်ကုန်ပိုင်းတွင် ပြီးစီးရန် ရည်မှန်းထားပြီး စီမံကိန်း၏ စုစုပေါင်းကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၅၂ ဒဿမ ၄၁ သန်းဖြစ်ပြီး မြန်မာနိုင်ငံတော်အစိုးရက အမေရိကန်ဒေါ်လာ ၁ ဒဿမ ၂၁ သန်းကို ထည့်ဝင်အသုံးပြုသွားမည်ဖြစ်သည်။

“ဒီစီမံကိန်းဟာ ဧရာဝတီနဲ့ မကွေးတိုင်းအတွင်း မြို့နယ်လေးမြို့နယ်က ကျေးလက်နေပြည်သူတွေကို အားကိုးအားထား ပြုနိုင်ပြီး ရာသီဥတုဒဏ်ကြံ့ကြံ့ခံနိုင်တဲ့ လမ်းတွေကို ပေးအပ်သွားမှာပဲဖြစ်ပါတယ်။ ဒီနည်းအားဖြင့် ကျေးလက်နေပြည်သူတွေအနေနဲ့ ပိုကောင်းတဲ့ဈေးကွက်၊ ပိုသာတဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို လက်လှမ်းမီလာနိုင်စေမှာ ဖြစ်ပါတယ်” ဟု ADB ၏ အရှေ့တောင်အာရှဒေသ လမ်းပန်းဆိုင်ရာပို့ဆောင်ရေး ကျွမ်းကျင်သူ မစ္စတာ Shihiru Date က ပြောကြားခဲ့သည်။

ကျေးလက်ဒေသများ လမ်းလှမ်းမီမှုဆိုင်ရာ အညွှန်းကိန်း (Rural Access Index) ပါ အချက်အလက်များအရ မြန်မာနိုင်ငံ၏ ကျေးလက်လူဦးရေစုစုပေါင်းအနက် ၄၀ ရာခိုင်နှုန်းကသာ ရာသီမရွေးသုံးစွဲနိုင်သည့် လမ်းများကို အသုံးပြုနိုင်သော အခြေအနေတွင်ရှိသည်။

မြန်မာနိုင်ငံတွင် ပြည်သူ လေးသန်းကျော်အတွက် လမ်းများဆက်သွယ်ဖောက်လုပ်ပေးရန် လိုအပ်နေသေးကာ ပြည်သူ ၁၀ သန်းကျော်မှာမူ လမ်း အဆက်အသွယ်များ ရရှိနေသော်လည်း မိုးတွင်းကာလများတွင်း အသုံးပြုဖြတ်သန်းသွားလာနိုင်ခြင်း မရှိကြောင်း ADB က ပြောသည်။

“ကျေးလက်လမ်းတွေကို ဆိုးဆိုးရွားရွားပျက်စီးစေနိုင်တဲ့ ဆိုးကျိုးတွေ ပေးမယ့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းရာမှာလည်း ဒီစီမံကိန်းက မြန်မာနိုင်ငံကို အကူအညီ ပြုနိုင်စေမှာဖြစ်ပါတယ်” ဟု မစ္စတာ Shihiru Date က ပြောကြားခဲ့သည်။

မြန်မာ့ ကျေးလက်လမ်းကွန်ရက် ၉၅,၀၀၀ ကီလိုမီတာရှိသည့် အနက် ၆ ရာခိုင်နှုန်းကိုသာ ထပ်ပိုး အချောလမ်းခင်းထားပေးနိုင်ပြီး ၂၈ ရာခိုင်နှုန်းမှာ ကျောက်စရစ်လမ်း (သို့မဟုတ်) ကျောက်လမ်း အဆင့်တွင်သာရှိသည်ဟုဆိုသည်။

 

Region Read 35 times